Zechariah 11
11:1 အို လက်ဘနွန်တောင်၊ သင့်တံခါးတို့ကို ဖွင့်လော့။ သင်၏သစ်ကတိုးပင်များ မီးလောင်ကျွမ်းပါစေ။
11:2 အို ထင်းရှူးပင်၊ ညည်းတွားလော့။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ၍ ကျက်သရေဆောင်သစ်ပင်တို့ ပျက်စီးကုန်ပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့၊ ညည်းတွားကြလော့။ အကြောင်းမူကား ထူထပ်သောသစ်တောကြီး ပြုန်းတီးသွားလေပြီ။
11:3 အသရေဖျက်ဆီးခံရသောကြောင့် သိုးထိန်းတို့၏မြည်တမ်းသံကို ကြားရလေပြီ။ ဂျော်ဒန်တောအုပ်ကြီးဖျက်ဆီးခံရသောကြောင့် ခြင်္သေ့ပျိုတို့၏ဟိန်းသံကို ကြားရလေပြီ။
11:4 ငါ၏ဘုရားသခင်ထာဝရဘုရားက “အသတ်ခံရတော့မည့်သိုးတို့ကို ထိန်းကျောင်းလော့။
11:5 ထိုသိုးတို့ကို ဝယ်ယူထားသောသူတို့သည် ထိုသိုးတို့ကို သတ်ဖြတ်သော်လည်း အပြစ်ဒဏ်မခံရ။ ရောင်းသူတို့ကလည်း ‘ငါချမ်းသာပြီဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းပါ၏’ဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း ထိုသိုးတို့ကို မသနားကြ”ဟု မိန့်တော်မူ၏။
11:6 တစ်ဖန် ထာဝရဘုရားက “ဤပြည်ရှိ ပြည်သူပြည်သားတို့ကို ငါသနားတော့မည်မဟုတ်။ ကြည့်ရှုလော့။ လူအသီးသီးတို့ကို သူတို့၏အိမ်နီးချင်းလက်သို့လည်းကောင်း၊ သူတို့၏ရှင်ဘုရင်လက်သို့လည်းကောင်း ငါအပ်မည်။ ထိုသူတို့သည် ဤပြည်ကိုချေမှုန်းတိုက်ဖျက်ကြမည်ဖြစ်သော်လည်း ထိုသူတို့လက်မှ ငါကယ်တင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
11:7 ထို့ကြောင့် အသတ်ခံရတော့မည့်သိုးအုပ်၊ အဖိနှိပ်ခံရသောသိုးအုပ်တို့ကို ငါထိန်းကျောင်း၏။ ငါသည် ကျေးဇူးတော်တောင်ဝှေးနှင့် စည်းလုံးခြင်းတောင်ဝှေးဟုခေါ်သော တောင်ဝှေးနှစ်ချောင်းကိုယူ၍ သိုးအုပ်ကို ထိန်းကျောင်း၏။
11:8 တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။
11:9 ထို့နောက် ငါက “သင်တို့ကို ငါထိန်းကျောင်းတော့မည်မဟုတ်။ သေမည့်အကောင်လည်း သေပါစေ။ အသတ်ခံရမည့်အကောင်လည်း အသတ်ခံရပါစေ။ ကျန်သောအကောင်တို့သည်လည်း အချင်းချင်း၏အသားကို ကိုက်စားကြပါစေ”ဟု ဆိုပြီးလျှင်
11:10 လူမျိုးတကာနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ပယ်ဖျက်ရန် ငါသည် ကျေးဇူးတော်တောင်ဝှေးကို ယူ၍ ချိုးပစ်၏။
11:11 ထိုနေ့တွင်ပင် ပဋိညာဉ်သည် ကျိုးပျက်သွား၏။ ဤအရာသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်း အဖိနှိပ်ခံရ၍ ငါ့ကိုစောင့်စားနေသောသိုးအုပ်များ သိကြ၏။
11:12 ထို့နောက် ငါက သူတို့အား “ငါ့အား လုပ်အားခပေးသင့်သည်ဟုထင်လျှင် ပေးလော့။ မပေးလိုလျှင်လည်း မပေးနှင့်”ဟု ဆိုလျှင် သူတို့သည် လုပ်အားခအဖြစ် ငွေစသုံးဆယ်ကို ချိန်တွယ်ပေးကြ၏။
11:13 ထိုအခါ ထာဝရဘုရားက “ငါ့ကို အဖိုးဖြတ်သောငွေ များလှသည်တကား။ ထိုငွေကို အိုးထိန်းသည်ထံ ပစ်လိုက်ပါ”ဟု မိန့်တော်မူသည့်အတိုင်း ငွေစသုံးဆယ်ကိုယူ၍ ထာဝရဘုရား၏အိမ်တော်ရှိ အိုးထိန်းသည်ထံ ငါပစ်ချပေးလေ၏။
11:14 ထို့နောက် ယုဒလူမျိုးနှင့် အစ္စရေးလူမျိုးကြား ညီအစ်ကိုတော်စပ်မှုကို ပယ်ဖျက်ရန် ဒုတိယတောင်ဝှေးဖြစ်သော “စည်းလုံးခြင်းတောင်ဝှေး”ကို ငါချိုးပစ်၏။
11:15 ထာဝရဘုရားက ငါ့အား “မိုက်မဲသောသိုးထိန်း၏အသုံးအဆောင်ကို နောက်တစ်ဖန် ယူလော့။
11:16 အကြောင်းမူကား ငါသည် ထိုပြည်တွင် သိုးထိန်းတစ်ဦးကို ပေါ်ထွန်းစေမည်။ သူသည် ပျောက်သောသိုးတို့ကို ဂရုမစိုက်၊ သိုးသငယ်တို့ကို မရှာဖွေ၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ဆေးမကု၊ ဆာလောင်သောသိုးတို့ကိုလည်း မကျွေးမွေးဘဲ ဆူဖြိုးသောသိုးတို့ကိုမူ ခွာကိုချွတ်ပစ်ပြီး အသားကို စားလိမ့်မည်။
11:17 သိုးတို့ကိုပစ်ထားသည့် အသုံးမကျသောသိုးထိန်းသည် အမင်္ဂလာရှိ၏။ သူ၏လက်မောင်းနှင့် သူ၏ယာဘက်မျက်လုံးသည် ဓားထိုးခံရ၍ သူ့လက်မောင်းသည် အကြောသေပြီး ယာဘက်မျက်လုံးသည် ကွယ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။