Deuteronomy 10
10:1 ထိုအချိန်၌ ထာဝရဘုရားက ငါ့အား ‘ယခင်ကျောက်ပြားနှင့်တူသောကျောက်ပြားနှစ်ချပ်ကို ထုဆစ်ပြီးလျှင် ငါရှိရာ တောင်ပေါ်သို့ တက်လာလော့။ သစ်သားသေတ္တာကိုလည်း လုပ်လော့။
10:2 သင်ချိုးဖဲ့လိုက်သောယခင်ကျောက်ပြား၌ ပါရှိသောပညတ်တော်များကို ထိုကျောက်ပြားနှစ်ချပ်ပေါ်၌ ငါရေးမည်။ သင်သည် ထိုကျောက်ပြားတို့ကို သေတ္တာထဲတွင် ထည့်ရမည်’ဟု မိန့်တော်မူ၏။
10:3 သို့ဖြစ်၍ ငါသည် အကေရှား သစ်သားဖြင့်သေတ္တာကိုပြုလုပ်၍ ယခင်ကျောက်ပြားနှင့်တူသောကျောက်ပြားနှစ်ချပ်ကိုထုဆစ်ပြီးလျှင် ထိုကျောက်ပြားနှစ်ချပ်ကိုကိုင်လျက် တောင်ပေါ်သို့တက်သွား၏။
10:4 သင်တို့စုဝေးခဲ့သောနေ့၌ သင်တို့အား တောင်ပေါ်တွင် မီးထဲမှ ထာဝရဘုရားမိန့်တော်မူခဲ့သည့် ပညတ်တော် ဆယ်ပါးကို ယခင်ကျောက်ပြား၌အက္ခရာတင်ထားခဲ့သည့်အတိုင်း ထာဝရဘုရားသည် ထိုကျောက်ပြားတို့ပေါ်၌ အက္ခရာတင်တော်မူပြီးလျှင် ငါ့အားပေးတော်မူ၏။
10:5 ထို့နောက် ငါသည် တောင်ပေါ်မှလှည့်၍ဆင်းလာပြီး ထိုကျောက်ပြားတို့ကို ငါပြုလုပ်ထားသောသေတ္တာထဲတွင် ထည့်ထား၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုကျောက်ပြားတို့သည် သေတ္တာထဲတွင် ရှိနေ၏။
10:6 (အစ္စရေးအမျိုးသားတို့သည် ဗေရုတ်ဗင်္ယာကန်အရပ်မှ မောသရုတ်အရပ်သို့ ခရီးပြုကြ၏။ အာရုန်သည် ထိုအရပ်၌သေဆုံးသဖြင့် ထိုအရပ်၌ပင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ့သားဧလာဇာသည် သူ့နေရာ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်၏။
10:7 သူတို့သည် ထိုအရပ်မှ ဂုဒ်ဂေါဒအရပ်၊ ဂုဒ်ဂေါဒအရပ်မှ စမ်းချောင်းပေါများရာ ယုပ္ဘာသအရပ်သို့ ခရီးပြုကြ၏။
10:8 ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
10:9 လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။)
10:10 ငါသည် ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်၌ နေခဲ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ့စကားကို နားညောင်းတော်မူ၍ သင်တို့ကို မဖျက်ဆီးလိုတော့ပေ။
10:11 တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ထလော့။ သူတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်ကို သူတို့ဝင်ရောက်သိမ်းပိုက်ဖို့ သင်သည် သူတို့ရှေ့မှ ခရီးပြုလော့’ဟု မိန့်တော်မူ၏။
10:12 အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊
10:13 သင်ကောင်းစားမည့်အကြောင်း သင့်အား ယနေ့ ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်ချက်၊ ပြဋ္ဌာန်းချက် တို့ကို စောင့်ထိန်းရမည် စသည်တို့ကိုသာ တောင်းဆိုသည်မဟုတ်လော။
10:14 သင်၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်နှင့် အမြင့်ဆုံးမိုးကောင်းကင်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီး၌ရှိသောအရာအားလုံးကိုလည်းကောင်း ပိုင်ဆိုင်သောအရှင်ဖြစ်သော်လည်း
10:15 ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း နောင်လာမည့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့ကို လူမျိုးရှိသမျှတို့ထဲမှ ရွေးချယ်တော်မူ၏။
10:16 သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးအရေဖျားကိုလှီးကြလော့။ ခေါင်းမမာ ကြတော့နှင့်။
10:17 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတကာတို့၏ဘုရား၊ သခင်တကာတို့၏သခင်၊ ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသောဘုရား၊ အံ့ဩဖွယ်ကောင်းသောဘုရား ဖြစ်တော်မူ၏။ မျက်နှာမလိုက်၊ တံစိုးလက်ဆောင်ကိုလက်မခံ၊
10:18 ဖတဆိုးနှင့်မုဆိုးမတို့အတွက် တရားသဖြင့်စီရင်သောအရှင်၊ တိုင်းတစ်ပါးသားကိုချစ်၍ အစားအစာနှင့် အဝတ်အစားတို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
10:19 သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသောကြောင့် တိုင်းတစ်ပါးသားတို့ကို ချစ်ရမည်။
10:20 သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ဝတ်ပြုရမည်။ ဆည်းကပ်ရမည်။ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုရမည်။
10:21 သင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသောအမှုကြီးများကို သင့်အတွက်ပြုတော်မူသောအရှင်သည် သင်ချီးမွမ်းရာ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။
10:22 သင်၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ဆင်းသွားသောအခါ အယောက်ခုနစ်ဆယ်သာရှိ၏။ ယခုမှာ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေတော်မူပြီ။