Deuteronomy 2
2:1 ထို့နောက် ငါတို့သည် ပြန်လှည့်၍ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကာ စိရတောင်ပေါ်ဒေသတွင် ရက်ပေါင်းများစွာ လှည့်လည်ခဲ့ကြ၏။
2:2 ထာဝရဘုရားက ငါ့အား
2:3 ‘သင်တို့သည် ဤတောင်ပေါ်ဒေသတွင် ကြာမြင့်စွာ လှည့်လည်နေကြပြီ။ မြောက်ဘက်သို့ လှည့်သွားကြဦးလော့။
2:4 သင်သည် လူတို့အား “သင်တို့သည် စိရပြည်၌နေထိုင်သော သင်တို့၏ညီအစ်ကိုများဖြစ်သည့် ဧသောသားမြေးတို့၏နယ်မြေကိုဖြတ်သွားသောအခါ သူတို့သည် သင်တို့ကို ကြောက်ရွံ့ကြလိမ့်မည်။ သင်တို့ အထူးသတိပြုကြလော့။
2:5 သူတို့ကိုရန်မစနှင့်။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏ပြည်ကို ခြေတစ်ဖဝါးစာမျှ သင်တို့အားငါမပေး။
2:6 သူတို့ထံမှ အစားအစာကို ငွေဖြင့်ဝယ်စားရမည်။ ရေကိုလည်း ငွေဖြင့်ဝယ်သောက်ရမည်။
2:7 အကယ်စင်စစ် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူပြီ။ ဤကြီးမားသောတောကန္တာရကို သင်တို့ဖြတ်သွားရကြောင်း ကိုယ်တော်သိတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤအနှစ်လေးဆယ်ပတ်လုံး သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်တို့၌ ချို့တဲ့ခြင်းမရှိ”ဟူ၍ ဆင့်ဆိုလော့’ဟု မိန့်တော်မူ၏။
2:8 ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။
2:9 တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။
2:10 (ယခင်က ထိုအရပ်၌ အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြားသော ဧမိမ်လူမျိုးတို့နေထိုင်ကြ၏။
2:11 ရေဖိမ်လူမျိုးတို့ကို အာနကလူမျိုးများကဲ့သို့ ဖြစ်သည် ဟုမှတ်ယူကြ၏။ မောဘလူမျိုးတို့သည် ရေဖိမ်လူမျိုးတို့ကို ဧမိမ်လူမျိုး ဟုခေါ်ကြ၏။
2:12 ယခင်က စိရပြည်၌ ဟောရိလူမျိုးတို့ နေထိုင်ကြ၏။ အစ္စရေးလူမျိုးတို့သည် မိမိတို့အား ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကိုပြုသကဲ့သို့ ဧသောသားမြေးတို့သည်လည်း ဟောရိပြည်ကိုသိမ်းပိုက်၍ ဟောရိလူမျိုးတို့ကို မိမိတို့ရှေ့မှောက်မှ သုတ်သင်ပယ်ရှင်းကာ သူတို့၏နေရာ၌ နေထိုင်ကြ၏။)
2:13 ယခု ထ၍ ဇာရက်ချောင်းကို သင်တို့ကူးသွားကြလော့’ဟု မိန့်တော်မူ၏။ ထို့ကြောင့် ငါတို့သည် ဇာရက်ချောင်းကိုကူးသွားကြ၏။
2:14 ငါတို့သည် ကာဒေရှဗာနာအရပ်မှထွက်ခွာ၍ ဇာရက်ချောင်းကိုကူးသည်အထိ သုံးဆယ့်ရှစ်နှစ်ကြာ၏။ ထိုကာလအတွင်း တပ်စခန်းထဲမှ စစ်သည်မျိုးဆက်အပေါင်းတို့သည် ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သေကြကုန်၏။
2:15 အကယ်စင်စစ် တပ်စခန်းထဲရှိ ထိုသူတို့ သေကုန်သည်အထိ ထာဝရဘုရား၏လက်တော်သည် သူတို့ကို ဖျက်ဆီးတော်မူ၏။
2:16 လူတို့ထဲမှ စစ်သည်အားလုံး သေဆုံးကုန်သည်နှင့်
2:17 ထာဝရဘုရားက ငါ့အား
2:18 ‘ယနေ့ သင်တို့သည် အာရပြည်၊ မောဘနယ်စပ်ကို ဖြတ်သွားရမည်။
2:19 သင်တို့သည် အမ္မုန်အမျိုးသားတို့ထံသို့ရောက်သောအခါ သူတို့ကို ရန်မပြုနှင့်။ သူတို့ကိုရန်မစနှင့်။ အမ္မုန်အမျိုးသားတို့၏ပြည်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့ပြည်ကို သင်တို့ပိုင်ဖို့ငါမပေး။
2:20 (ယခင်က ထိုပြည်၌ ရေဖိမ်လူမျိုးများနေထိုင်ကြ၏။ ထိုပြည်ကို ရေဖိမ်လူမျိုးတို့၏ပြည်ဖြစ်သည် ဟုလည်းမှတ်ယူကြ၏။ အမ္မုန်လူမျိုးတို့သည် သူတို့ကို ဇံဇုမ္မိမ်လူမျိုး ဟုခေါ်ကြ၏။
2:21 ထိုလူမျိုးတို့သည် အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြား၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို အမ္မုန်အမျိုးသားတို့၏ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် အမ္မုန်အမျိုးသားတို့သည် သူတို့ပြည်ကို သိမ်းပိုက်၍ သူတို့နေရာ၌ နေထိုင်ကြ၏။
2:22 ဤသည်ကား စိရပြည်၌နေထိုင်သောဧသောသားမြေးတို့အတွက် ထာဝရဘုရားသည် ဟောရိလူမျိုးတို့ကို သူတို့ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် သူတို့သည် ဟောရိပြည်ကိုသိမ်းပိုက်ပြီး ထိုပြည်၌ ယနေ့တိုင်အောင် နေထိုင်သကဲ့သို့ပင်ဖြစ်၏။
2:23 ထို့အတူ ဂါဇမြို့တိုင်အောင် ကျေးရွာများ၌ နေထိုင်ကြသောအာဝိလူမျိုးတို့ကို ကတ္တောရကျွန်းမှရောက်လာသော ကတ္တောရိမ်လူမျိုးတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့၏နေရာ၌နေထိုင်ကြ၏။)
2:24 ထ၍ ခရီးပြုကြလော့။ အာနုန်ချောင်းကိုကူးသွားလော့။ အာမောရိလူမျိုးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် သူ၏ပြည်ကို သင်တို့လက်သို့ ငါအပ်ပြီ။ သူ့ပြည်ကိုစတင်သိမ်းပိုက်လော့။ သူ့ကိုရန်စ၍ တိုက်ခိုက်လော့။
2:25 မိုးကောင်းကင်တစ်ခွင်အောက်ရှိ လူမျိုးတို့သည် သင်တို့သတင်းကိုကြား၍ သင်တို့ရှေ့၌တုန်လှုပ်ချောက်ချားမည့်အကြောင်း သင်တို့ကိုထိတ်လန့်ကြောက်ရွံ့သောသဘောကို ယနေ့ သူတို့အပေါ်သို့ ငါစတင်ကျရောက်စေမည်’ဟု မိန့်တော်မူ၏။
2:26 ငါသည် ကေဒမုတ်တောကန္တာရမှ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးထံသို့ စေတမန်တို့ကို စေလွှတ်၍
2:27 ‘အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ။ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲဘဲ လမ်းမအတိုင်းသွားပါမည်။
2:28 စိရပြည်၌နေထိုင်ကြသော ဧသောသားမြေးတို့နှင့် အာရပြည်၌နေထိုင်ကြသော မောဘလူမျိုးတို့ပြုသည့်နည်းတူ အကျွန်ုပ်တို့စားဖို့ အစားအစာ၊ အကျွန်ုပ်တို့သောက်ဖို့ရေကို အကျွန်ုပ်တို့အား ငွေဖြင့်ရောင်းပေးပါ။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့မရောက်မီတိုင်အောင် အရှင့်ပြည်ကို ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်’ဟု ငြိမ်းချမ်းရေးစကားကို ပြောဆိုသော်လည်း
2:30 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
2:31 တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ယခုမှစ၍ ရှိဟုန်မင်းကြီးနှင့်သူ၏ပြည်ကို သင်တို့အားငါပေးပြီ။ ထိုပြည်ကိုပိုင်ဆိုင်ဖို့ စတင်သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
2:32 ရှိဟုန်မင်းကြီးနှင့် သူ့လူအပေါင်းတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ယာဟတ်အရပ်သို့ ချီတက်လာကြ၏။
2:33 ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ငါတို့ထံအပ်တော်မူသဖြင့် ငါတို့သည် သူမှစ၍ သူ့သားများနှင့်တကွ သူ့လူအပေါင်းတို့ကို လုပ်ကြံလေ၏။
2:34 ထိုအခါ သူ၏မြို့ရှိသမျှကို ငါတို့သိမ်းယူ၏။ မြို့၌ရှိသမျှသော ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို လုံးလုံးဖျက်ဆီးပစ်၏။ အသက်ရှင်ကျန်ရစ်သူတစ်စုံတစ်ယောက်မျှမရှိ။
2:35 တိရစ္ဆာန်နှင့် ငါတို့သိမ်းပိုက်သောမြို့တို့မှတိုက်ယူသောပစ္စည်းတို့ကိုသာ ငါတို့အဖို့ သိမ်းယူခဲ့၏။
2:36 အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
2:37 ယဗ္ဗုတ်ချောင်းတစ်လျှောက်မှစ၍ တောင်ပေါ်ဒေသရှိမြို့များနှင့် ငါတို့ဘုရားသခင်ထာဝရဘုရားပညတ်ထားသမျှသော အမ္မုန်အမျိုးသားတို့၏မြေကိုကား မချဉ်းကပ်ရကြ။