Deuteronomy 12
12:1 သင်တို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသည့်ပြည်၌ သင်တို့လိုက်နာစောင့်ထိန်းရမည့် ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကား ဤသို့ဖြစ်၏။
12:2 သင်တို့နှင်ထုတ်မည့်လူမျိုးတို့သည် မြင့်မားသောတောင်များပေါ်၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌လည်းကောင်း မိမိတို့၏ဘုရားများကို ဝတ်ပြုတတ်ကြ၏။ ထိုအရပ်ရှိသမျှတို့ကို သင်တို့ လုံးလုံးဖျက်ဆီးပစ်ရမည်။
12:3 သူတို့၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲပစ်ရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို မီးရှို့ပစ်ရမည်။ သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို ခုတ်လှဲ၍ ထိုဘုရားများ၏နာမကို ထိုအရပ်မှ ဖျောက်ဖျက်ပစ်ရမည်။
12:4 သူတို့ပြုသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
12:5 နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
12:6 သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍
12:7 ထိုအရပ်တွင် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စားရမည်။ သင်တို့လုပ်ဆောင်လေရာရာ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသောကြောင့် သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားတို့သည် ဝမ်းမြောက်ကြရမည်။
12:8 လူတိုင်း မိမိမှန်သည်ဟု ထင်သောအရာရှိသမျှကိုပြုတတ်ကြ၏။ ယနေ့ ဤနေရာ၌ ငါတို့ပြုသမျှအတိုင်း သင်တို့မပြုရ။
12:9 ငြိမ်ဝပ်ရာအရပ်ဖြစ်သော သင်တို့အားဘုရားသခင်ထာဝရဘုရားပေးတော်မူသောအမွေတော်ထဲသို့ ယခုထိ သင်တို့မရောက်ရသေး။
12:10 ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား အမွေအဖြစ်ပေးတော်မူသောပြည်၌ သင်တို့နေထိုင်ရမည်။ ကိုယ်တော်သည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသဖြင့် သင်တို့လုံခြုံစွာနေရလိမ့်မည်။
12:11 ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
12:12 သင်တို့မှစ၍ သင်တို့၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများနှင့်အတူ သင်တို့၏မြို့တံခါးအတွင်းရှိ အမွေဝေစုမရသောလေဝိအမျိုးတို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
12:13 တွေ့လေရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်မိစေရန် သင့်ကိုယ်သင်သတိပြုလော့။
12:14 မျိုးနွယ်တစ်နွယ်ထဲရှိ ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ထိုနေရာ၌ ငါမှာကြားထားသမျှကို သင်ပြုရမည်။
12:15 သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားကောင်းချီးမင်္ဂလာပေးသည်နှင့်အညီ စားလိုသောတိရစ္ဆာန်ကိုသတ်၍ မြို့တိုင်း၌ စားခွင့်ရှိ၏။ ထိုအသားကို စင်ကြယ်သောသူရော မစင်ကြယ်သောသူပါ သမင်၊ ဒရယ်အသားကိုစားခွင့်ရှိသကဲ့သို့ စားနိုင်၏။
12:16 သို့သော် သွေးကိုမစားရ။ ရေကဲ့သို့ မြေပေါ်မှာ သွန်ပစ်ရမည်။
12:17 သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး၊ ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာပူဇော်သက္ကာရှိသမျှ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ အလှူပစ္စည်း စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သင်သည် မိမိမြို့၌ စားခွင့်မရှိ။
12:18 သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
12:19 သင်၏ပြည်၌ အသက်ရှင်သမျှကာလပတ်လုံး လေဝိအမျိုးတို့ကို စွန့်ပယ်မထားမိစေရန် သတိပြုလော့။
12:20 သင်၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း သင်၏နယ်မြေကို ကျယ်ဝန်းစေတော်မူသောအခါ သင်သည် အသားစားလိုသောစိတ်ရှိ၍ ‘ငါအသားစားမည်’ဟု ဆိုလျှင် သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း စားခွင့်ရှိ၏။
12:21 နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် သင်နှင့်ဝေးလွန်းလျှင် သင့်ကိုငါမှာကြားထားသည့်အတိုင်း သင့်အား ထာဝရဘုရားပေးတော်မူသော သင်၏နွား၊ သိုးတို့ကို သတ်၍ သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း သင်၏မြို့၌ စားခွင့်ရှိ၏။
12:22 သမင်၊ ဒရယ်အသားကို စားသကဲ့သို့ စားခွင့်ရှိ၏။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ အတူတကွစားခွင့်ရှိ၏။
12:23 သွေးသည် အသက်ဖြစ်သောကြောင့် သွေးကိုလုံးဝမစားရ။ အသားနှင့်တကွ အသက်ကိုမစားရ။
12:24 သွေးကိုမစားရ။ ရေကဲ့သို့ မြေပေါ်မှာ သွန်ပစ်ရမည်။
12:25 သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ကောင်းစားကြမည့်အကြောင်း သွေးကိုမစားရ။ ထိုသို့ပြုခြင်းသည် ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မှန်သောအမှုကိုပြုခြင်းဖြစ်၏။
12:26 သင်ပူဇော်ရမည့် သန့်ရှင်းသောပူဇော်သက္ကာ၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ တို့ကိုယူ၍ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
12:27 မီးရှို့ရာယဇ်ကောင်၏အသားနှင့်သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ယဇ်ကောင်၏သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွန်း၍ အသားကိုစားရမည်။
12:28 သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ အစဉ်ကောင်းစားမည့်အကြောင်း သင့်အား ငါမှာကြားထားသော ဤစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလော့။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မှန်သောအမှုတို့ကိုပြုခြင်းဖြစ်၏။
12:29 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်ရှိလူမျိုးတို့ကို သင့်ရှေ့မှဖယ်ရှားတော်မူမည်။ သင်သည် ထိုလူမျိုးတို့ကိုနှင်ထုတ်၍ သူတို့၏ပြည်၌နေထိုင်သောအခါ
12:30 သင်သည် သူတို့နောက်လိုက်ပါခြင်းဖြင့် မကျော့မိစေရန် သတိပြုလော့။ သင်၏ရှေ့မှ ထိုလူမျိုးတို့ဖျက်ဆီးခံရပြီးနောက် သင်က ‘ထိုလူမျိုးတို့သည် သူတို့၏ဘုရားများကို မည်သို့ဝတ်ပြုကြသနည်း။ ငါလည်း ထိုနည်းတူပြုမည်’ဟု ဆိုလျက် သူတို့၏ဘုရားများအကြောင်းကို မမေးမြန်းနှင့်။
12:31 ထိုလူမျိုးသည် ထာဝရဘုရားမုန်းတော်မူသည့် စက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို မိမိတို့ဘုရားများအတွက် ပြုကြ၏။ စင်စစ် သူတို့သည် မိမိတို့၏သားသမီးများကိုပင် သူတို့၏ဘုရားများအတွက် မီးရှို့ကြ၏။ သူတို့ပြုသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
12:32 သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။