Deuteronomy 23
23:1 ယောက်ျားအင်္ဂါပြတ်သွားသူ၊ သို့မဟုတ် ကြေမွသွားသူသည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
23:2 ဖောက်ပြန်ရာမှရသောကလေးသည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူ၏မျိုးဆက် ဆယ်ဆက်မြောက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
23:3 အမ္မုန်လူမျိုး၊ မောဘလူမျိုးတို့သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူတို့၏မျိုးဆက် ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
23:4 အကြောင်းမူကား အီဂျစ်ပြည်မှသင်တို့ထွက်လာသောအခါ လမ်းခရီး၌ သူတို့သည် သင်တို့အား အစားအစာကိုလည်းမပေး၊ ရေကိုလည်းမပေးကြ။ ထို့ပြင် မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့မှ ဗောရသားဗာလမ်ကိုငှား၍ သင်တို့ကိုကျိန်ဆဲစေသောကြောင့်ဖြစ်၏။
23:5 သို့ရာတွင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ဗာလမ်၏စကားကို နားညောင်းတော်မမူ။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုချစ်တော်မူသောကြောင့် သင့်အဖို့ကျိန်ဆဲခြင်းကို ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။
23:6 သင်အသက်ရှင်သမျှကာလပတ်လုံး သူတို့ငြိမ်းချမ်းသာယာဖို့၊ ကောင်းစားဖို့ သင်မပြုရ။
23:7 ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။
23:8 သူတို့မွေးဖွားသောသားသမီးများဖြစ်သည့် သူတို့၏တတိယမျိုးဆက်သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ ဝင်ခွင့်ရှိ၏။
23:9 သင်သည် ရန်သူတို့ကိုတိုက်ခိုက်ရန် စစ်ချီ၍ စခန်းချသောအခါ မကောင်းမှုရှိသမျှကိုရှောင်ရမည်။
23:10 ယောက်ျားတစ်ဦးသည် ညအချိန်၌ဖြစ်ပျက်တတ်သောအရာကြောင့် မစင်မကြယ်ဖြစ်လျှင် ထိုသူသည် တပ်စခန်းအပြင်ဘက်သို့ ထွက်သွားရမည်။ တပ်စခန်းထဲသို့ မဝင်ရ။
23:11 နေဝင်ချိန်ရောက်သောအခါ သူသည် ရေချိုးရမည်။ နေဝင်ပြီးမှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
23:12 မစင်စွန့်သောနေရာသည် တပ်စခန်းအပြင်ဘက်၌ ရှိရမည်။ သင်သည် ထိုနေရာသို့သာ သွား၍စွန့်ရမည်။
23:13 မစင်သွားစွန့်သောအခါ မြေတူးစရာတူးရွင်းကို ယူသွား၍ တွင်းတူးရမည်။ မစင်စွန့်ပြီးလျှင် ပြန်ဖုံးအုပ်ရမည်။
23:14 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကယ်နုတ်ရန်၊ သင်၏ရန်သူတို့ကို သင့်လက်သို့အပ်ရန် သင်၏တပ်စခန်းထဲ၌ သွားလာတော်မူသည်ဖြစ်၍ သင်၏တပ်စခန်းသည် သန့်ရှင်းရမည်။ သို့မဟုတ်လျှင် ကိုယ်တော်သည် သင့်ထဲ၌ ညစ်ညူးသောအရာကိုတွေ့မြင်တော်မူသဖြင့် သင့်ထံမှ လွှဲရှောင်တော်မူလိမ့်မည်။
23:15 မိမိသခင်ထံမှထွက်ပြေး၍ သင့်ထံ လာရောက်ခိုလှုံသောကျွန်ကို သူ့သခင်ထံ ပြန်မအပ်ရ။
23:16 သူနှစ်သက်၍ရွေးချယ်သည့် မည်သည့်မြို့၊ မည်သည့်နေရာမဆို သင်တို့နှင့်အတူ နေထိုင်ခွင့်ပြုရမည်။ သူ့ကို အနိုင်မကျင့်ရ။
23:17 အစ္စရေးအမျိုးသမီးများထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာမိန်းမပြည့်တန်ဆာမရှိရ။ အစ္စရေးအမျိုးသားထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာမရှိရ။
23:18 ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခ ကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
23:19 သင်သည် သင့်အမျိုးသားချင်းအား ငွေကိုဖြစ်စေ၊ အစားအစာကိုဖြစ်စေ၊ ချေးငှားပေးသောမည်သည့်အရာကိုဖြစ်စေ အတိုးဖြင့်မချေးငှားရ။
23:20 တစ်ပါးအမျိုးသားထံမှ အတိုးယူနိုင်၏။ သို့သော် သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌ သင့်ကို ကောင်းချီးပေးတော်မူမည့်အကြောင်း သင်သည် မိမိအမျိုးသားချင်းထံမှ အတိုးမယူရ။
23:21 သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။
23:22 ကတိသစ္စာမပြုဘဲနေလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်မဟုတ်။
23:23 သင်၏ဘုရားသခင်ထာဝရဘုရားအား သင့်ဆန္ဒရှိ၍ သင့်နှုတ်ဖြင့်ကတိသစ္စာပြုခဲ့သည့်အတိုင်း ထိုနှုတ်ထွက်ကတိသစ္စာကို ကြိုးစားလုပ်ဆောင်ရမည်။
23:24 သင်သည် မိမိအိမ်နီးချင်း၏စပျစ်ခြံထဲသို့ဝင်သောအခါ စပျစ်သီးကို သင်စားလိုသမျှ အဝစားခွင့်ရှိ၏။ သို့သော် သင့်အိတ်ထဲ ထည့်ယူမသွားရ။
23:25 သင်သည် မိမိအိမ်နီးချင်း၏ကောက်ပဲသီးနှံခင်းထဲသို့ဝင်သောအခါ အနှံများကို သင့်လက်ဖြင့်ဆွတ်ခူးခွင့်ရှိ၏။ သို့သော် သင့်အိမ်နီးချင်း၏ကောက်ပဲသီးနှံကို တံစဉ်ဖြင့်မရိတ်ရ။