Romans 1
1:1 ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
1:2 ဤကောင်းမြတ်သောသတင်းသည် မိမိ၏ပရောဖက်များအားဖြင့် သန့်ရှင်းသောကျမ်းစာ၌ ရှေးမဆွကပင် ဘုရားသခင်ကတိပေးထားတော်မူသောအရာဖြစ်ပြီး
1:3 ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍
1:4 မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။
1:5 ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။
1:6 သင်တို့သည်လည်း ထိုလူမျိုးတို့ထဲတွင်ပါဝင်၍ ယေရှုခရစ်တော်နှင့်သက်ဆိုင်မည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသူများဖြစ်ကြ၏။
1:7 ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
1:8 သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားလျက်ရှိသည်ဖြစ်၍ ငါသည် သင်တို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ပထမဦးစွာကျေးဇူးတင်၏။
1:9 ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
1:11 သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။
1:12 ထိုသို့ဆိုသော် သင်တို့နှင့်အတူရှိစဉ် ငါနှင့်သင်တို့နှစ်ဦးနှစ်ဖက်၏ယုံကြည်ခြင်းအားဖြင့် နှစ်သိမ့်မှုကို အတူတကွခံစားနိုင်ရန်ဖြစ်၏။
1:13 ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။
1:14 ငါသည် ဂရိလူမျိုးနှင့်လူရိုင်းတို့အပေါ်၌ဖြစ်စေ၊ ပညာရှိနှင့်ပညာမဲ့တို့အပေါ်၌ဖြစ်စေ အကြွေးတင်သူဖြစ်၏။
1:15 ထို့ကြောင့် ငါ့အနေဖြင့် ရောမမြို့၌ရှိသော သင်တို့အားလည်း ဤကောင်းမြတ်သောသတင်းကိုဟောပြောရန် စိတ်အားထက်သန်လျက်ရှိ၏။
1:16 ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
1:17 အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။
1:18 ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့်တားဆီးပိတ်ပင်သောသူတို့၏ဘုရားတရားမဲ့ခြင်းနှင့် မတရားမှုအလုံးစုံတို့အပေါ်သို့ သက်ရောက်၏။
1:19 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာတို့ကို သူတို့အားထင်ရှားစေတော်မူပြီဖြစ်၍ ထိုအရာတို့သည် သူတို့၌ ထင်ရှားလျက်ရှိ၏။
1:20 တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ ဘုရားသခင်၏မမြင်ရသောဂုဏ်အင်္ဂါများတည်းဟူသော ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ။
1:21 အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုသိလျက်နှင့်ပင် ဘုရားအဖြစ်ဘုန်းတော်ကိုမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပေ။ သူတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်သွား၍ သူတို့၏အသိတရားကင်းမဲ့သောစိတ်နှလုံးကိုလည်း အမှောင်ဖုံးလွှမ်းလေ၏။
1:22 သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး
1:23 ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။
1:24 ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။
1:25 သူတို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့်လဲလှယ်၍ ဖန်ဆင်းတော်မူသောအရှင်အစား ဖန်ဆင်းတော်မူသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသောအရှင်သည် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူ၏။ အာမင်။
1:26 ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ဖွယ်ကောင်းသောကိလေသာလက်သို့ အပ်လိုက်သဖြင့် သူတို့ထဲမှ မိန်းမတို့ပင်လျှင် သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကို သဘာဝနှင့်ဆန့်ကျင်သောဆက်ဆံမှုဖြင့် လဲလှယ်ကြ၏။
1:27 ထိုနည်းတူ ယောက်ျားတို့သည်လည်း မိန်းမနှင့်သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကိုစွန့်၍ သူတို့အချင်းချင်းရာဂမီးတောက်လောင်စေလျက် ရှက်ဖွယ်ကောင်းသောအမှုကို ယောက်ျားအချင်းချင်းပြုကြသဖြင့် သူတို့၏မှားယွင်းခြင်းနှင့်ထိုက်သင့်သောအပြစ်ဒဏ်ကို သူတို့ကိုယ်တိုင်ခံရကြ၏။
1:28 ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
1:29 သူတို့သည် အလုံးစုံသော မတရားမှု၊ ဆိုးညစ်မှု၊ လောဘလွန်ကျူးမှုနှင့် မကောင်းမှုတို့ဖြင့် ပြည့်ဝလျက်ရှိကြပြီး မလိုမုန်းထားခြင်း၊ လူသတ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စဉ်းလဲခြင်း၊ ရန်ငြိုးဖွဲ့ခြင်းတို့ဖြင့် ပြည့်နှက်ကြကာ အတင်းအဖျင်းပြောဆိုသောသူ၊
1:30 ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊
1:31 အသိတရားကင်းမဲ့သောသူ၊ ကတိမတည်သောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ သနားခြင်းစိတ်မရှိသောသူများဖြစ်ကြ၏။
1:32 ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။