Numbers 19
19:1 တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
19:2 “ထာဝရဘုရား မိန့်မှာတော်မူသောပြဋ္ဌာန်းချက်တရားကား ဤသို့ဖြစ်၏။ ကိုယ်အင်္ဂါမချို့ယွင်း၊ ထမ်းပိုးမတင်ရသေးသော၊ အပြစ်အနာအဆာကင်းသော အနီရောင်နွားမတမ်းတစ်ကောင်ကို ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။
19:3 ထိုနွားမတမ်းကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။ သူသည် ထိုနွားမတမ်းကို တပ်စခန်းအပြင်ဘက်သို့ ထုတ်သွား၍ သူ့ရှေ့၌ သတ်စေရမည်။
19:4 ယဇ်ပုရောဟိတ်ဧလာဇာသည် သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ဘက်သို့ ခုနစ်ကြိမ်ဖျန်းရမည်။
19:5 ထိုနွားမတမ်းကို သူ့ရှေ့၌ ရှို့စေရမည်။ အရေခွံ၊ အသား၊ သွေးတို့ကို မစင်နှင့်တကွ ရှို့ပစ်ရမည်။
19:6 ယဇ်ပုရောဟိတ်သည် သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်တို့ကိုယူ၍ နွားမတမ်းကိုရှို့သောမီးပုံထဲသို့ ပစ်ထည့်ရမည်။
19:7 ထို့နောက် ယဇ်ပုရောဟိတ်သည် မိမိအဝတ်ကို လျှော်၍ ရေချိုးပြီးမှ တပ်စခန်းထဲသို့ ဝင်နိုင်၏။ သို့သော် ယဇ်ပုရောဟိတ်သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
19:8 နွားမတမ်းကို ရှို့သောသူသည် မိမိအဝတ်ကို လျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
19:9 စင်ကြယ်သောယောက်ျားတစ်ယောက်က နွားမတမ်း၏ပြာကို စုသိမ်း၍ တပ်စခန်းအပြင်ဘက် စင်ကြယ်သောနေရာတွင် ထားရမည်။ ထိုပြာကို အစ္စရေးအမျိုးသားလူထုအပေါင်းတို့၏အပြစ်ဖြေလွှတ်ခြင်းအတွက် စင်ကြယ်စေခြင်းရေ ဖော်စပ်ရန် သိမ်းထားရမည်။
19:10 နွားမတမ်း၏ပြာကို စုသိမ်းသောသူသည် မိမိအဝတ်ကို လျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။ ဤသည်ကား အစ္စရေးအမျိုးသားဖြစ်စေ၊ သူတို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
19:11 လူသေအလောင်းကို ထိမိသောသူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
19:12 သူသည် သုံးရက်မြောက်နေ့၌ စင်ကြယ်စေခြင်းရေဖြင့် မိမိကိုယ်မိမိ သန့်စင်စေပြီး ခုနစ်ရက်မြောက်နေ့၌ သူသည် စင်ကြယ်လိမ့်မည်။ သုံးရက်မြောက်နေ့၌ မိမိကိုယ်မိမိ မသန့်စင်စေလျှင် ခုနစ်ရက်မြောက်နေ့၌ သူသည် စင်ကြယ်မည်မဟုတ်။
19:13 လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။
19:14 တဲထဲ၌သေသောသူနှင့်ဆိုင်သောတရားကား ဤသို့တည်း။ လူသေတဲထဲသို့ဝင်သောသူ၊ တဲထဲရှိသောသူ မည်သူမဆို ခုနစ်ရက်ပတ်လုံး မစင်မကြယ်ဖြစ်၏။
19:15 အဖုံးမဖုံးဘဲ ပွင့်နေသောအသုံးအဆောင်မှန်သမျှသည်လည်း မစင်မကြယ်ဖြစ်၏။
19:16 လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
19:17 မစင်ကြယ်သောသူအတွက် အပြစ်ဖြေရာယဇ်ဖြစ်သည့်မီးရှို့ထားသောနွားမတမ်း၏ပြာကို ယူ၍ စမ်းရေ နှင့်အတူ အိုးထဲသို့ ထည့်ပြီးလျှင်
19:18 စင်ကြယ်သောသူသည် ဟုဿုပ်ညွန့်ကိုယူ၍ ထိုရေထဲသို့နှစ်ပြီး တဲနှင့် တဲထဲရှိအသုံးအဆောင်အားလုံးကိုလည်းကောင်း၊ တဲထဲရှိလူတို့ကိုလည်းကောင်း၊ လူသေအရိုး၊ အသတ်ခံရသူ၊ အလိုလိုသေသောသူ၊ သင်္ချိုင်းဂူကို ထိမိသောသူကိုလည်းကောင်း ဖျန်းရမည်။
19:19 စင်ကြယ်သောသူသည် ထိုရေဖြင့် မစင်ကြယ်သောသူအား တတိယနေ့၊ သတ္တမနေ့တို့၌ ဖျန်းရမည်။ သတ္တမနေ့၌ မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ သန့်စင်စေရမည်။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်ရောက်လျှင် စင်ကြယ်လိမ့်မည်။
19:20 မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ မသန့်စင်စေလျှင်မူကား ထာဝရဘုရား၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာရောက်သောကြောင့် သူသည် လူအစုအဝေးထဲမှ ပယ်ဖျက်ခြင်းခံရမည်။ စင်ကြယ်စေခြင်းရေဖြင့်ဖျန်းခြင်းကို မခံသောကြောင့် သူသည် မစင်ကြယ်သောသူဖြစ်၏။
19:21 ဤသည်ကား သူတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ စင်ကြယ်စေခြင်းရေကို ဖျန်းပေးသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ စင်ကြယ်စေခြင်းရေကို ထိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
19:22 မစင်ကြယ်သောသူ ထိမိသောအရာမှန်သမျှသည် မစင်မကြယ်ဖြစ်၏။ ထိုအရာတို့ကို ထိမိသောသူသည်လည်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏”ဟု မိန့်တော်မူ၏။