John 11
11:1 ထိုအခါ၌ မာရိနှင့်သူ၏အစ်မမာသတို့နေထိုင်ရာ ဗေသနိရွာမှ လာဇရုဆိုသူတစ်ဦးသည် နာမကျန်းဖြစ်နေ၏။
11:2 ထိုမာရိသည် သခင်ဘုရားကိုဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်ဖြင့်သုတ်သောသူဖြစ်ပြီး နာမကျန်းဖြစ်နေသောလာဇရုသည် သူ၏မောင်ဖြစ်၏။
11:3 ထို့ကြောင့် ထိုညီအစ်မတို့သည် ကိုယ်တော်ထံသို့ လူကိုစေလွှတ်၍ “သခင်ဘုရား၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် နာမကျန်းဖြစ်နေပါသည်”ဟု လျှောက်ထားကြ၏။
11:4 ယေရှုသည် ထိုအကြောင်းကိုကြားလျှင် “ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏” ဟု မိန့်တော်မူ၏။
11:5 ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏။
11:6 သို့ဖြစ်၍ လာဇရုနာမကျန်းဖြစ်သည်ကို ကြားတော်မူသောအခါ မိမိနေသောအရပ်၌ နှစ်ရက် ထပ်၍နေတော်မူ၏။
11:7 ထို့နောက် တပည့်တော်တို့အား “ယုဒနယ်သို့ နောက်တစ်ဖန်သွားကြစို့” ဟု မိန့်တော်မူ၏။
11:8 တပည့်တော်တို့က “ရဗ္ဗိ၊ ဂျူးလူမျိုးတို့သည် မကြာသေးမီကပင် ကိုယ်တော်ကိုခဲနှင့်ပေါက်သတ်ရန် ရှာကြံနေကြပါလျက်နှင့် ထိုအရပ်သို့ နောက်တစ်ဖန်ကြွတော်မူမည်လော”ဟု လျှောက်ကြ၏။
11:9 ယေရှုကလည်း “နေ့အချိန်သည် တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ မည်သူမဆို နေ့အချိန်၌သွားလာလျှင် ဤလောက၏အလင်းကိုမြင်ရသောကြောင့် ခလုတ်မတိုက်မိတတ်။
11:10 သို့သော် ညအချိန်၌သွားလာလျှင် သူ၌အလင်းမရှိသောကြောင့် ခလုတ်တိုက်မိတတ်၏” ဟု ပြန်၍မိန့်တော်မူ၏။
11:11 ထိုသို့မိန့်တော်မူပြီးနောက် “ငါတို့၏မိတ်ဆွေလာဇရုသည် အိပ်ပျော်လေပြီ။ သို့ရာတွင် သူ့ကိုနှိုးရန် ငါသွားမည်” ဟု မိန့်တော်မူ၏။
11:12 ထိုအခါ တပည့်တော်တို့က “သခင်ဘုရား၊ သူအိပ်ပျော်ပြီဆိုလျှင် သက်သာပါလိမ့်မည်”ဟု လျှောက်ကြ၏။
11:13 ယေရှုသည် လာဇရု၏သေဆုံးခြင်းကိုရည်ညွှန်း၍ မိန့်တော်မူသော်လည်း အနားယူအိပ်စက်ခြင်းကိုရည်ညွှန်း၍ မိန့်တော်မူသည်ဟု တပည့်တော်တို့ထင်မှတ်ကြ၏။
11:14 ထို့ကြောင့် ယေရှုသည် သူတို့အား အတိအလင်းပြောဆို၍ “လာဇရုသေပြီ။
11:15 သို့သော် သင်တို့ယုံကြည်ကြရန် ထိုအရပ်၌ ငါမရှိခဲ့သည်ကို သင်တို့အတွက် ငါဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့ထံသို့သွားကြစို့” ဟု မိန့်တော်မူ၏။
11:16 ထိုအခါ ဒိဒုမုဟုခေါ်သည့်သောမက “ကိုယ်တော်နှင့်အတူအသေခံရန် ငါတို့လည်း လိုက်သွားကြစို့”ဟု အခြားတပည့်တော်တို့အားပြောဆို၏။
11:17 ယေရှုရောက်တော်မူသောအခါ လာဇရုကို ဂူသွင်းသင်္ဂြိုဟ်ပြီး လေးရက်ပင်ရှိပြီဖြစ်ကြောင်းကို တွေ့ရှိတော်မူ၏။
11:18 ဗေသနိရွာသည် ဂျေရုဆလင်မြို့အနီး နှစ်မိုင်ခန့်အကွာ၌ရှိသည်ဖြစ်၍
11:19 များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သူတို့၏မောင်အတွက်နှစ်သိမ့်ရန် သူတို့ထံသို့ရောက်နေကြ၏။
11:20 မာသသည် ယေရှုကြွလာတော်မူကြောင်းကိုကြားသောအခါ ကိုယ်တော်ကိုဆီးကြိုလေ၏။ မာရိမူကား အိမ်၌ ထိုင်လျက်နေ၏။
11:21 မာသက ယေရှုအား “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ။
11:22 သို့သော် ဘုရားသခင်ထံ ကိုယ်တော်တောင်းလျှောက်သမျှသောအရာတို့ကို ကိုယ်တော်အား ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း ယခုလည်း ကျွန်မသိပါ၏”ဟု လျှောက်လေ၏။
11:23 ယေရှုကလည်း “သင်၏မောင်သည် ထမြောက်မည်” ဟု မိန့်တော်မူလျှင်
11:24 မာသက “နောက်ဆုံးသောနေ့တည်းဟူသော ရှင်ပြန်ထမြောက်ရာကာလ၌ သူထမြောက်မည်ကို ကျွန်မသိပါသည်”ဟု လျှောက်လေ၏။
11:25 ယေရှုကလည်း “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေခဲ့လျှင်ပင် အသက်ရှင်လိမ့်မည်။
11:26 အသက်ရှင်နေလျက် ငါ့ကိုယုံကြည်သောသူတိုင်း ကာလအစဉ်အဆက် မည်သည့်အခါမျှမသေရ။ ဤအရာကို သင်ယုံကြည်သလော” ဟု မိန့်တော်မူ၏။
11:27 မာသက “ယုံကြည်ပါ၏ သခင်ဘုရား။ ကိုယ်တော်သည် ဤလောကသို့ကြွလာရမည့် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို ကျွန်မယုံကြည်ပါ၏”ဟု လျှောက်ထားလေ၏။
11:28 ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ မိမိ၏ညီမ မာရိကိုခေါ်လျက် “ဆရာရောက်လာပြီး သင့်ကိုခေါ်နေသည်”ဟု တိတ်တဆိတ်ပြောလေ၏။
11:29 မာရိသည် ထိုစကားကိုကြားသောအခါ အလျင်အမြန်ထ၍ ကိုယ်တော်ထံသို့သွားလေ၏။
11:30 ယေရှုမူကား ရွာထဲသို့မဝင်သေးဘဲ သူ့အား မာသဆီးကြိုခဲ့သောအရပ်၌ပင် ရှိတော်မူ၏။
11:31 အိမ်၌ မာရိနှင့်အတူရှိ၍ သူ့ကိုနှစ်သိမ့်နေသောဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကိုမြင်ကြလျှင် ငိုကြွေးရန် သင်္ချိုင်းဂူသို့သွားသည်ဟု ထင်မှတ်လျက် သူ့နောက်သို့လိုက်သွားကြ၏။
11:32 မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
11:33 ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် စိတ်တော်ထဲတွင်ညည်းတွားလျက် ရင်တွင်း၌မငြိမ်မသက်ဖြစ်ကာ
11:34 “သူ့ကိုအဘယ်မှာသင်္ဂြိုဟ်ကြသနည်း” ဟု မေးတော်မူ၏။ သူတို့ကလည်း “သခင်ဘုရား၊ ကြွ၍ကြည့်ရှုတော်မူပါ”ဟု လျှောက်ကြ၏။
11:35 ယေရှုသည် မျက်ရည်ကျတော်မူ၏။
11:36 ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။
11:37 သို့သော် သူတို့ထဲမှအချို့တို့က “မျက်မမြင်ကိုမျက်စိမြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်းမသေစေရန် မတတ်နိုင်သလော”ဟု ဆိုကြ၏။
11:38 ထို့နောက် ယေရှုသည် နောက်တစ်ဖန် ရင်တွင်း၌ ညည်းတွားလျက် သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူသည် ကျောက်လိုဏ်ဂူဖြစ်ပြီး အဝင်ဝကို ကျောက်တုံးဖြင့်ပိတ်ထား၏။
11:39 ယေရှုက “ကျောက်တုံးကိုဖယ်ရှားကြလော့” ဟု မိန့်တော်မူ၏။ သေဆုံးသောသူ၏အစ်မ မာသက “သခင်ဘုရား၊ လေးရက်ပင်ရှိပြီဖြစ်၍ ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်”ဟု လျှောက်လေ၏။
11:40 ယေရှုကလည်း “သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော” ဟု မိန့်တော်မူ၏။
11:41 ထို့ကြောင့် လူတို့သည် ကျောက်တုံးကိုဖယ်ရှားကြ၏။ ထိုအခါ ယေရှုသည် အထက်သို့မော်ကြည့်လျက် “အို အဖ၊ အကျွန်ုပ်တောင်းလျှောက်သည်ကို နားညောင်းတော်မူပြီဖြစ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
11:42 ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းသံကို အစဉ်နားညောင်းတော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့ရာတွင် ဤသို့တောင်းလျှောက်ခြင်းမှာ ဝိုင်းရံလျက်ရှိသောလူထုပရိသတ်အတွက်ဖြစ်ပြီး အကျွန်ုပ်ကိုကိုယ်တော်စေလွှတ်တော်မူကြောင်း သူတို့ယုံကြည်ကြစေရန်အတွက်ဖြစ်ပါ၏” ဟု မြွက်ဆိုတော်မူ၏။
11:43 ထိုသို့မြွက်ဆိုတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့် “လာဇရု၊ ထွက်လာလော့” ဟု ဟစ်ခေါ်တော်မူ၏။
11:44 ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက “သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့” ဟု လူတို့အား မိန့်တော်မူ၏။
11:45 ထို့ကြောင့် မာရိထံသို့လာ၍ ယေရှုပြုတော်မူသောအရာတို့ကိုမြင်ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
11:46 သို့သော် အချို့တို့သည် ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအရာတို့ကို ပြောကြားကြ၏။
11:47 ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။
11:48 ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။
11:49 သို့ရာတွင် သူတို့ထဲမှတစ်ဦးဖြစ်ပြီး ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖက “သင်တို့သည် မည်သည့်အရာကိုမျှမသိကြ။
11:50 တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးက လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် ပို၍ကောင်းသည်ကိုလည်း သင်တို့မဆင်ခြင်ကြပါတကား”ဟု ဆို၏။
11:51 သို့သော် ဤစကားကို မိမိဆန္ဒအလျောက် သူပြောဆိုသည်မဟုတ်။ သူသည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ယေရှုသည် ထိုလူမျိုးအတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့်
11:52 ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။
11:53 ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ကိုယ်တော်ကိုသတ်ရန် တိုင်ပင်ကြံစည်ကြ၏။
11:54 သို့ဖြစ်၍ ယေရှုသည် ဂျူးလူမျိုးတို့ထဲတွင် ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှထွက်ခွာ၍ တောကန္တာရနှင့်နီးသောအရပ်ဒေသ၌ရှိသည့် ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွပြီးလျှင် တပည့်တော်တို့နှင့်အတူ ထိုမြို့၌နေတော်မူ၏။
11:55 ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။
11:56 သူတို့သည် ယေရှုကိုရှာရင်း ဗိမာန်တော်ထဲ၌ရပ်လျက် “သင်တို့မည်သို့ထင်ကြသနည်း။ သူသည် ဤပွဲတော်သို့ လုံးဝမလာဘဲနေမည်လော”ဟု အချင်းချင်းပြောဆိုကြ၏။
11:57 ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့မူကား ကိုယ်တော်ကိုဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုရှိရာအရပ်ကိုသိလျှင် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။