Leviticus 6
6:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
6:2 “တစ်စုံတစ်ယောက်သည် အပ်နှံပစ္စည်း၊ အာမခံပစ္စည်း၊ လုယက်ယူသောပစ္စည်းတို့နှင့်ပတ်သက်၍ မိမိ၏အိမ်နီးချင်းကိုလှည့်စားခြင်းဖြင့်လည်းကောင်း၊ မိမိအိမ်နီးချင်းကို အနိုင်အထက်ပြုခြင်းဖြင့်လည်းကောင်း အပြစ်ပြု၍ ထာဝရဘုရားရှေ့တော်၌ မှားယွင်းမှုကိုပြုလျှင်၊
6:3 ပျောက်သောပစ္စည်းကို တွေ့ထားသော်လည်း ၎င်းနှင့်ပတ်သက်၍ လိမ်ညာခြင်းဖြင့်လည်းကောင်း၊ လူပြုသောအမှုတစ်စုံတစ်ခုနှင့်ပတ်သက်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းဖြင့်လည်းကောင်း ထိုသို့သောအမှုတို့ဖြင့်အပြစ်ပြုလျှင်
6:4 သူသည် အပြစ်ပြု၍ အပြစ်သက်ရောက်သောကြောင့် လုယူထားသောပစ္စည်းကိုဖြစ်စေ၊ အနိုင်အထက်ပြုခြင်းဖြင့်ရယူထားသောပစ္စည်းကိုဖြစ်စေ၊ ယုံကြည်၍အပ်နှံထားသောပစ္စည်းကိုဖြစ်စေ၊ တွေ့ထားသည့်ပစ္စည်းကိုဖြစ်စေ ပြန်ပေးရမည်။
6:5 မဟုတ်မမှန်ကျိန်ဆိုထားသောအရာအားလုံးနှင့်ပတ်သက်၍ တန်ရာတန်ကြေးအလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်သောနေ့၌ပင် သက်ဆိုင်သူကို အလျော်ပေးရမည်။
6:6 သူသည် မိမိ၏အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားရှေ့တော် ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။
6:7 ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူ့အပေါ် အပြစ်သက်ရောက်စေသော သူကျူးလွန်ခဲ့သည့်အပြစ်အတွက် အပြစ်လွှတ်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
6:8 တစ်ဖန် ထာဝရဘုရားက မောရှေအား
6:9 “အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ မီးရှို့ရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ မီးရှို့ရာယဇ်ကောင်ကို ယဇ်ပလ္လင်ပေါ်ရှိ မီးတောက်ပေါ်တွင် နံနက်တိုင်အောင် တစ်ညလုံးရှိစေ၍ ယဇ်ပလ္လင်၏မီးသည် တောက်လောင်လျက်နေရမည်။
6:10 ယဇ်ပုရောဟိတ်သည် ကိုယ်ပေါ်၌ ပိတ်ချောအင်္ကျီနှင့် ပိတ်ချောဘောင်းဘီကိုဝတ်၍ ယဇ်ပလ္လင်ပေါ်ရှိ မီးလောင်ကျွမ်းထားသည့်မီးရှို့ရာယဇ်၏ပြာပုံကို ထုတ်ယူပြီး ယဇ်ပလ္လင်၏ဘေး၌ ပုံထားရမည်။
6:11 ထို့နောက် သူသည် မိမိဝတ်ထားသောအဝတ်ကိုချွတ်၍ အခြားအဝတ်ကိုဝတ်ပြီးလျှင် ပြာပုံကို တပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ ယူဆောင်သွားရမည်။
6:12 ယဇ်ပလ္လင်ပေါ်မှမီးကို မငြိမ်းစေဘဲ တောက်လောင်လျက်နေစေရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ယဇ်ပလ္လင်ပေါ်၌ ထင်းမီးထိုး၍ မီးရှို့ရာယဇ်ကိုခင်းကျင်းပြီး ၎င်းပေါ်တွင် မိတ်သဟာယယဇ်နှင့်ဆိုင်သောအဆီကို ရှို့ရမည်။
6:13 ယဇ်ပလ္လင်ပေါ်မှမီးကို မငြိမ်းစေဘဲ အစဉ်မပြတ် တောက်လောင်လျက်နေစေရမည်။
6:14 ဘောဇဉ်ပူဇော်သက္ကာနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အာရုန်၏သားတို့သည် ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားရှေ့တော်၊ ယဇ်ပလ္လင်ရှေ့၌ ပူဇော်ရမည်။
6:15 ပူဇော်သက္ကာအမှတ်သညာအဖြစ် ဘောဇဉ်ပူဇော်သက္ကာပေါ်ရှိ လော်ဗန်ရှိသမျှနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာမှ အကောင်းဆုံးဂျုံမှုန့်နှင့်ဆီကို လက်တစ်ဆုပ်စာယူရမည်။ ၎င်းကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
6:16 ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာကို အာရုန်နှင့်သူ၏သားတို့ စားရမည်။ ၎င်းကို တဆေးမဲ့မုန့်ဖုတ်၍ သန့်ရှင်းသောနေရာ၌ စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်၏ဝင်းထဲ၌ပင် စားရမည်။
6:17 တဆေးထည့်၍ မဖုတ်ရ။ ငါ့အဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ ၎င်းကို သူတို့၏ဝေစုအဖြစ် ငါပေး၏။ ၎င်းသည် အပြစ်ဖြေရာယဇ်နှင့် အပြစ်ဒဏ်ဖြေရာယဇ်ကဲ့သို့ပင် အလွန်သန့်ရှင်း၏။
6:18 ၎င်းကို အာရုန်၏သားမြေးတို့တွင် ယောက်ျားတိုင်း စားခွင့်ရှိ၏။ ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်နှင့်ပတ်သက်၍ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ၎င်းတို့ကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်”ဟု မိန့်တော်မူ၏။
6:19 တစ်ဖန် ထာဝရဘုရားက မောရှေအား
6:20 “အာရုန်နှင့်သူ၏သားတို့သည် ဘိသိက်ခံသောနေ့၌ ထာဝရဘုရားအားပူဇော်ရမည့် ပူဇော်သက္ကာမှာ ဤသို့ဖြစ်၏။ အကောင်းဆုံးဂျုံမှုန့် တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ ကို နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာအဖြစ် နံနက်အချိန်၌တစ်ဝက်၊ နေဝင်ချိန်၌တစ်ဝက် ပူဇော်ရမည်။
6:21 ၎င်းကို ဒယ်ပြားတွင် ဆီဖြင့်နယ်ပြီး ယူလာရမည်။ ၎င်းကို တစ်စစီဖဲ့၍ ထိုဘောဇဉ်ပူဇော်သက္ကာအစအနများကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအားပူဇော်ရမည်။
6:22 အာရုန်၏သားမြေးများထဲမှ သူ၏အရိုက်အရာကိုဆက်ခံသော ဘိသိက်ခံယဇ်ပုရောဟိတ်သည် ထိုပူဇော်သက္ကာကိုပူဇော်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ထာဝရဘုရားအားပူဇော်သော ထိုပူဇော်သက္ကာကို အကုန်အစင်လောင်ကျွမ်းအောင် ရှို့ရမည်။
6:23 ယဇ်ပုရောဟိတ်ပူဇော်သမျှသော ဘောဇဉ်ပူဇော်သက္ကာသည် အကုန်အစင်လောင်ကျွမ်းရမည်။ ၎င်းကိုမစားရ”ဟု မိန့်တော်မူ၏။
6:24 တစ်ဖန် ထာဝရဘုရားက မောရှေအား
6:25 “အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ အပြစ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၊ ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ ဤယဇ်သည် အလွန်သန့်ရှင်းသောယဇ်ဖြစ်၏။
6:26 အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။
6:27 ထိုယဇ်၏အသားကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။ ယဇ်ကောင်၏သွေးသည် အဝတ်ကိုစဉ်လျှင် သွေးစဉ်ထားသောအဝတ်ကို သန့်ရှင်းသောနေရာ၌ လျှော်ရမည်။
6:28 ထိုအသားပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ ကြေးနီအိုးဖြင့်ပြုတ်လျှင် အိုးကိုတိုက်ချွတ်၍ ရေဖြင့်ဆေးရမည်။
6:29 ယဇ်ပုရောဟိတ်ဖြစ်သောယောက်ျားတိုင်း ထိုအသားကိုစားခွင့်ရှိ၏။ ဤအပြစ်ဖြေရာယဇ်သည် အထူးသန့်ရှင်းသောယဇ်ဖြစ်၏။
6:30 မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။