Deuteronomy 19
19:1 သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးသောပြည်ရှိ လူမျိုးတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှဖယ်ရှားတော်မူမည်။ သင်သည် ထိုလူမျိုးတို့ကိုနှင်ထုတ်၍ သူတို့၏မြို့များ၊ သူတို့၏အိမ်များ၌ နေထိုင်ကြသောအခါ
19:2 သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးတော်မူသောပြည်ထဲ၌ မြို့သုံးမြို့ကို သီးခြားခွဲထားရမည်။
19:3 လူသတ်မိသောသူမည်သူမဆို ထိုမြို့များသို့ထွက်ပြေးနိုင်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို နယ်မြေသုံးပိုင်းပိုင်း၍ လမ်းကိုလည်း ဖောက်လုပ်ရမည်။
19:4 မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုအရပ်သို့ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရမည်။
19:5 ဥပမာအားဖြင့် အိမ်နီးချင်းနှင့်အတူ တောထဲသို့ သစ်ခုတ်သွားသောသူသည် အပင်ခုတ်လှဲရန် ပုဆိန်ကိုလွှဲလိုက်သောအခါ ပုဆိန်သည် အရိုးမှကျွတ်ထွက်၍ အိမ်နီးချင်းကို ထိမှန်ကာ အိမ်နီးချင်းသေသွားလျှင် လူသတ်မိသောသူသည် ထိုမြို့များထဲမှ တစ်မြို့မြို့သို့ ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရလိမ့်မည်။
19:6 သို့မဟုတ်လျှင် လမ်းခရီးဝေးသဖြင့် သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်မိသောသူနောက်သို့ ဒေါသတကြီးလိုက်၍မီသောအခါ သူ့ကို အသေသတ်မိလိမ့်မည်။ အကယ်စင်စစ် ထိုလူသတ်မိသောသူသည် မိမိအိမ်နီးချင်းအပေါ် အမုန်းမရှိသောကြောင့် အသေမခံသင့်။
19:7 ထို့ကြောင့် ‘သင်သည် မြို့သုံးမြို့ကို သီးခြားခွဲထားရမည်’ဟု သင့်အား ငါမိန့်မှာခဲ့ခြင်းဖြစ်၏။
19:8 သင်၏ဘုရားသခင်ထာဝရဘုရားက သင့်ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သင်၏နယ်မြေကို ကျယ်ပြန့်စေ၍ သင့်ဘိုးဘေးတို့အား ပေးမည်ဟု ကတိထားတော်မူခဲ့သည့် ပြည်တစ်ပြည်လုံးကို သင့်အား ပေးတော်မူလျှင်၊
19:9 သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ ကိုယ်တော်၏လမ်းတော်၌ အစဉ်အမြဲလျှောက်လှမ်းရမည်ဟု ယနေ့ သင့်အားငါမှာကြားသော ဤပညတ်တော်ရှိသမျှကို သင်လိုက်နာစောင့်ထိန်းမည်ဆိုလျှင် ထိုမြို့သုံးမြို့အပြင် နောက်ထပ်မြို့သုံးမြို့ကို သင်ထပ်ပေါင်းရလိမ့်မည်။
19:10 သို့ပြုလျှင် အမွေအဖြစ် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ထဲ၌ အပြစ်မဲ့သောသူသည် အသက်ဆုံးရှုံးရမည်မဟုတ်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်သည်လည်း သင့်အပေါ် ကျရောက်မည်မဟုတ်။
19:11 တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို မုန်းသောကြောင့် သူ့ကိုချောင်းမြောင်းတိုက်ခိုက်၍ အသေသတ်ပြီး ထိုမြို့တစ်မြို့မြို့သို့ ထွက်ပြေးသွားသော်
19:12 သူနေထိုင်သောမြို့မှ သက်ကြီးဝါကြီးတို့က လူလွှတ်၍ သူ့ကိုခေါ်ဆောင်လာစေပြီး သွေးကြွေးအတွက်လက်စားချေပေးသောသူ၏လက်သို့ အပ်ရမည်။ သူသည် အသတ်ခံရမည်။
19:13 သူ့ကို မသနားရ။ အပြစ်မဲ့သောသူအားသတ်သောအပြစ် ကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။ သို့မှသာ သင်ကောင်းစားမည်။
19:14 သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးတော်မူသောပြည်ရှိ သင်အမွေဆက်ခံရာအမွေမြေ၌ ရှေးလူကြီးတို့သတ်မှတ်ထားသောအိမ်နီးချင်း၏နယ်နိမိတ်မှတ်တိုင်ကို မရွှေ့ရ။
19:15 တစ်စုံတစ်ယောက် ပြုမိသောဒုစရိုက်၊ ကျူးလွန်မိသောအပြစ် တစ်ခုခုအတွက် သက်သေထွက်ဆိုသူတစ်ဦးတည်းသာရှိလျှင် သူ၏စကား အတည်မဖြစ်ရ။ မည်သည့်ပြစ်မှုမဆို သက်သေနှစ်ဦးသုံးဦး၏ထွက်ဆိုသောစကားအားဖြင့်သာ အတည်ဖြစ်ရမည်။
19:16 မနာလိုစိတ်ရှိသောလူတစ်ဦးသည် တစ်ဖက်လူကို အမှားပြုသည်ဟု သက်သေထွက်ဆိုလျှင်
19:17 အမှုအခင်းဖြစ်သော ထိုသူနှစ်ဦးသည် ထာဝရဘုရားရှေ့၊ ယဇ်ပုရောဟိတ်နှင့် ထိုအချိန်တွင် တရားသူကြီးဖြစ်သောသူတို့ရှေ့တွင် ရပ်ရမည်။
19:18 တရားသူကြီးတို့သည် အသေအချာမေးမြန်းပြီး ထိုသက်သေထွက်ဆိုသူသည် မိမိ၏ညီအစ်ကိုကို ဆန့်ကျင်၍ မဟုတ်မမှန်သက်သေထွက်ဆိုကြောင်း မှန်လျှင်
19:19 သူသည် သူ၏ညီအစ်ကိုအား မကောင်းကြံစည်ခဲ့သည့်အတိုင်း သူ့အား ပြန်ပြုရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှ ဖယ်ရှားပစ်ရမည်။
19:20 ကျန်သောသူတို့သည်လည်း ကြား၍ကြောက်ရွံ့ကြသဖြင့် ထိုမကောင်းမှုမျိုးကို နောက်တစ်ဖန် ထပ်၍ကျူးလွန်တော့မည်မဟုတ်။
19:21 သင်သည် သူ့ကို မသနားရ။ အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ သူ့ကို ပြန်ခံစေရမည်။