Leviticus 3
3:1 သူသည် နွားကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသော အထီးကိုဖြစ်စေ၊ အမကိုဖြစ်စေ ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။
3:2 သူသည် မိမိပူဇော်သောနွား၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
3:3 သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိတ်သဟာယယဇ်ကောင်မှ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊
3:4 ခါးအောက်ပိုင်းရှိကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိ အဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့် အသည်းပေါ်မှအဆီပျဉ်ကို ယူဆောင်လာ၍
3:5 ၎င်းကို အာရုန်၏သားတို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌တင်ထားသော မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
3:6 သူသည် ထာဝရဘုရားအား သိုးဆိတ်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီး၊ သို့မဟုတ် အမကို ပူဇော်ရမည်။
3:7 သိုးသငယ်ကို ပူဇော်လိုလျှင် ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။
3:8 သူသည် မိမိပူဇော်သောသိုးသငယ်၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထိုသိုးသငယ်ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ သတ်ရမည်။ အာရုန်၏သားတို့သည် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
3:9 သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိတ်သဟာယယဇ်ကောင်၏ကျောရိုးနှင့်ဆက်နေသော အမြီးပိုင်းတစ်ခုလုံးမှ ခွာယူသည့်အဆီ၊ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊
3:10 ခါးအောက်ပိုင်းရှိကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိ အဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့်အသည်းပေါ်မှအဆီပျဉ် တို့ကို ယူဆောင်လာ၍
3:11 ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
3:12 သူသည် ဆိတ်ကိုပူဇော်လိုလျှင် ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။
3:13 သူသည် ဆိတ်၏ခေါင်းပေါ်၌ မိမိလက်ကိုတင်၍ တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ သတ်ရမည်။ အာရုန်၏သားတို့သည် သွေးကိုယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
3:14 သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိမိပူဇော်သောယဇ်ကောင်၏အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့် အဆီအားလုံး၊
3:15 ခါးအောက်ပိုင်းရှိကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီ၊ ကျောက်ကပ်တို့နှင့်အတူ အသည်းပေါ်မှခွာယူသည့်အဆီပျဉ်ကို ယူဆောင်လာ၍
3:16 ယဇ်ပုရောဟိတ်သည် မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ အဆီရှိသမျှကို ထာဝရဘုရားပိုင်တော်မူ၏။
3:17 သင်တို့သည် မည်သည့်အဆီ၊ မည်သည့်သွေးကိုမျှ မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။