Numbers 10
10:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
10:2 “သင့်အတွက် ငွေတံပိုးခရာနှစ်ခုကို ထုလုပ်လော့။ လူထုကိုစုရုံးရာတွင်လည်းကောင်း၊ တပ်စခန်းတို့ ခရီးဆက်ရာတွင်လည်းကောင်း ထိုခရာတို့ကို မှုတ်ရမည်။
10:3 ခရာတို့ကိုမှုတ်သောအခါ လူထုအပေါင်းတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ သင့်ထံ၌ စုဝေးရမည်။
10:4 ခရာတစ်ခုတည်းကိုသာမှုတ်လျှင် အစ္စရေးအမျိုးသားတို့ထဲမှ လူတစ်ထောင်ကိုအုပ်သောခေါင်းဆောင်တို့သည် သင့်ထံ၌ စုဝေးရမည်။
10:5 အချက်ပေးသံအဖြစ်မှုတ်လျှင် အရှေ့ဘက်၌ စခန်းချနေသောတပ်စခန်းတို့ ခရီးပြုရမည်။
10:6 အချက်ပေးသံကိုနောက်တစ်ကြိမ်မှုတ်လျှင် တောင်ဘက်၌ စခန်းချနေသောတပ်စခန်းတို့ ခရီးပြုရမည်။ တပ်စခန်းတို့ ခရီးပြုရန် အချက်ပေးသံအဖြစ် ခရာကိုမှုတ်ရမည်။
10:7 လူအစုအဝေးကို စုရုံးစေလိုလျှင်လည်း မှုတ်ရမည်။ သို့သော် တပ်လှန့်အချက်ပေးသံအဖြစ် မမှုတ်ရ။
10:8 အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးခရာတို့ကို မှုတ်ကြရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
10:9 သင်တို့၏ပြည်၌ သင်တို့ကို ရန်ဖက်ပြုသောရန်သူတို့ကို တိုက်ခိုက်ရန် ချီတက်သွားသောအခါ တံပိုးခရာကိုတပ်လှန့်အချက်ပေးသံအဖြစ် မှုတ်ရမည်။ ထိုအခါ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့တော်မူ၍ ရန်သူ့လက်မှ သင်တို့ကို ကယ်တင်တော်မူမည်။
10:10 သင်တို့ဝမ်းမြောက်ရာနေ့ဖြစ်သည့် သတ်မှတ်ထားသောပွဲတော်များနေ့၊ လဆန်းနေ့တို့၌ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်သောအခါ တံပိုးခရာကိုမှုတ်ရမည်။ သင်တို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် အောက်မေ့ဖွယ်ရာဖြစ်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏”ဟု မိန့်တော်မူ၏။
10:11 ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင် မိုးတိမ်သည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ ကွာသွားသဖြင့်
10:12 အစ္စရေးအမျိုးသားတို့သည် သိနာတောကန္တာရမှ ခရီးထွက်ခွာလာကြ၏။ မိုးတိမ်သည် ပါရန်တောကန္တာရ၌ ရပ်တန့်လေ၏။
10:13 မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့ခရီးပြုကြသည်မှာ ပထမအကြိမ်ဖြစ်၏။
10:14 ယုဒ၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ရှေ့ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိနဒပ်၏သား နာရှုန် ဦးစီး၏။
10:15 ဣသခါ၏သားမြေးတို့အမျိုးအနွယ်တပ်ဖွဲ့ကို ဇုအာ၏သား နာသနေလဦးစီး၏။
10:16 ဇာဗုလုန်၏သားမြေးတို့အမျိုးအနွယ်တပ်ဖွဲ့ကို ဟေလုန်၏သား ဧလျာဘ ဦးစီး၏။
10:17 ထို့နောက် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းကြပြီး ဂေရရှုန်၏သားမြေး၊ မေရာရိ၏သားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို သယ်ဆောင်ကာ ခရီးပြုကြ၏။
10:18 ထို့နောက် ရုဗင်တပ်စခန်းသည် တပ်ဖွဲ့အလိုက် မိမိတို့တပ်စခန်းအလံနှင့်တကွ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို ရှေဒုရ၏သား ဧလိဇုရ ဦးစီး၏။
10:19 ရှိမောင်၏သားမြေးတို့အမျိုးအနွယ်တပ်ဖွဲ့ကို ဇုရိရှဒ္ဒဲ၏သား ရှေလုမျေလ ဦးစီး၏။
10:20 ဂဒ်၏သားမြေးတို့အမျိုးအနွယ်တပ်ဖွဲ့ကို ဒွေလ၏သား ဧလျာသပ် ဦးစီး၏။
10:21 ထို့နောက် ကောဟတ်အမျိုးတို့သည် သန့်ရှင်းရာဌာနနှင့်ဆိုင်သောအရာတို့ကို သယ်ဆောင်၍ခရီးပြုကြ၏။ သူတို့မရောက်မီ ကိန်းဝပ်တော်မူရာတဲတော်ကို တည်နှင့်ပြီဖြစ်၏။
10:22 ထို့နောက် ဧဖရိမ်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိဟုဒ်၏သား ဧလိရှမာ ဦးစီး၏။
10:23 မနာရှေ၏သားမြေးတို့အမျိုးအနွယ်တပ်ဖွဲ့ကို ပေဒါဇုရ၏သား ဂါမလျေလ ဦးစီး၏။
10:24 ဗင်္ယာမိန်၏သားမြေးတို့အမျိုးအနွယ်တပ်ဖွဲ့ကို ဂိဒေါနိ၏သား အဘိဒန် ဦးစီး၏။
10:25 ဒန်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ တပ်စခန်းအားလုံးကိုအကာအကွယ်အဖြစ် နောက်ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိရှဒ္ဒဲ၏သား အဟေဇာ ဦးစီး၏။
10:26 အာရှာသားမြေးတို့၏အမျိုးအနွယ်တပ်ဖွဲ့ကို ဩကရန်၏သား ပါဂျေလ ဦးစီး၏။
10:27 နဿလိသားမြေးတို့၏အမျိုးအနွယ်တပ်ဖွဲ့ကို ဧနန်၏သား အဟိရ ဦးစီး၏။
10:28 ဤအစီအစဉ်အတိုင်း အစ္စရေးအမျိုးသားတို့သည် မိမိတို့တပ်ဖွဲ့အလိုက် ခရီးပြုကြ၏။
10:29 မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
10:30 သို့သော် ဟောဗပ်က “ငါမလိုက်ပါ။ ငါ့ပြည်၊ ငါ့လူမျိုးတို့ရှိရာသို့သာ ငါပြန်သွားမည်”ဟု ဆိုလေ၏။
10:31 မောရှေကလည်း “အကျွန်ုပ်တို့ကိုပစ်မထားပါနှင့်။ အကြောင်းမှာ တောကန္တာရထဲ၌ အကျွန်ုပ်တို့ စခန်းချရမည်ကို သင်သိ၏။ သင်သည် အကျွန်ုပ်တို့အတွက် မျက်စိသဖွယ်ဖြစ်ပါ၏။
10:32 သင်သည် အကျွန်ုပ်တို့နှင့်အတူလိုက်လျှင် ထာဝရဘုရားက အကျွန်ုပ်တို့အား ကျေးဇူးပြုသည့်ကောင်းသောအရာများဖြင့် အကျွန်ုပ်တို့သည် သင့်အား ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
10:33 အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှ သုံးရက်ခရီးပြုကြ၏။ ထိုသုံးရက်ခရီးတွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နားနေရာအရပ်ကိုရှာရန် သူတို့၏ရှေ့မှသွားလေ၏။
10:34 သူတို့သည် တပ်စခန်းမှ ခရီးပြုကြသောအခါ နေ့အချိန်၌ ထာဝရဘုရား၏မိုးတိမ်သည် သူတို့အပေါ်တွင် တည်၏။
10:35 သေတ္တာတော်ခရီးပြုသောအခါ မောရှေက “အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် ကွဲလွင့်ကြပါစေသော။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ကိုယ်တော့်ထံမှ ထွက်ပြေးကြပါစေသော”ဟု လျှောက်ဆို၍
10:36 သေတ္တာတော်ရပ်နားသောအခါ “အို ထာဝရဘုရား၊ အစ္စရေးလူမျိုးအထောင်အသောင်းတို့ထံသို့ ပြန်လာတော်မူပါ” ဟု လျှောက်ဆိုလေ့ရှိ၏။