Haggai 2
2:1 သတ္တမလ၊ နှစ်ဆယ့်တစ်ရက်နေ့တွင် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရောက်လာ၍
2:2 “ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကျန်ပြည်သူပြည်သားတို့အား ယခု မိန့်ဆိုလော့။
2:3 ‘ရှေးယခင်ကဘုန်းအသရေနှင့်ရှိနေခဲ့သောဤအိမ်တော်ကို မြင်ခဲ့ဖူးသူ သင်တို့တွင် ရှိသေးသလော။ ယခု သင်တို့မည်သို့မြင်သနည်း။ ယခင်အိမ်တော်နှင့် လားလားမျှမတူဟု သင်တို့မြင်မိသလော။
2:4 သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
2:5 ‘အီဂျစ်ပြည်မှ သင်တို့ထွက်လာစဉ်က သင်တို့နှင့်အတူ ပဋိညာဉ်ဖွဲ့ခဲ့သည့်အတိုင်း ငါ့ဝိညာဉ်သည် သင်တို့နှင့်အတူ ရှိ၏။ ထို့ကြောင့် ကြောက်ရွံ့ခြင်း မရှိကြနှင့်။
2:6 မကြာမီအချိန်တွင် ငါသည် ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်နှင့် ကုန်းမြေတို့ကို လှုပ်ခါဦးမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
2:7 ‘ငါသည် လူမျိုးအပေါင်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေမည်။ လူမျိုးအပေါင်းတို့သည် သူတို့၏အဖိုးတန်ရတနာတို့ကို ယူဆောင်လာကြလိမ့်မည်။ ဤအိမ်တော်ကိုလည်း ဘုန်းအသရေတော်နှင့် ငါပြည့်စေမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
2:8 ‘ငွေကို ငါပိုင်၏၊ ရွှေကိုလည်း ငါပိုင်၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
2:9 ‘ဤအိမ်တော်၏ဘုန်းအသရေသည် ယခင်အိမ်တော်ထက် သာ၍ကြီးမြတ်လိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ ‘ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။
2:10 တစ်ဖန် ဒါရိမင်းကြီး နန်းစံ ဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲထံသို့ ရောက်လာ၍
2:11 “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ယဇ်ပုရောဟိတ်တို့ကို ပညတ်တရားအကြောင်း မေးမြန်းလော့’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
2:12 “တစ်စုံတစ်ဦးက သန့်ရှင်းသောပူဇော်သက္ကာအသားကို အဝတ်နှင့် ထုတ်ယူလာ၍ ထိုထုတ်ယူလာသောအဝတ်သည် မုန့်၊ စွပ်ပြုတ်၊ စပျစ်ဝိုင်၊ ဆီ အစရှိသောစားစရာတစ်ခုခုနှင့် ထိမိလျှင် ထိုစားစရာသည် သန့်ရှင်းသွားပါမည်လော”ဟုမေးလျှင် ယဇ်ပုရောဟိတ်တို့က “မသန့်ရှင်းပါ”ဟု ဖြေကြ၏။
2:13 ဟဂ္ဂဲကလည်း “ညစ်ညူးသောအသေကောင်ကိုထိမိပြီးမှ ထိုစားစရာကို ထိမိလျှင်လည်း ညစ်ညူးသလော”ဟု မေးလျှင် ယဇ်ပုရောဟိတ်တို့က “ညစ်ညူးသည်”ဟု ပြန်ဖြေကြ၏။
2:14 ထိုအခါ ဟဂ္ဂဲက သူတို့အား “ထာဝရဘုရားက ‘ဤလူမျိုး၊ ဤပြည်သားတို့သည်လည်း ငါ့ရှေ့မှောက်တွင် ဤနည်းအတိုင်းပင် ဖြစ်၏။ သူတို့လက်နှင့်လုပ်ဆောင်သမျှတို့သည်လည်း ဤနည်းအတိုင်းပင် ဖြစ်၏။ သူတို့ပူဇော်သောအရာသည်လည်း ညစ်ညူး၏’ဟု မိန့်တော်မူ၏။
2:15 ‘ယခုမှစ၍ ထာဝရဘုရား၏ဗိမာန်တော်တွင် ကျောက်တုံးတစ်တုံးပေါ်တစ်တုံးဆင့်သောနေ့ မရောက်မီအထိ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။
2:16 ထိုကာလတွင် စပါးပုံကို ခြင်သောအခါ တင်းနှစ်ဆယ်ရမည်ဟုထင်သော်လည်း ဆယ်တင်းသာ ရပြီး စပျစ်ဝိုင်စည်တွင် စပျစ်ဝိုင်လာခပ်သောအခါ အချိန်ငါးဆယ်ရမည်ဟုထင်သော်လည်း အချိန်နှစ်ဆယ်သာ ရသည်မဟုတ်လော။
2:17 သင်တို့စိုက်ပျိုးလုပ်ဆောင်သမျှကို လောင်မီးပိုးကျခြင်း၊ မှိုရောဂါစွဲခြင်း၊ မိုးသီးကျခြင်းတို့ဖြင့် ငါဒဏ်ခတ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ။
2:18 ယနေ့မှစ၍ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။ ထာဝရဘုရား၏ဗိမာန်တော်ကို အုတ်မြစ်ချသောနေ့၊ နဝမလ နှစ်ဆယ့်လေးရက်နေ့မှစ၍ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။
2:19 စပါးကျီထဲ၌ မျိုးစေ့ရှိသေးသလော။ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်နှင့် သံလွင်ပင်တို့ အသီးမသီးလျှင်လည်း ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ပြန်ပြော၏။
2:20 ထိုလ၊ နှစ်ဆယ့်လေးရက်နေ့တွင်ပင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲထံ ဒုတိယအကြိမ်ရောက်လာ၍
2:21 “ယုဒဘုရင်ခံဇေရုဗဗေလအား ‘ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါဦးမည်။
2:22 တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
2:23 ‘ရှာလသေလသား ငါ့အစေအပါး ဇေရုဗဗေလ၊ ထိုနေ့ရက်တွင် သင့်ကို ငါခေါ်ထုတ်မည်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘သင့်ကို ငါရွေးချယ်ပြီဖြစ်၍ တံဆိပ်လက်စွပ်ကဲ့သို့ ဖြစ်စေမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။