Luke 10
10:1 ထို့နောက် သခင်ဘုရားသည် အခြားသောသူ အယောက်ခုနစ်ဆယ်တို့ကိုခန့်ထား၍ ကြွတော်မူရန်ကြံရွယ်ထားသော မြို့ရွာအရပ်ရပ်သို့ မိမိရှေ့မှနှစ်ဦးစီ၊ နှစ်ဦးစီ စေလွှတ်တော်မူ၏။
10:2 ကိုယ်တော်သည် ထိုသူတို့အား “ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်သားသည်နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းခြင်းအတွက် လုပ်သားများကိုစေလွှတ်ပေးတော်မူရန် ရိတ်သိမ်းခြင်း၏အရှင်ထံ ဆုတောင်းကြလော့။
10:3 သွားကြ။ ဝံပုလွေများထဲသို့ သိုးသငယ်များကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။
10:4 ပိုက်ဆံအိတ်၊ လွယ်အိတ်နှင့် ဖိနပ်တို့ကို မယူသွားကြနှင့်။ လမ်း၌ မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။
10:5 မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ဟူ၍ ဦးစွာနှုတ်ဆက်ကြလော့။
10:6 ထိုနေရာတွင် ငြိမ်သက်ခြင်း၏သားရှိလျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ထိုသူအပေါ်သက်ရောက်လိမ့်မည်။ မရှိလျှင်မူကား ထိုငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာလိမ့်မည်။
10:7 ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။
10:8 မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်ခံလျှင် သင်တို့ရှေ့၌တည်ခင်းသောအရာများကို စားကြလော့။
10:9 ထိုမြို့ရှိ နာမကျန်းဖြစ်သူများကိုကျန်းမာစေ၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီ’ဟု သူတို့အား ဟောပြောကြလော့။
10:10 မည်သည့်မြို့သို့မဆို သင်တို့ဝင်၍ လူတို့သည် သင်တို့ကိုလက်မခံလျှင် ထိုမြို့၏လမ်းမပေါ်သို့ ထွက်ပြီးလျှင်
10:11 ‘ငါတို့ခြေတွင်ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့’ဟု ဟောပြောကြလော့။
10:12 သင်တို့အား ငါဆိုမည်။ ထိုနေ့၌ သောဒုံမြို့သည် ထိုမြို့ထက် ခံသာလိမ့်မည်။
10:13 ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာထဲ၌ထိုင်ကာ နောင်တရခဲ့ကြပေလိမ့်မည်။
10:14 သို့သော် တရားစီရင်တော်မူသောအခါ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
10:15 ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။
10:16 သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏” ဟု မိန့်တော်မူ၏။
10:17 ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။
10:18 ကိုယ်တော်ကလည်း “စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။
10:19 ငါသည် သင်တို့အား မြွေများနှင့်ကင်းမြီးကောက်များကိုနင်းချေ၍ ရန်သူ၏တန်ခိုးအလုံးစုံတို့ကိုနိုင်ရသောအခွင့်အာဏာကို ပေးအပ်ထားပြီဖြစ်၍ မည်သည့်အရာကမျှ သင်တို့ကို အနာတရဖြစ်စေမည်မဟုတ်။
10:20 သို့သော် နတ်ဆိုးတို့သည် သင်တို့ကိုနာခံကြသည့်အတွက် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များကို ကောင်းကင်၌ရေးမှတ်ထားသည့်အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
10:21 ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍ “ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
10:22 ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ” ဟု မြွက်ဆိုတော်မူ၏။
10:23 ထို့နောက် တပည့်တော်တို့ဘက်သို့လှည့်၍ “သင်တို့မြင်နေရသည့်အရာများကို မြင်ရသောမျက်စိတို့သည် မင်္ဂလာရှိကြ၏။
10:24 သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန် အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလိုရှိ သော်လည်း မကြားခဲ့ရကြပေ” ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။
10:25 တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။
10:26 ကိုယ်တော်ကလည်း “ပညတ်တရားကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်မည်သို့ဖတ်ရသနည်း” ဟု မေးတော်မူလျှင်
10:27 ထိုသူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည် ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။
10:28 ကိုယ်တော်ကလည်း “မှန်ပေ၏။ ထိုအတိုင်းပြုလော့။ သို့ပြုလျှင် အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
10:29 ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
10:30 ယေရှုက “လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ဆင်းလာစဉ် ဓားပြများနှင့်ကြုံတွေ့ရ၏။ ဓားပြတို့သည် သူ၏အဝတ်များကိုချွတ်ယူပြီး ရိုက်နှက်ကာ သူ့ကိုသေလုမြောပါးအခြေအနေ၌ထားခဲ့၍ ထွက်သွားကြ၏။
10:31 ယဇ်ပုရောဟိတ်တစ်ပါးသည် အကြောင်းတိုက်ဆိုင်၍ ထိုလမ်းအတိုင်းဆင်းလာပြီး ထိုသူကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
10:32 ထိုနည်းတူ လေဝိအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ရောက်လာ၍ သူ့ကိုမြင်လျှင် လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းသွားလေ၏။
10:33 သို့သော် ရှမာရိနယ်သားတစ်ဦးသည် ခရီးသွားရင်း သူ့အနားသို့ရောက်လာ၍ သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့်
10:34 ချဉ်းကပ်လျက် သူ၏ဒဏ်ရာများအပေါ် ဆီနှင့်စပျစ်ဝိုင်ကိုလောင်းထည့်ကာ အဝတ်နှင့်ပတ်စည်းပေး၏။ ထို့နောက် သူ့ကို မိမိ၏တိရစ္ဆာန်ပေါ်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွား၍ ပြုစုစောင့်ရှောက်လေ၏။
10:35 နောက်တစ်နေ့တွင် ဒေနာရိနှစ်ပြားကိုထုတ်၍ တည်းခိုခန်းပိုင်ရှင်အားပေးပြီးလျှင် ‘ဤသူကို ပြုစုစောင့်ရှောက်ပေးပါ။ နောက်ထပ် ကုန်ကျသမျှကို အကျွန်ုပ်ပြန်လာသောအခါ သင့်အား ပြန်ပေးပါမည်’ဟု ပြောလေ၏။
10:36 ထိုသူသုံးဦးတို့တွင် မည်သူသည် ဓားပြလက်တွင်းသို့ ကျရောက်ခဲ့သူ၏ဝန်းကျင်၌ရှိသောသူ ဖြစ်သည်ဟု သင်ထင်သနည်း” ဟူ၍ မေးတော်မူ၏။
10:37 ထိုသူကလည်း “သူ့အပေါ်ကရုဏာပြသောသူဖြစ်ပါ၏”ဟု လျှောက်လျှင် ယေရှုက “သင်သည်လည်း သွား၍ ထိုနည်းတူပြုလော့” ဟု မိန့်တော်မူ၏။
10:38 သူတို့သည် ခရီးဆက်သွားစဉ်တွင် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်တော်မူရာ မာသအမည်ရှိသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကို မိမိအိမ်၌လက်ခံကြိုဆိုလေ၏။
10:39 ထိုအမျိုးသမီးတွင် မာရိဟုခေါ်သောညီမတစ်ယောက်ရှိ၏။ သူသည် သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက် ကိုယ်တော်၏တရားစကားကို နားထောင်နေ၏။
10:40 မာသမူကား ဧည့်ခံခြင်းအမှုများကြောင့် စိတ်ပူပန်သဖြင့် အထံတော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ဦးတည်းသာ ဧည့်ဝတ်ပြုရန်ပစ်ထားခဲ့သည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော။ ကျွန်မကိုကူညီရန် သူ့အား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
10:41 သခင်ဘုရားကလည်း “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့အတွက်စိုးရိမ်လျက် နှောင့်ယှက်ခြင်းကိုခံနေရ၏။
10:42 သို့သော် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သည့်အပိုင်းကို ရွေးချယ်ပြီဖြစ်၍ ၎င်းကို သူ့ထံမှမနုတ်မပယ်ရာ” ဟု မိန့်တော်မူ၏။