Zechariah 5
5:1 တစ်ဖန် ငါသည်မျှော်ကြည့်လျှင် ပျံဝဲနေသောစာလိပ်ကို မြင်၏။
5:2 ထိုအခါ ကောင်းကင်တမန်က ငါ့အား “သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးလျှင် ငါက “အလျားအတောင်နှစ်ဆယ် ၊ အနံဆယ်တောင် ရှိသောစာလိပ်တစ်လိပ် ပျံဝဲနေသည်ကို မြင်ရပါ၏”ဟု ပြန်လျှောက်လေ၏။
5:3 ထိုအခါ သူက “ဤစာလိပ်သည် မြေတစ်ပြင်လုံးသို့လွင့်ပျံနေသည့်ကျိန်စာ ဖြစ်၏။ သူခိုးရှိသမျှသည် ထိုစာလိပ်ပါအတိုင်း အပြစ်ဒဏ်ခံရကြလိမ့်မည်။ မဟုတ်မမှန်ကျိန်ဆိုသူရှိသမျှတို့သည်လည်း ထိုစာလိပ်ပါအတိုင်း အပြစ်ဒဏ်ခံရကြလိမ့်မည်”ဟု ဆို၏။
5:4 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဤစာလိပ်ကို ငါစေလွှတ်သဖြင့် သူခိုး၏အိမ်ထဲ၌လည်းကောင်း၊ ငါ့နာမဖြင့် မဟုတ်မမှန်ကျိန်ဆိုသူ၏အိမ်ထဲ၌လည်းကောင်း ဝင်နေ၍ သစ်သား၊ ကျောက်တုံးတို့ပါမကျန် ထိုအိမ်ကို ဖျက်ဆီးပစ်လိမ့်မည်”ဟု ငါ့အား ပြောပြ၏။
5:5 တစ်ဖန် ငါနှင့်စကားပြောသောကောင်းကင်တမန်သည် ပေါ်လာပြန်၍ ငါ့အား “မည်သည့်အရာပေါ်လာသည်ကို မျှော်ကြည့်ပါလော့”ဟု ဆိုလျှင်
5:6 ငါကလည်း “ထိုအရာကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်သော် သူက “လွင့်မျောနေသောဧဖာ ဖြစ်၍ တစ်ပြည်လုံးကျူးလွန်သောအပြစ်ကို ပုံဖော်၏”ဟု ဆိုလေ၏။
5:7 ထို့နောက် ခဲနှင့်လုပ်ထားသောအဖုံးကို ဖွင့်လိုက်သောအခါ မိန်းမတစ်ယောက် ဧဖာထဲတွင် ထိုင်နေသည်ကို တွေ့ရ၏။
5:8 သူကလည်း “ဤသည်ကား ဆိုးယုတ်မှုဖြစ်၏”ဟု ဆိုလျက် ဧဖာထဲသို့ တွန်းထည့်ပြီးလျှင် ဧဖာအဝကို ခဲနှင့်လုပ်ထားသောအဖုံးဖြင့် ဖုံးအုပ်လိုက်လေ၏။
5:9 တစ်ဖန် ငါမျှော်ကြည့်လျှင် မိန်းမနှစ်ယောက် ပေါ်လာသည်ကို မြင်ရ၏။ သူတို့သည် လေဟုန်စီးပြီး ပျံဝဲလာ၏။ ထိုတောင်ပံများသည် ငှက်ကျားတောင်ပံနှင့် တူ၏။ သူတို့သည် ဧဖာကို ချီပြီး မြေကြီးနှင့် ကောင်းကင်ကြားသို့ ပျံသန်းသွားကြ၏။
5:10 ထိုအခါ ငါနှင့်စကားပြောနေသောကောင်းကင်တမန်ကို ငါက “သူတို့သည် ဧဖာကို မည်သည့်နေရာသို့ ချီဆောင်သွားမည်နည်း”ဟု မေးလျှောက်လျှင်
5:11 သူက “ရှိနာပြည်သို့ ချီဆောင်သွား၏။ ထိုပြည်တွင် ဧဖာအဖို့ အိမ်ဆောက်မည်။ အဆင်သင့်ပြင်ဆင်ပြီးသောအခါ ဧဖာကို ထိုနေရာတွင်ထားမည်”ဟု ပြန်ဖြေ၏။