Micah 5
5:1 အို စစ်သမီးပျိုတပ်ဖွဲ့တို့၊ စုဝေးကြလော့။ ငါတို့ ဝိုင်းထားခံရပြီ။ အစ္စရေးအုပ်ချုပ်သူတို့၏ပါးကို ကြိမ်လုံးနှင့်ရိုက်ကြပြီ။
5:2 “အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
5:3 သို့သော် သားဖွားမည့်မိန်းမ သားဖွားပြီးသည့်အချိန်ထိ ကိုယ်တော်သည် သူတို့ကို ပစ်ထားလိမ့်မည်။ ထို့နောက်မှ ကြွင်းကျန်သောညီအစ်ကိုတို့သည် အစ္စရေးအမျိုးသားတို့ထံ ပြန်လာကြလိမ့်မည်။
5:4 သူသည် ထာဝရဘုရား၏အစွမ်း၊ သူ၏ဘုရားသခင် ထာဝရဘုရား၏နာမတန်ခိုး၌ ရပ်တည်၍ မိမိသိုးတို့ကိုထိန်းကျောင်းလိမ့်မည်။ သူသည် ယခုမှစ၍ မြေကြီးဆုံးတိုင်အောင်ကြီးမြတ်မည်ဖြစ်၍ သိုးတို့သည်လည်း လုံခြုံစွာနေရကြလိမ့်မည်။
5:5 သူသည် ငြိမ်းချမ်းခြင်းအကြောင်း ဖြစ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့ ချီလာ၍ ငါတို့၏ခံတပ်များထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့ကို တိုက်ခိုက်မည့် သိုးထိန်းခုနစ်ပါး၊ မင်းညီမင်းသားရှစ်ပါးကို ငါတို့တင်မြှောက်ကြမည်။
5:6 သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။
5:7 ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
5:8 ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် တောတိရစ္ဆာန်တို့အလယ်မှ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်တို့အလယ်မှ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း လူမျိုးခြားတို့အလယ်၊ လူများစွာတို့ကြားတွင် ရှိနေလိမ့်မည်။ ထိုခြင်္သေ့တို့သည် သွားလာ၍ မည်သူမျှမကယ်နိုင်အောင် စားသောက်ကိုက်ဖြတ်တတ်၏။
5:9 သင်သည် သင့်ရန်သူတို့အပေါ်လက်ကိုချီ၍ သင့်ရန်သူအပေါင်းတို့ ပျက်စီးသွားရလိမ့်မည်။
5:10 ထာဝရဘုရားက “ထိုနေ့ရက်တွင် သင်၏မြင်းများကို ငါဖယ်ရှားပစ်မည်။ သင်၏စစ်ရထားတို့ကို ဖျက်ဆီးပစ်မည်။
5:11 သင့်ပြည်ရှိ မြို့များကို ငါဖျက်ဆီးပစ်မည်။ သင့်ခံတပ်ရှိသမျှတို့ကိုလည်း ဖြိုချပစ်မည်။
5:12 သင်တတ်မြောက်သောမှော်အတတ်များကို သင့်ထံမှ ငါဖယ်ရှားပစ်မည်။ ဗေဒင်ဟောသောသူများလည်း သင်၌ ရှိတော့မည်မဟုတ်။
5:13 သင်၏ရုပ်တုဆင်းတုများ၊ အထိမ်းအမှတ်ကျောက်တိုင်များကိုလည်း သင့်ထံမှ ငါဖယ်ရှားပစ်မည်။ သင့်လက်ဖြင့် ထုလုပ်သောဘုရားများကို သင်ရှိခိုးကိုးကွယ်ရတော့မည်မဟုတ်။
5:14 သင်၏အာရှရနတ်ဘုရားမတံခွန်တိုင်များကို ငါနုတ်ပစ်မည်။ သင်၏မြို့ရွာများကိုလည်း ဖျက်ဆီးပစ်မည်။
5:15 ငါ့ကို မနာခံသောလူမျိုးခြားတို့ကို အမျက်ဒေါသဖြင့် ငါလက်စားချေမည်”ဟု မိန့်တော်မူ၏။