Acts 22
22:1 “ညီအစ်ကိုတို့နှင့်အဖတို့၊ ယခု သင်တို့ရှေ့၌ အကျွန်ုပ်ချေပပြောဆိုသောစကားကို နားထောင်ကြပါ”ဟု ဆို၏။
22:2 လူတို့သည် မိမိတို့အား ဟေဗြဲဘာသာစကားဖြင့်ပြောကြားသည်ကို ကြားကြသောအခါ ပို၍တိတ်ဆိတ်သွားကြ၏။ ထိုအခါ ပေါလုက
22:3 “အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
22:4 အကျွန်ုပ်သည် ဤလမ်းစဉ်ကိုလိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းဆဲခဲ့၍ ယောက်ျား၊ မိန်းမတို့ကို ချည်နှောင်လျက် ထောင်ထဲသို့ပို့ခဲ့ပါသည်။
22:5 ဤအကြောင်းနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်မင်းနှင့် လူကြီးအဖွဲ့ဝင်အပေါင်းတို့သည် အကျွန်ုပ်အတွက် သက်သေခံပေးနိုင်ပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒမတ်စကပ်မြို့ရှိညီအစ်ကိုများထံသို့ ရေးသားသည့်စာများကိုယူလျက် ထိုအရပ်၌ရှိသော သူတို့ကိုလည်း ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ ပြစ်ဒဏ်ပေးရန်အတွက် ထိုမြို့သို့ ထွက်သွားခဲ့ပါသည်။
22:6 သို့သော် အကျွန်ုပ်ခရီးသွား၍ ဒမတ်စကပ်မြို့အနီးသို့ရောက်သောအခါ မွန်းတည့်ချိန်ခန့်၌ ကောင်းကင်မှ အလွန်တောက်ပသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ ရုတ်တရက်ထွန်းတောက်ခဲ့ပါသည်။
22:7 ထိုအခါ အကျွန်ုပ်သည် မြေပေါ်သို့လဲကျသွားရာ ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း’ ဟု အကျွန်ုပ်အားပြောသောအသံကို ကြားရပါသည်။
22:8 အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှင် ‘ငါသည် သင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ်၏’ ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့ပါသည်။
22:9 အကျွန်ုပ်နှင့်အတူရှိနေသောသူတို့သည် အလင်းကိုမြင်ကြသော်လည်း အကျွန်ုပ်အားပြောသောအသံကို မကြားရကြပါ။
22:10 အကျွန်ုပ်ကလည်း ‘သခင်၊ အကျွန်ုပ်သည် မည်သို့ပြုရမည်နည်း’ဟု လျှောက်လျှင် သခင်ဘုရားက ‘ထ၍ ဒမတ်စကပ်မြို့သို့သွားလော့။ ထိုမြို့၌ သင်ဆောင်ရွက်ရန် စီမံထားသောအရာရှိသမျှကို သင့်အား ပြောပြလိမ့်မည်’ ဟု မိန့်တော်မူခဲ့ပါသည်။
22:11 အကျွန်ုပ်သည် ထိုအလင်း၏ရောင်ခြည်အရှိန်ကြောင့် မျက်စိမမြင်တော့သဖြင့် အတူရှိနေသောသူတို့က အကျွန်ုပ်ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြပါသည်။
22:12 ထို့နောက် ပညတ်တရားနှင့်အညီ ဘုရားတရားကြည်ညိုသူဖြစ်ပြီး ဒမတ်စကပ်မြို့၌နေထိုင်သော ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသော အာနနိအမည်ရှိသူတစ်ဦးသည်
22:13 အကျွန်ုပ်ထံသို့လာ၍ အနီး၌ရပ်ကာ ‘ငါ့ညီရှောလု၊ မျက်စိမြင်စေ’ဟု အကျွန်ုပ်အားဆိုလျှင် ထိုအချိန်၌ပင် အကျွန်ုပ်သည် သူ့ကိုမြင်ရပါသည်။
22:14 ထိုအခါ သူက ‘ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိအလိုတော်ကို သိစေရန်လည်းကောင်း၊ ဖြောင့်မတ်သောအရှင်ကို ဖူးမြင်စေရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်မှအသံတော်ကို ကြားစေရန်လည်းကောင်း သင့်ကို ကြိုတင်ခန့်ထားတော်မူပြီ။
22:15 အကြောင်းမူကား သင်သည် မိမိမြင်ရ၊ ကြားရသောအရာတို့အတွက် လူအပေါင်းတို့ရှေ့တွင် ကိုယ်တော်၏သက်သေဖြစ်ရလိမ့်မည်။
22:16 ယခုမှာ အဘယ်ကြောင့် ဆိုင်းငံ့နေသနည်း။ ထလျက် ကိုယ်တော်၏နာမတော်ကို ပတ္ထနာပြု၍ ဗတ္တိဇံခံပြီး သင်၏အပြစ်များကိုဆေးကြောလော့’ဟု ဆိုလေ၏။
22:17 ထို့နောက် အကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ပြန်လာပြီး ဗိမာန်တော်၌ဆုတောင်းနေစဉ် အာရုံမှုန်ဝါးတွေဝေ၍
22:18 သခင်ဘုရားကိုမြင်ရပါသည်။ ကိုယ်တော်က ‘လူတို့သည် ငါနှင့်ပတ်သက်သော သင်၏သက်သေခံချက်ကို လက်ခံကြလိမ့်မည်မဟုတ်သောကြောင့် မဆိုင်းငံ့ဘဲ ဂျေရုဆလင်မြို့မှ အမြန်ထွက်သွားလော့’ ဟု အကျွန်ုပ်အား မိန့်တော်မူသည်။
22:19 အကျွန်ုပ်ကလည်း ‘သခင်ဘုရား၊ အကျွန်ုပ်သည် ဝတ်ပြုစည်းဝေးကျောင်းတစ်ခုပြီးတစ်ခုသွား၍ ကိုယ်တော်ကိုယုံကြည်သောသူတို့အား ရိုက်နှက်လျက် ထောင်ချခဲ့သည်ကို သူတို့သိကြပါ၏။
22:20 ထို့ပြင် ကိုယ်တော်၏သက်သေဖြစ်သည့် သတေဖန်သတ်ဖြတ်ခြင်းခံရသောအခါ အကျွန်ုပ်ကိုယ်တိုင်သည်လည်း အနီး၌ရပ်နေ၍ အလိုတူအလိုပါဖြစ်ကာ သူ့ကိုသတ်သောသူတို့၏အဝတ်များကို စောင့်ပေးခဲ့ပါ၏’ဟု လျှောက်ပါသည်။
22:21 ထိုအခါ ကိုယ်တော်က ‘သွားလော့။ ငါသည် သင့်ကို လူမျိုးခြားတို့ရှိရာ ဝေးသောအရပ်သို့ စေလွှတ်မည်’ ဟု အကျွန်ုပ်အား မိန့်တော်မူသည်”ဟု ဆိုလေ၏။
22:22 လူတို့သည် သူ့စကားကို ဤမျှအထိ နားထောင်ကြပြီးလျှင် မိမိတို့အသံကိုကျယ်စွာပြု၍ “ဤသို့သောသူကို မြေပေါ်မှ သုတ်သင်လိုက်ပါ။ အကြောင်းမူကား သူသည် အသက်မရှင်သင့်ပေ”ဟု ဆိုကြ၏။
22:23 လူတို့သည် ထိုသို့အော်ဟစ်လျက် အဝတ်များကိုဝှေ့ယမ်းကာ မြေမှုန့်ကို လေထဲသို့ပစ်လွှင့်ကြစဉ်
22:24 တပ်မှူးကြီးသည် ပေါလုကို စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေး၍ လူတို့သည် အဘယ်ကြောင့် သူ့ကိုဆန့်ကျင်လျက် ထိုသို့အော်ဟစ်ကြသည်ကို သိရှိရန်အတွက် သူ့ကိုကြိမ်ဒဏ်ပေး၍ စစ်ဆေးကြရန် ညွှန်ကြားလေ၏။
22:25 သူ့ကို ကြိုးနှင့်ချည်နှောင်ကြသောအခါ ပေါလုက အနီး၌ရပ်နေသောတပ်မှူးအား “သင်တို့၌ ရောမနိုင်ငံသားတစ်ဦးကို မစစ်ဆေးဘဲ ဒဏ်ခတ်ရိုက်နှက်ပိုင်ခွင့်ရှိသလော”ဟု မေးလေ၏။
22:26 တပ်မှူးသည် ထိုစကားကိုကြားလျှင် တပ်မှူးကြီးထံချဉ်းကပ်လျက် “သင်မည်သို့ပြုမည်နည်း။ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်”ဟု သတင်းပို့လေ၏။
22:27 ထိုအခါ တပ်မှူးကြီးသည် ပေါလုထံသို့လာ၍ “ငါ့ကိုပြောပါလော့။ သင်သည် ရောမနိုင်ငံသားဖြစ်သလော”ဟု မေးလျှင် ပေါလုက “ဟုတ်ပါသည်”ဟု ဆို၏။
22:28 တပ်မှူးကြီးကလည်း “ငါသည် ငွေအမြောက်အမြားပေး၍ ဤနိုင်ငံသားအဖြစ်ကို ရရှိသည်”ဟု ဆိုလျှင် ပေါလုက “အကျွန်ုပ်သည် ရောမနိုင်ငံသားအဖြစ် မွေးဖွားလာခဲ့ပါသည်”ဟု ဆို၏။
22:29 ထို့ကြောင့် သူ့ကိုစစ်ဆေးမည့်သူများသည် သူ့ထံမှ ချက်ချင်းဆုတ်ခွာသွားကြ၏။ တပ်မှူးကြီးကလည်း ပေါလုသည် ရောမနိုင်ငံသားဖြစ်ကြောင်းသိလျှင် သူ့ကိုချည်နှောင်လိုက်မိသည့်အတွက် ကြောက်ရွံ့လေ၏။
22:30 နောက်တစ်နေ့တွင် တပ်မှူးကြီးသည် ဂျူးလူမျိုးတို့၏စွပ်စွဲခြင်းကို ပေါလုအဘယ်ကြောင့်ခံနေရသည်ကို အတိအကျသိလိုသဖြင့် ပေါလုကို အချည်အနှောင်မှဖြေပေးကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ခုလုံးအား စုဝေးကြရန် အမိန့်ပေးပြီးလျှင် ပေါလုကိုခေါ်ဆောင်လာ၍ သူတို့ရှေ့၌ရပ်စေ၏။