John 13
13:1 ပသခါပွဲတော်မတိုင်မီ၌ ယေရှုသည် ဤလောကမှထွက်ခွာပြီး ခမည်းတော်ထံသို့သွားရမည့် မိမိအချိန်ရောက်လာသည်ကို သိတော်မူ၍ ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူလျက် အဆုံးတိုင်အောင်ချစ်တော်မူ၏။
13:2 ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။
13:3 ယေရှုသည် အရာခပ်သိမ်းတို့ကို မိမိလက်သို့ ခမည်းတော်ပေးအပ်တော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာပြီး ဘုရားသခင်ထံသို့ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့်
13:4 ညစာစားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူလျက် မိမိခါး၌စည်းတော်မူ၏။
13:5 ထို့နောက် ဇလုံ၌ရေထည့်၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါဖြင့် သုတ်တော်မူ၏။
13:6 ဤသို့ဖြင့် ရှိမုန်ပေတရုထံရောက်တော်မူသောအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လော”ဟု လျှောက်လေ၏။
13:7 ယေရှုကလည်း “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်” ဟု ပြန်၍မိန့်တော်မူလျှင်
13:8 ပေတရုက “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်”ဟု လျှောက်လေ၏။ ယေရှုကလည်း “သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်” ဟု ပြန်၍မိန့်တော်မူ၏။
13:9 ထိုအခါ ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်၏ခြေကိုသာမဟုတ်ဘဲ လက်နှင့်ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ”ဟု လျှောက်လေ၏။
13:10 ယေရှုကလည်း “ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံးမဟုတ်” ဟု မိန့်တော်မူ၏။
13:11 ကိုယ်တော်သည် မိမိကို မည်သူအပ်နှံမည်ကိုသိတော်မူသောကြောင့် “သင်တို့အားလုံးစင်ကြယ်သည်မဟုတ်” ဟု မိန့်တော်မူခြင်းဖြစ်၏။
13:12 ထိုသို့ သူတို့၏ခြေကိုဆေးပြီးသောအခါ ကိုယ်တော်သည် ဝတ်ရုံတော်ကိုပြန်ဝတ်၍ တစ်ဖန်ထိုင်တော်မူပြီးလျှင် တပည့်တော်တို့အားမြွက်ဆိုတော်မူသည်မှာ “သင်တို့၌ ငါပြုခဲ့သောအရာကို နားလည်ကြသလော။
13:13 သင်တို့သည် ငါ့ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြ၏။ ငါသည် ထိုအတိုင်းဖြစ်သောကြောင့် သင်တို့ ထိုသို့ခေါ်ကြသည်မှာ လျောက်ပတ်ပေ၏။
13:14 ထို့ကြောင့် သခင်ဘုရားလည်းဖြစ်၍ ဆရာလည်းဖြစ်သောငါသည် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကိုဆေးကြရမည်။
13:15 သင်တို့၌ ငါပြုသကဲ့သို့ သင်တို့သည်လည်းပြုကြရန် စံနမူနာကို ငါပြခဲ့၏။
13:16 သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။
13:17 ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
13:18 သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။
13:19 ထိုအခြင်းအရာဖြစ်ပျက်လာသောအခါ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြရန် ထိုအခြင်းအရာမဖြစ်ပျက်မီ ယခုကပင် သင်တို့အား ငါပြောနှင့်ပြီ။
13:20 သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏” ဟု မိန့်တော်မူ၏။
13:21 ယေရှုသည် ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ စိတ်တော်ပူပန်လျက် “သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်” ဟု သက်သေခံလျက် မိန့်တော်မူ၏။
13:22 တပည့်တော်တို့သည် မည်သူ့ကိုရည်ညွှန်း၍ မိန့်တော်မူသည်ကို တွေးမရဖြစ်သဖြင့် တစ်ဦးကိုတစ်ဦးကြည့်နေကြ၏။
13:23 တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သည့် ယေရှုချစ်တော်မူသောသူသည် ကိုယ်တော်၏ရင်ခွင်တော်နားမှာ ထိုင်လျက်နေသဖြင့်
13:24 မည်သူ့ကိုရည်ညွှန်း၍ မိန့်တော်မူသည်ကိုမေးရန် ရှိမုန်ပေတရုက ထိုတပည့်တော်အား အချက်ပြလေ၏။
13:25 သို့ဖြစ်၍ ထိုတပည့်တော်သည် သူ့နေရာမှ ယေရှု၏ရင်ခွင်တော်သို့ ချဉ်းကပ်လျက် “သခင်ဘုရား၊ ထိုသူသည် မည်သူနည်း”ဟု မေးလျှောက်လေ၏။
13:26 ယေရှုကလည်း “ထိုသူကား မုန့်တစ်ဖဲ့ကိုငါနှစ်၍ ပေးသောသူဖြစ်၏” ဟု ပြန်၍မိန့်တော်မူပြီးလျှင် မုန့်တစ်ဖဲ့ကိုနှစ်ပြီးမှ ၎င်းကိုယူ၍ ရှိမုန်၏သား ယုဒဣရှကာရုတ်အား ပေးတော်မူ၏။
13:27 ထိုမုန့်တစ်ဖဲ့ကိုခံယူပြီးသောအခါ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ထို့ကြောင့် ယေရှုသည် ယုဒအား “သင်ပြုနေသည့်အမှုကို အမြန်ပြုလော့” ဟု မိန့်တော်မူ၏။
13:28 သို့သော် ကိုယ်တော်သည် ယုဒအား အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌ထိုင်နေသောသူတို့တွင် မည်သူမျှမသိကြပေ။
13:29 အချို့တို့က ယုဒသည် ငွေအိတ်ကိုကိုင်ရသည်ဖြစ်၍ ယေရှုက ပွဲတော်အတွက်လိုအပ်သောအရာများကို ဝယ်ယူလော့၊ သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ခုပေးသင့်သည်ဟူ၍ သူ့ကိုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။
13:30 ယုဒသည် မုန့်တစ်ဖဲ့ကိုခံယူပြီးလျှင် ချက်ချင်းထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
13:31 ယုဒထွက်သွားပြီးနောက် ယေရှုက “ယခုအခါ လူ့သားကို ဘုန်းတော်ထင်ရှားစေတော်မူပြီ။ ဘုရားသခင်သည်လည်း လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူပြီ။
13:32 ဘုရားသခင်သည် လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူလျှင် ဘုရားသခင်ကိုယ်တော်တိုင်အားဖြင့်လည်း လူ့သားကိုဘုန်းတော်ထင်ရှားစေတော်မူ၍ ထိုဘုန်းတော်ကို ချက်ချင်းထင်ရှားစေတော်မူလိမ့်မည်။
13:33 ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏတာမျှသာ နေရတော့မည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟု ဂျူးလူမျိုးတို့အား ငါပြောသကဲ့သို့ ယခု သင်တို့ကိုလည်း ငါပြော၏။
13:34 သင်တို့အချင်းချင်းချစ်ကြလော့။ သင်တို့ကို ငါချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသောပညတ်ချက်အသစ်ကို သင်တို့အား ငါပေး၏။
13:35 သင်တို့အချင်းချင်းကြား၌ ချစ်ခြင်းမေတ္တာရှိလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ့တပည့်များဖြစ်ကြောင်းကို လူအပေါင်းတို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
13:36 ရှိမုန်ပေတရုက “သခင်ဘုရား၊ ကိုယ်တော်မည်သည့်အရပ်သို့ ကြွတော်မူမည်နည်း”ဟု မေးလျှောက်လျှင် ယေရှုက “ငါသွားရာအရပ်သို့ သင်သည် ယခုမလိုက်နိုင်။ သို့သော် နောင်အခါတွင် လိုက်ရလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။
13:37 ပေတရုကလည်း “သခင်ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်နောက်သို့ ယခုမလိုက်နိုင်ရသနည်း။ ကိုယ်တော်အတွက် အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်”ဟု လျှောက်လေ၏။
13:38 ယေရှုက “ငါ့အတွက် သင်၏အသက်ကိုစွန့်မည်လော။ သင့်အား ငါအမှန်အကန်ဆိုမည်။ ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်။