Numbers 15
15:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
15:2 “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့နေထိုင်ရန် ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်သောအခါ
15:3 ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအတွက်ဖြစ်စေ၊ သတ်မှတ်သောပွဲတော်များအတွက်ဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကို ထာဝရဘုရားထံ ပူဇော်လိုလျှင် နွား၊ သို့မဟုတ် သိုးကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားထံ မီးဖြင့်ပူဇော်နိုင်၏။
15:4 ထာဝရဘုရားအား ပူဇော်သက္ကာကိုပူဇော်လိုသောသူသည် ဆီတစ်ဟိန်၏လေးပုံတစ်ပုံ ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ ကိုလည်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
15:5 သိုးသငယ်တစ်ကောင်အတွက် မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာနှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ်ပူဇော်ရမည်။
15:6 သိုးထီးတစ်ကောင်အတွက် ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံ နှင့်ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ကိုလည်းကောင်း၊
15:7 သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံကိုလည်းကောင်း မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။
15:8 ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ မိတ်သဟာယယဇ်အတွက်ဖြစ်စေ နွားသငယ်ကို မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာအဖြစ် ထာဝရဘုရားအားပူဇော်လျှင်
15:9 ထိုနွားသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏တစ်ဝက် ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ ကို ပူဇော်ရမည်။
15:10 သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
15:11 နွားထီး၊ သိုးထီး၊ သိုးသငယ်၊ ဆိတ်သငယ် တစ်ကောင်ကောင်ကိုပူဇော်လျှင် ထိုသို့ပြုရမည်။
15:12 သင်တို့ပူဇော်မည့်အရေအတွက်နှင့်အညီ တစ်ကောင်စီအတွက် ထိုသို့ပြုရမည်။
15:13 အမျိုးသားချင်းအပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်သောအခါ ထိုသို့ပြုကြရမည်။
15:14 သင်တို့တွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသား၊ သို့မဟုတ် သင်တို့၏မျိုးဆက်ထဲမှ တစ်ယောက်ယောက်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်လိုလျှင် သင်တို့ပြုသည့်အတိုင်း သူပြုရမည်။
15:15 သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။
15:16 သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း၊ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်၏”ဟု မိန့်တော်မူ၏။
15:17 တစ်ဖန် ထာဝရဘုရားက မောရှေအား
15:18 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ကို ငါပို့ဆောင်သောပြည်သို့ သင်တို့သည် ဝင်ရောက်၍
15:19 ထိုပြည်၏အစားအစာကို သင်တို့စားရသောအခါ ထာဝရဘုရားအား အလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။
15:20 သင်တို့၏အဦးဆုံးမုန့်ညက်ဖြင့်ပြုလုပ်သောမုန့်ဝိုင်းကို အလှူပစ္စည်းအဖြစ် ပေးလှူပူဇော်ရမည်။ ၎င်းကို ကောက်နယ်တလင်းမှအလှူပစ္စည်းကဲ့သို့ ပေးလှူပူဇော်ရမည်။
15:21 သင်တို့၏အဦးဆုံးမုန့်ညက်မှအလှူပစ္စည်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် ထာဝရဘုရားအား ပေးလှူရမည်။
15:22 မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာထားသော ဤပညတ်တော်အလုံးစုံကို သင်တို့မစောင့်ထိန်း၊ မရည်ရွယ်ဘဲကျူးလွန်မိခြင်းတည်းဟူသော
15:23 မောရှေမှတစ်ဆင့်ထာဝရဘုရားမိန့်မှာတော်မူသမျှသောပညတ်တော်တို့ကို ထာဝရဘုရားမိန့်မှာတော်မူသောနေ့မှစ၍ နောင်လာမည့်သင်တို့၏မျိုးဆက်အစဉ်အဆက်တို့က
15:24 လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
15:25 အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မိမိတို့ မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ထာဝရဘုရား၏ရှေ့တော်သို့ ယူဆောင်ခဲ့ကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်သည် မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။
15:26 အစ္စရေးအမျိုးသားလူထုအပေါင်းတို့နှင့် သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားတို့သည် မရည်ရွယ်ဘဲကျူးလွန်မိသည်ဖြစ်၍ သူတို့အားလုံး အပြစ်လွှတ်ခြင်းခံရမည်။
15:27 လူတစ်ယောက်သည် မရည်ရွယ်ဘဲအပြစ်ပြုမိလျှင် သူသည် အပြစ်ဖြေရာယဇ်အတွက် တစ်နှစ်သားအရွယ် ဆိတ်မကလေးတစ်ကောင်ကို ပူဇော်ရမည်။
15:28 မရည်ရွယ်ဘဲအပြစ်ပြုမိသော ထိုသူအတွက် ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောအခါ ထိုသူသည် အပြစ်လွှတ်ခြင်းခံရမည်။
15:29 မရည်ရွယ်ဘဲအပြစ်ပြုမိသောသူနှင့်ပတ်သက်၍ အစ္စရေးအမျိုးသားတို့တွင် အမျိုးသားချင်းအတွက်ဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သော တစ်ပါးအမျိုးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း ဖြစ်ရမည်။
15:30 အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ အပြစ်ကိုတမင်တကာပြုသောသူသည် ထာဝရဘုရားကိုစော်ကားသောသူဖြစ်၍ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
15:31 သူသည် ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို ချိုးဖောက်သောကြောင့် သူသည် စင်စစ်ပယ်ဖျက်ခြင်းခံရမည်။ သူ၏ဒုစရိုက်သည် သူ့အပေါ်၌တည်၏”ဟု မိန့်တော်မူ၏။
15:32 အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ရှိနေစဉ် ဥပုသ်နေ့၌ ထင်းခွေနေသောလူတစ်ယောက်ကို တွေ့၏။
15:33 ထိုထင်းခွေနေသောသူကိုတွေ့သောသူတို့သည် သူ့ကို မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ ခေါ်ဆောင်လာခဲ့ကြ၏။
15:34 ထိုသူအား မည်သို့စီရင်ရမည်ကို သေသေချာချာမသိသေးသောကြောင့် သူ့ကို အကျဉ်းချထားလေ၏။
15:35 ထိုအခါ ထာဝရဘုရားက မောရှေအား “ထိုသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို တပ်စခန်း၏အပြင်ဘက်၌ ခဲနှင့်ပေါက်သတ်ရမည်”ဟု မိန့်တော်မူ၏။
15:36 မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လူထုအပေါင်းတို့သည် ထိုသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွား၍ ခဲနှင့်ပေါက်သတ်ကြသဖြင့် သူသေလေ၏။
15:37 တစ်ဖန် ထာဝရဘုရားက မောရှေအား
15:38 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သူတို့၏မျိုးဆက်အစဉ်အဆက် မိမိတို့အဝတ်၏ထောင့်စွန်းတို့၌ ပန်းဖွားကိုပြုလုပ်၍ ထိုထောင့်စွန်းပန်းဖွား၌ အပြာရောင်ကြိုးတပ်ရမည်။
15:39 သင်တို့၌ ထိုပန်းဖွားရှိရခြင်းမှာ ထိုပန်းဖွားကို သင်တို့မြင်သောအခါ သင်တို့ကိုဖောက်ပြန်မှားယွင်းစေသော သင်တို့၏စိတ်အလို၊ မျက်စိအလို နောက်သို့မလိုက်ဘဲ ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ပညတ်တော်တို့ကို ကျင့်ဆောင်ကြစေရန်ဖြစ်၏။
15:40 ငါ၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ကျင့်ဆောင်ခြင်းဖြင့် သင်တို့သည် သင်တို့၏ဘုရားသခင်အတွက် သန့်ရှင်းသောသူများဖြစ်ကြလိမ့်မည်။
15:41 ငါသည် သင်တို့၏ဘုရားဖြစ်ဖို့အတွက် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။