Zephaniah 1
1:1 အာမုန်၏သား၊ ယုဒဘုရင်ယောရှိမင်းကြီးလက်ထက်၌ ဟေဇကိ၏တီ၊ အာမရိ၏မြစ်၊ ဂေဒလိ၏မြေး၊ ကုရှိ၏သားဇေဖနိထံသို့ ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့တည်း။
1:2 “ငါသည် မြေပြင်ပေါ် ရှိသမျှတို့ကို အကုန်အစင်ဖျက်ဆီးပစ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
1:3 “လူအပါအဝင် တိရစ္ဆာန်တို့ကို ဖျက်ဆီးပစ်မည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့အပါအဝင် တိုက်မိ၍လဲစေမည့်အရာများကို ဆိုးယုတ်သောသူတို့နှင့်အတူ ဖျက်ဆီးပစ်မည်။ ကမ္ဘာမြေပေါ်ရှိလူတို့ကို အမျိုးပြုတ်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
1:4 “ငါ့လက်ကိုဆန့်ပြီး ယုဒပြည်သူ ဂျေရုဆလင်မြို့သားအားလုံးကို တိုက်ခိုက်မည်။ ထိုအရပ်၌ ကြွင်းကျန်သောဗာလဘုရားနှင့် ရုပ်တုကိုးကွယ်သောယဇ်ပုရောဟိတ်များဖြစ်သော လူမျိုးခြားတို့၏ယဇ်ပုရောဟိတ်များကို အမည်နာမနှင့်တကွ ငါဖျက်ဆီးပစ်မည်။
1:5 ခေါင်မိုးပြင်တွင် ကောင်းကင်တန်ဆာများကို ရှိခိုးကိုးကွယ်သောသူများ၊ ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုလျက်နှင့် မိလကုံဘုရားကိုလည်း တိုင်တည်ကျိန်ဆိုပြီး ရှိခိုးကိုးကွယ်သောသူများ၊
1:6 ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လှည့်ပြန်သောသူများ၊ ထာဝရဘုရားကို မရှာဖွေ မစူးစမ်းသောသူများကို ငါဖျက်ဆီးပစ်မည်။”
1:7 ဘုရားရှင်ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေလော့။ အကြောင်းမူကား ထာဝရဘုရား၏နေ့ရက်တော်သည် ရောက်လုနီးပြီ။ ထာဝရဘုရားသည် ယဇ်ကောင်ကိုပြင်ဆင်ထားပြီ။ ဖိတ်ခေါ်ထားသောသူတို့ကိုလည်း သန့်ရှင်းစေတော်မူပြီ။
1:8 “ထာဝရဘုရား၏ယဇ်ပူဇော်ရာနေ့၌ မှူးမတ်များ၊ ဘုရင့်သားတော်များနှင့် တစ်ပါးအမျိုးသားဝတ်စုံဝတ်ဆင်သောသူများကို ငါဒဏ်ခတ်မည်။
1:9 ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။
1:10 ထိုနေ့ရက်၌ ငါးတံခါးဝမှ ငိုကြွေးသံ၊ မြို့၏နေရာသစ်မှ မြည်တမ်းသံ၊ တောင်ကုန်းများပေါ်မှကျယ်လောင်သော အက်ကွဲသံတို့ကို ကြားရလိမ့်မည်။
1:11 ကုန်သည် အပေါင်းတို့ကို သုတ်သင်၍ ငွေချိန်သူအပေါင်းတို့ကို ဖယ်ရှားပစ်မည်ဖြစ်သောကြောင့် အို မတ္တေရှအရပ်သားတို့၊ ညည်းတွားကြလော့။
1:12 ထိုကာလ၌ ငါသည် ဂျေရုဆလင်မြို့ကို မီးအိမ်ထွန်း၍ ရှာဖွေမည်။ ‘ထာဝရဘုရားသည် အကောင်းကိုလည်း မပြု၊ အဆိုးကိုလည်း မပြု’ဟု စိတ်ထင်လျက် မိမိဘာသာအားရကျေနပ်နေသောသူတို့ကို ဒဏ်ခတ်မည်။
1:13 သူတို့၏ဥစ္စာပစ္စည်းသည် လုယက်ပစ္စည်းဖြစ်လိမ့်မည်။ သူတို့၏အိမ်များသည်လည်း လူသူကင်းမဲ့လိမ့်မည်။ အိမ်ကိုဆောက်သော်လည်း နေရမည်မဟုတ်၊ စပျစ်ခြံစိုက်သော်လည်း စပျစ်ဝိုင်ကို သောက်ရမည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
1:14 ထာဝရဘုရား၏နေ့ရက်တော်ကြီး ရောက်လုနီးပြီ၊ ရောက်လုနီးပြီ။ အလျင်အမြန်ရောက်လာတော့မည်။ ထာဝရဘုရား၏နေ့ရက်တော်တွင် အော်ဟစ်သံသည် ခါးသီး၏။ စစ်သူရဲတို့ပင် ကျယ်လောင်စွာအော်ဟစ်ကြလိမ့်မည်။
1:15 ထိုနေ့ရက်သည် အမျက်တော်ကျရောက်သောနေ့၊ ဆင်းရဲဒုက္ခကြောင့် ပူပင်သောကရောက်ရသောနေ့၊ ပျက်စီးဆိတ်သုဉ်းသောနေ့၊ အလင်းမဲ့၍အမှောင်ကျသောနေ့၊ တိမ်များဖြင့် အမှောင်ထုဖုံးအုပ်သောနေ့၊
1:16 မြင့်သောမျှော်စင်ကြီးများ၊ ခိုင်ခံ့သောမြို့များကို ဆန့်ကျင်၍ တံပိုးမှုတ်ကြွေးကြော်သောနေ့ ဖြစ်လိမ့်မည်။
1:17 “ငါသည် လူတို့အပေါ်ဘေးဒုက္ခကျရောက်စေမည်။ သူတို့သည် မျက်မမြင်ကဲ့သို့သွားလာရလိမ့်မည်။ သူတို့သည် ထာဝရဘုရားကိုပြစ်မှားသောကြောင့် သူတို့သွေးသည် မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူတို့၏အသားသည် မစင်ကဲ့သို့လည်းကောင်း သွန်ပစ်ခံရမည်။”
1:18 ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။