Deuteronomy 25
25:1 လူနှစ်ယောက် ခိုက်ရန်ဖြစ်ပွားကြလျှင် တရားရုံးသို့သွားရမည်။ တရားသူကြီးသည် ဖြောင့်မတ်သောသူကို အပြစ်မရှိဟုစီရင်ရမည်။ ဆိုးယုတ်သောသူကို အပြစ်ရှိသည်ဟုစီရင်ရမည်။
25:2 အပြစ်ရှိသောသူသည် ကြိမ်ဒဏ်ခံသင့်လျှင် တရားသူကြီးသည် မိမိရှေ့၌ သူ့ကိုမှောက်စေပြီး သူ၏ဆိုးယုတ်မှုနှင့်ထိုက်တန်သည့် ကြိမ်ဒဏ်အရေအတွက်အတိုင်း ရိုက်စေရမည်။
25:3 ထိုသူကို အချက်လေးဆယ်ထက် ပိုမရိုက်ရ။ ထို့ထက်ပိုရိုက်လျှင် သင့်အမျိုးသားချင်းသည် အရှက်ရလိမ့်မည်။
25:4 တလင်းနယ်နေသည့် နွားကို ပါးချုပ်မတပ်ရ။
25:5 အတူနေထိုင်သောညီအစ်ကိုတို့ထဲမှ တစ်ယောက်သည် သားမရှိဘဲ သေဆုံးခဲ့လျှင် သေဆုံးသူ၏မယားသည် အပြင်သူစိမ်းယောက်ျားနှင့် မစုံဖက်ရ။ သူ့ယောက်ျား၏ညီသည် သူ့ထံသို့ဝင်၍ သူနှင့်စုံဖက်ရမည်။ သူ့အပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုယူရမည်။
25:6 သေဆုံးသွားသောအစ်ကို၏အမည်သည် အစ္စရေးလူမျိုးထဲမှ ပျောက်ပျက်မသွားမည့်အကြောင်း ထိုမိန်းမမွေးဖွားသောသားဦးသည် အစ်ကို၏အမည်ကိုဆက်ခံရမည်။
25:7 ထိုယောက်ျားသည် မရီးကိုမယူလိုလျှင် မရီးသည် သက်ကြီးဝါကြီးတို့ရှိရာ မြို့တံခါးသို့သွား၍ ‘ကျွန်မ၏မတ်သည် အစ္စရေးလူမျိုးထဲ၌ သူ့အစ်ကို၏အမည်ဆက်ရှိနေစေရမည်ကို သူမပြုလိုပါ။ သူသည် ကျွန်မအပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုမယူလိုပါ’ဟု ပြောကြားရမည်။
25:8 မြို့၏သက်ကြီးဝါကြီးတို့သည် သူ့ကိုခေါ်ပြောရမည်။ သူက‘အကျွန်ုပ်သည် ဤမိန်းမကိုမယူလိုပါ’ဟု အခိုင်အမာဆိုလျှင်
25:9 သူ၏မရီးသည် သူ့ထံသို့ သွား၍ သက်ကြီးဝါကြီးတို့ရှေ့၌ သူ့ခြေမှ ဖိနပ်ကိုချွတ်ယူပြီး သူ၏မျက်နှာကို တံတွေးထွေးကာ ‘ကိုယ့်အစ်ကို၏အိမ်ကိုမတည်ဆောက်သောသူအား ဤသို့ပြုရသည်’ဟု ပြောရမည်။
25:10 သူ၏အမည်ကိုလည်း အစ္စရေးလူမျိုးတို့တွင် ‘ဖိနပ်ချွတ်ခံရသောအမျိုး’ဟု ခေါ်တွင်စေရမည်။
25:11 ယောက်ျားနှစ်ဦးရန်ဖြစ်ကြ၍ တစ်ဦး၏မယားသည် မိမိလင်ယောက်ျားကိုရိုက်နှက်နေသောသူ၏လက်မှလွတ်မြောက်စေလိုသဖြင့် ဝင်၍ ထိုသူ၏ယောက်ျားတန်ဆာကို လှမ်းဆွဲမည်ဆိုလျှင်
25:12 ထိုမိန်းမ၏လက်ကို ဖြတ်ရမည်။ သူ့ကို မသနားရ။
25:13 သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးဟူ၍ အချိန်ချင်းမတူသောအလေးမရှိရ။
25:14 သင့်အိမ်၌ ကြီးသောတောင်း၊ ငယ်သောတောင်းဟူ၍ အဝင်ချင်းမတူသောခြင်တောင်းမရှိရ။
25:15 သင်၏အလေး ပြည့်ရမည်၊ မှန်ကန်ရမည်။ သင်၏ခြင်တောင်း ပြည့်ရမည်၊ မှန်ကန်ရမည်။ သို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်သည် အသက်ရှည်မည်။
25:16 အကြောင်းမူကား ထိုသို့သောအားဖြင့် မတရားသောအမှုကိုပြုသောသူအပေါင်းတို့အား သင်၏ဘုရားသခင်ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
25:17 အီဂျစ်ပြည်မှ သင်ထွက်လာ၍ ခရီးပြုကြစဉ် အာမလက်လူမျိုးတို့သည် သင့်အား မည်ကဲ့သို့ပြုခဲ့သည်ကို အောက်မေ့လော့။
25:18 သင်မောပန်းလျက် ခြေကုန်လက်ပန်းကျနေသောအချိန်တွင် လမ်းခရီး၌ သင့်ကိုတွေ့၍ နောက်၌ကျန်ရစ်ခဲ့သောသူအပေါင်းတို့ကို သတ်ဖြတ်ခဲ့ကြ၏။ သူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြ။
25:19 သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် အပိုင်ပေးတော်မူသောပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသောအခါ အာမလက်လူမျိုးတို့နှင့်ဆိုင်သောအမှတ်ရစရာအား မိုးကောင်းကင်အောက်မှ ပျောက်ပျက်စေရမည်ကို မမေ့လျော့နှင့်။