Leviticus 8
8:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
8:2 “အာရုန်နှင့်သူ၏သားများ၊ အဝတ်တန်ဆာများ၊ ဘိသိက်ဆီ၊ အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တောင်းကို ယူဆောင်လာပြီး
8:3 လူထုအပေါင်းတို့ကိုလည်း တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေလော့”ဟု မိန့်တော်မူ၏။
8:4 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြု၏။ လူထုတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးလာစေ၏။
8:5 ထိုအခါ မောရှေက လူထုတို့အား “ဤအမှုကို လုပ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူပြီ”ဟု ဆို၏။
8:6 ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်နှင့်သူ၏သားတို့ကိုခေါ်ဆောင်လာ၍ သူတို့ကို ရေဖြင့် ဆေးကြောပေးပြီးလျှင်
8:7 အာရုန်အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ဝတ်လုံဝတ်ပေးပြီး ဧဖုဒ် ဆင်ပေး၏။ ဧဖုဒ် ၏ခါးပတ်ပြားကိုစည်းပေး၍ ခါးပတ်ပြားကို ဧဖုဒ်နှင့် တွဲချည်ပေး၏။
8:8 ရင်ခံပြားကိုဝတ်ဆင်ပေး၍ ရင်ခံပြားထဲ၌ ဥရိမ်နှင့်သုမိမ်ကိုထည့်ထားပေး၏။
8:9 ခေါင်းပေါ်၌ ခေါင်းပေါင်းကိုဆောင်းပေး၍ သန့်ရှင်းသောရွှေစင်ပြားသရဖူကို ခေါင်းပေါင်းရှေ့ဘက်ခြမ်း၌ တပ်ပေး၏။
8:10 ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် အထဲရှိအရာအားလုံးကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
8:11 ဘိသိက်ဆီအချို့ကို ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှ၊ အင်တုံနှင့်အင်တုံ၏ခြေတိုင်တို့ကို သန့်ရှင်းစေရန် ဘိသိက်သွန်း၏။
8:12 ဘိသိက်ဆီအချို့ကို အာရုန်၏ခေါင်းပေါ်၌ လောင်း၍ သူ့ကိုသန့်ရှင်းစေရန် ဘိသိက်ပေးလေ၏။
8:13 မောရှေသည် အာရုန်၏သားတို့ကိုလည်း ခေါ်ဆောင်လာ၍ သူတို့အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ခေါင်းပေါင်းကိုလည်း ပေါင်းပေး၏။
8:14 ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်ကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီး၏ခေါင်းပေါ်၌ တင်ကြ၏။
8:15 မောရှေသည် နွားကိုသတ်ပြီးသည့်နောက် သွေးကိုယူပြီး သူ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်း၍ ယဇ်ပလ္လင်ကိုသန့်စင်စေပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းခြင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုနိုင်ရန် ယဇ်ပလ္လင်ကိုသန့်ရှင်းစေ၏။
8:16 အူ၌ရှိသည့်အဆီအားလုံး၊ အသည်းအဆီပျဉ်၊ ကျောက်ကပ်နှစ်ခုနှင့်ကျောက်ကပ်တို့၏အဆီကို ယူ၍ မောရှေသည် ယဇ်ပလ္လင်ပေါ်၌ ရှို့၏။
8:17 ထိုနွားနှင့်အတူ အရေခွံ၊ အသား၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်၏။
8:18 ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မီးရှို့ရာယဇ်ဖြစ်သောသိုးထီးကိုယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
8:19 မောရှေသည် သိုးထီးကိုသတ်ပြီးလျှင် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်း၏။
8:20 မောရှေသည် သိုးထီးကို အပိုင်းပိုင်းခုတ်ဖြတ်၍ ခုတ်ဖြတ်ထားသောအပိုင်းများနှင့်အတူ ဦးခေါင်းနှင့်အဆီတို့ကို ရှို့၏။
8:21 မောရှေသည် အူနှင့်ခြေထောက်ကိုလည်း ရေဖြင့်ဆေးကြော၍ သိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သော မွှေးကြိုင်သောရနံ့ဖြစ်သည့်မီးရှို့ရာယဇ်ဖြစ်၏။
8:22 ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း နောက်သိုးထီးတစ်ကောင်ဖြစ်သည့် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကို ယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
8:23 မောရှေသည် သိုးထီးကိုသတ်ပြီးလျှင် သွေးအချို့ကိုယူ၍ အာရုန်၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။
8:24 မောရှေသည် အာရုန်၏သားတို့ကိုလည်းခေါ်ဆောင်လာ၍ သွေးအချို့ဖြင့် သူတို့၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။ ထို့နောက် မောရှေသည် ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌လည်း သွေးကိုဖျန်း၏။
8:25 အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူ၌ရှိသောအဆီအားလုံးကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့၏အဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း၊
8:26 ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ ဆီရောသောမုန့်ကွင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခု စသည်တို့ကိုယူ၍ အဆီနှင့်ယာဘက်ပေါင်ပေါ်၌ တင်၏။
8:27 ထို့နောက် ထိုအရာအားလုံးကို အာရုန်နှင့် သူ့သားတို့၏လက်ထဲသို့ ထည့်ပေး၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲကြ၏။
8:28 ထို့နောက် မောရှေသည် ထိုအရာတို့ကို သူတို့၏လက်ထဲမှယူ၍ ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သော အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်ဖြစ်၏။
8:29 မောရှေသည် ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲ၏။ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံသည် မောရှေအတွက် ဝေစုဖြစ်၏။
8:30 မောရှေသည် ဘိသိက်ဆီအချို့နှင့် ယဇ်ပလ္လင်ပေါ်ရှိသွေးအချို့ကိုယူ၍ အာရုန်နှင့်သူ၏အဝတ်တန်ဆာ၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာ တို့အပေါ်၌ ဖျန်း၏။ ဤသို့ဖြင့် အာရုန်နှင့်သူ၏အဝတ်တန်ဆာ၊ သူ့သားတို့နှင့်သူ့သားတို့၏အဝတ်တန်ဆာ တို့ကိုသန့်ရှင်းစေ၏။
8:31 ထို့နောက် မောရှေက အာရုန်နှင့်သူ၏သားတို့အား “အသားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပြုတ်ကြလော့။ ‘အာရုန်နှင့်သူ၏သားတို့သည် ထိုအသားကိုစားရမည်’ဟု မိန့်မှာထားတော်မူသည်နှင့်အညီ သင်တို့သည် ထိုအသားကို အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာတောင်းထဲရှိမုန့်နှင့်အတူ ထိုနေရာ၌ စားရမည်။
8:32 ကြွင်းကျန်သောအသားနှင့်မုန့်ကို မီးရှို့ပစ်ရမည်။
8:33 သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာပွဲသည် ခုနစ်ရက်ဖြစ်၍ သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာနေ့ရက်မပြည့်မချင်း ခုနစ်ရက်ပတ်လုံး တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ မထွက်ရ။
8:34 ဤနေ့ရက်၌ပြုသည့်နည်းတူ သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။
8:35 သင်တို့ မသေရမည့်အကြောင်း ခုနစ်ရက်ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌နေ၍ ထာဝရဘုရားညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရမည်ဟု ငါ့အား ထိုသို့မိန့်မှာတော်မူခဲ့၏”ဟု ဆိုလေ၏။
8:36 အာရုန်နှင့်သူ၏သားတို့သည် မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သောအရာရှိသမျှတို့ကို လုပ်ဆောင်ကြလေ၏။