2 Timothy 2
2:1 သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။
2:2 များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့။
2:3 ခရစ်တော်ယေရှု၏စစ်သားကောင်းတစ်ဦးအဖြစ် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
2:4 စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်။
2:5 မည်သူမဆို အားကစားပြိုင်ပွဲကိုယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနှင့်အညီ မယှဉ်ပြိုင်ပါက သရဖူကိုရမည်မဟုတ်။
2:6 ကြိုးစားလုပ်ဆောင်သောခြံသမားသည် အသီးအနှံများ၏အဦးဆုံးသောဝေစုကို ခံစားသင့်၏။
2:7 ငါပြောဆိုသောအရာကို ဆင်ခြင်လော့။ သခင်ဘုရားသည် အရာခပ်သိမ်းတို့၌ သင့်အား ဉာဏ်စွမ်းကိုပေးတော်မူလိမ့်မည်။
2:8 ငါဟောပြောသည့် ကောင်းမြတ်သောသတင်းအရ ဒါဝိဒ်၏အမျိုးအနွယ်မှပေါ်ထွန်းလျက် သေသောသူတို့ထဲမှ ထမြောက်တော်မူသော ယေရှုခရစ်တော်ကို သတိရလော့။
2:9 ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။
2:10 ထို့ကြောင့် ရွေးကောက်ခံရသောသူတို့သည် ခရစ်တော်ယေရှု၌ရှိသောကယ်တင်ခြင်းကို ထာဝရဘုန်းအသရေနှင့်တကွ ရရှိနိုင်မည့်အကြောင်း ငါသည် သူတို့အတွက် အရာရာကိုသည်းခံ၏။
2:11 အောက်ပါစကားသည် သစ္စာစကားဖြစ်၏။ ငါတို့သည် ကိုယ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်ကြလိမ့်မည်။
2:12 ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။
2:13 ငါတို့သည် သစ္စာမရှိလျှင်လည်း ကိုယ်တော်၏သစ္စာတော်သည် တည်မြဲတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုမငြင်းပယ်နိုင်။
2:14 ဤအကြောင်းအရာများကို သူတို့အား သတိပေးနှိုးဆော်လော့။ မည်သည့်အကျိုးမျှမရှိဘဲ ကြားနာသောသူတို့ကို ပျက်စီးစေသည့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းကိုမပြုကြရန် ဘုရားသခင်ရှေ့တော်၌ သူတို့ကို အလေးအနက်တိုက်တွန်းလော့။
2:15 သင်သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချရသူတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရှက်ကြောက်စရာမရှိသောလုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကိုဆက်သနိုင်ရန် ကြိုးစားလော့။
2:16 သို့သော် ဘုရားတရားနှင့်မဆိုင်သော အချည်းနှီးစကားများကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ၎င်းတို့သည် ဘုရားတရားမဲ့ခြင်းကို ပို၍တိုးပွားစေတတ်၏။
2:17 သူတို့၏စကားသည် မြစ်ပွားနာကဲ့သို့ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့်ဖိလက်တို့ပါ၏။
2:18 သူတို့သည် သမ္မာတရားလမ်းမှလွဲချော်၍ သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ခဲ့လေပြီဟုဆိုလျက် အချို့သောသူတို့၏ယုံကြည်ခြင်းကို ချွတ်ချော်လွဲမှားစေကြ၏။
2:19 သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
2:20 ကြီးမားသောအိမ်၌ ရွှေငွေဖြင့်ပြုလုပ်ထားသော အိုးခွက်များသာမက သစ်သားနှင့်မြေကြီးတို့ဖြင့်ပြုလုပ်ထားသော အိုးခွက်များလည်းရှိ၍ အချို့တို့ကို အသရေရှိသောအရာအတွက်သုံးလျက် အချို့တို့ကို အသရေမရှိသောအရာအတွက်သုံးကြ၏။
2:21 သို့ဖြစ်၍ မည်သူမဆို အထက်ဖော်ပြပါ မကောင်းသောအရာများမှ မိမိကိုယ်ကိုစင်ကြယ်စေလျှင် သူသည် အသရေရှိသောအရာအတွက် သုံးရန်အိုးခွက်တည်းဟူသော သန့်ရှင်းစေခြင်းခံရ၍ သခင်အတွက် အသုံးဝင်သောအိုးခွက်၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောအိုးခွက်ဖြစ်ရလိမ့်မည်။
2:22 ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။
2:23 မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုမူကား ခိုက်ရန်ဖြစ်ပွားစေတတ်သည်ဟု သိမှတ်လျက် ရှောင်ရှားလော့။
2:24 သခင်ဘုရား၏အစေအပါးသည် ခိုက်ရန်မဖြစ်ရ။ သူသည် လူအပေါင်းတို့အပေါ် ဖြည်းညင်းသောသဘောရှိ၍ သင်ကြားပေးနိုင်စွမ်းရှိသောသူ၊ မတရားသဖြင့်ခံရခြင်းကို သည်းခံတတ်သောသူဖြစ်ပြီး
2:25 ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
2:26 မာရ်နတ်က သူ့အလိုအတိုင်းပြုစေရန် သူတို့ကိုဖမ်းဆီးထားသော်လည်း သူတို့သည် မာရ်နတ်၏ကျော့ကွင်းမှ လွတ်မြောက်၍ အမြင်မှန်ရကောင်းရကြလိမ့်မည်။