Matthew 20
20:1 ကောင်းကင်နိုင်ငံတော်သည် မိမိ၏စပျစ်ခြံအတွက် အလုပ်သမားများကိုငှားရန် နံနက်စောစောထွက်သွားသည့် ခြံပိုင်ရှင်နှင့်တူ၏။
20:2 သူသည် တစ်နေ့လျှင် ဒေနာရိတစ်ပြားနှုန်းဖြင့် အလုပ်သမားများနှင့်သဘောတူလျက် သူတို့ကို မိမိ၏စပျစ်ခြံသို့ စေလွှတ်လေ၏။
20:3 ထို့နောက် သူသည် နံနက်ကိုးနာရီခန့်တွင်ထွက်သွားရာ အခြားသောသူတို့သည် အလုပ်မလုပ်ဘဲ ဈေးအရပ်၌ရပ်နေကြသည်ကို တွေ့မြင်လျှင်
20:4 ထိုသူတို့အား ‘သင်တို့လည်း စပျစ်ခြံသို့သွားကြလော့။ ထိုက်သင့်သည့်လုပ်အားခကို သင်တို့အား ငါပေးမည်’ဟု ဆိုသဖြင့် သူတို့သည်သွားကြ၏။
20:5 တစ်ဖန် မွန်းတည့်ချိန်နှင့် မွန်းလွဲသုံးနာရီအချိန်ခန့်တို့တွင်လည်း ထွက်၍ ထိုနည်းတူပြုလေ၏။
20:6 ညနေငါးနာရီခန့်တွင်လည်း ထွက်၍ အခြားသောသူတို့ရပ်နေကြသည်ကိုတွေ့သဖြင့် ‘အဘယ်ကြောင့်အလုပ်မလုပ်ဘဲ ဤနေရာ၌ တစ်နေ့လုံးရပ်နေကြသနည်း’ဟု မေးလေ၏။
20:7 ထိုသူတို့ကလည်း ‘မည်သူမျှ အကျွန်ုပ်တို့ကို မငှားသောကြောင့်ဖြစ်ပါသည်’ဟု ဖြေကြလျှင် ခြံပိုင်ရှင်က ‘သင်တို့သည်လည်း စပျစ်ခြံသို့သွားကြလော့’ဟု ဆိုလေ၏။
20:8 ညနေချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်က သူ၏အိမ်မှုကိစ္စစီမံကွပ်ကဲသူအား ‘အလုပ်သမားများကိုခေါ်၍ နောက်ဆုံးလာသောသူတို့ကစပြီး ပထမဦးဆုံးလာသောသူတို့အထိ သူတို့၏လုပ်အားခကိုပေးလော့’ဟု ဆိုလေ၏။
20:9 ထိုအခါ ညနေငါးနာရီခန့်တွင်ငှားထားသောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီရကြ၏။
20:10 ပထမဦးဆုံးငှားထားသောသူတို့သည်လည်း လာကြကာ မိမိတို့ပို၍ရလိမ့်မည်ဟု ထင်ကြ၏။ သို့သော် သူတို့သည်လည်း ဒေနာရိတစ်ပြားစီရကြ၏။
20:11 ထိုငွေကိုရရှိကြသောအခါ သူတို့က
20:12 ‘နောက်ဆုံးလာသောဤသူတို့သည် တစ်နာရီမျှသာအလုပ်လုပ်ခဲ့ကြသော်လည်း အရှင်သည်သူတို့ကို တစ်နေကုန်နေပူထဲတွင်အပင်ပန်းခံရသည့်အကျွန်ုပ်တို့နှင့်တန်းတူ ဖြစ်စေပါသည်တကား’ဟု ခြံပိုင်ရှင်အား မကျေမနပ်ပြောဆိုကြ၏။
20:13 သို့သော် ခြံပိုင်ရှင်က ထိုသူတို့အထဲမှတစ်ယောက်အား ‘အဆွေ၊ ငါသည် သင့်အပေါ်မတရားပြုသည်မဟုတ်။ သင်သည် ငါနှင့် ဒေနာရိတစ်ပြားနှုန်းဖြင့် သဘောတူသည်မဟုတ်လော။
20:14 သင်၏လုပ်အားခကို ယူ၍သွားလော့။ သင့်ကို ငါပေးသကဲ့သို့ နောက်ဆုံးလာသော ဤသူကိုလည်း ငါပေးလို၏။
20:15 ငါပိုင်ဆိုင်သောဥစ္စာဖြင့် ငါပြုလိုသည့်အရာကို ငါပြုပိုင်ခွင့်မရှိသလော။ သို့မဟုတ် ငါသည် သဘောကောင်းသောကြောင့် သင်သည် မရှုဆိတ်ဖြစ်နေသလော’ဟု ဆိုလေ၏။
20:16 ထိုနည်းတူ နောက်ဆုံးသောသူတို့သည် အဦးဆုံးဖြစ်ကြပြီး အဦးဆုံးသောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
20:17 ယေရှုသည် ဂျေရုဆလင်မြို့သို့ တက်သွားတော်မူစဉ် လမ်းခရီး၌ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို သီးသန့်ခေါ်၍
20:18 “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍
20:19 ပြောင်လှောင်ခြင်း၊ ဒဏ်ခတ်ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း စသည်တို့ကိုပြုစေရန် သူ့ကို လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
20:20 ထိုအခါ ဇေဗေဒဲ၏သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ချဉ်းကပ်လာ၍ ရှိခိုးကာ တစ်စုံတစ်ခုကို ကိုယ်တော်ထံ တောင်းလျှောက်လေ၏။
20:21 ကိုယ်တော်ကလည်း “သင်သည် မည်သည့်အရာကို အလိုရှိသနည်း” ဟု မေးတော်မူလျှင် သူက “ကျွန်မ၏ဤသားနှစ်ယောက်တို့သည် ကိုယ်တော်၏နိုင်ငံတော်၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ရမည့်အကြောင်း အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
20:22 သို့သော် ယေရှုက “သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်သလော” ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။
20:23 ကိုယ်တော်ကလည်း “ငါ၏ခွက်ကို သင်တို့သောက်ကြမည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့်လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ငါ၏ခမည်းတော်ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏” ဟု မိန့်တော်မူ၏။
20:24 တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ထိုညီအစ်ကိုနှစ်ဦးတို့ကို စိတ်ဆိုးကြ၏။
20:25 သို့သော် ယေရှုသည် သူတို့ကိုခေါ်လျက် “လူမျိုးခြားတို့တွင် အုပ်ချုပ်သူတို့သည် ပြည်သူတို့အပေါ်စိုးမိုးခြယ်လှယ်ကြ၍ အကြီးအကဲတို့သည် သူတို့အပေါ်အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။
20:26 သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ လူ့သားသည် လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာသကဲ့သို့ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် သင်တို့၏အစေအပါးဖြစ်ရမည်” ဟု မိန့်တော်မူ၏။
20:29 ထို့နောက် သူတို့သည် ဂျေရိခေါမြို့မှ ထွက်ခွာလာကြရာ များစွာသောလူထုပရိသတ်သည် နောက်တော်သို့လိုက်ကြ၏။
20:30 ထိုစဉ် လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှုဖြတ်သွားတော်မူကြောင်းကြား၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်ကြ၏။
20:31 လူထုပရိသတ်သည် သူတို့ကိုတိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူတို့သည် “သခင်ဘုရား၊ ဒါဝိဒ်၏သားတော် အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု ပို၍အော်ဟစ်ကြ၏။
20:32 ထိုအခါ ယေရှုသည် ရပ်တန့်လျက် သူတို့ကိုခေါ်၍ “သင်တို့အတွက် မည်သည့်အမှုကို ပြုစေလိုကြသနည်း” ဟု မေးတော်မူ၏။
20:33 သူတို့ကလည်း “အကျွန်ုပ်တို့ကို မျက်စိမြင်အောင် ပြုလုပ်ပေးစေလိုပါ၏ သခင်ဘုရား”ဟု လျှောက်ကြ၏။
20:34 ယေရှုသည် ကြင်နာစိတ်ရှိ၍ သူတို့၏မျက်စိကို တို့တော်မူ၏။ ထိုခဏချင်းတွင် သူတို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်သွားကြ၏။