Joshua 17
17:1 ယောသပ်၏သားဦးမနာရှေအမျိုးအနွယ်တို့ မဲချ၍ရရှိသောအမွေမြေမှာ ဤသို့ဖြစ်၏။ မနာရှေ၏သားဦး၊ ဂိလဒ်၏ဖခင် မာခိရသည် စစ်သူရဲဖြစ်၍ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်ကို အမွေရ၏။
17:2 ကျန်ရှိသော မနာရှေ၏သားမြေးများဖြစ်သည့် အဗျေဇာအမျိုး၊ ဟေလက်အမျိုး၊ အသရေလအမျိုး၊ ရှေခင်အမျိုး၊ ဟေဖာအမျိုး၊ ရှမိဒအမျိုး တို့သည် မျိုးနွယ်စုအလိုက် အမွေမြေရကြ၏။ ဤသူတို့သည် ယောသပ်သား မနာရှေမှဆင်းသက်လာသော မျိုးနွယ်စုအလိုက် သားယောက်ျားများ ဖြစ်၏။
17:3 မနာရှေ၏တီ၊ မာခိရ၏မြစ်၊ ဂိလဒ်၏မြေး၊ ဟေဖာ၏သား ဇလောဖဒ်၌ သားမရှိ၊ သမီးချည်းသာရှိ၏။ ထိုသမီးများ၏အမည်ကား မာလာ၊ နောအာ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ ဟူ၍ဖြစ်၏။
17:4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် ခေါင်းဆောင်တို့ထံ လာ၍ “အကျွန်ုပ်တို့ကို အကျွန်ုပ်တို့မောင်နှမများနှင့်အတူ အမွေပေးရမည်ဟု ထာဝရဘုရားက မောရှေကို မိန့်မှာခဲ့ပါ၏”ဟု ဆိုသဖြင့် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့အား သူတို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အမွေမြေကို ခွဲဝေပေး၏။
17:5 မနာရှေအမျိုးအနွယ်သည် ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အပါအဝင် အခြားအမွေမြေဝေစုဆယ်စုကိုလည်း ရသေး၏။
17:6 အကြောင်းမူကား မနာရှေအမျိုးအနွယ်၏သမီးတို့သည် သားတို့နှင့်အတူ အမွေရရှိသောကြောင့်ဖြစ်၏။ ကျန်ရှိသောမနာရှေအမျိုးသားတို့သည် ဂိလဒ်ပြည်ကိုအမွေရကြ၏။
17:7 မနာရှေ၏နယ်နိမိတ်မှာ အာရှာမြို့မှ ရှေခင်မြို့အရှေ့ဘက်ရှိ မိတ်မေသမြို့အထိ ဖြစ်၏။ ထိုနယ်နိမိတ်သည် တောင်ဘက်အင်တာပွာမြို့သို့ ရောက်၏။
17:8 တာပွာပြည်သည် မနာရှေအမျိုးသားအပိုင်ဖြစ်သော်လည်း မနာရှေနယ်စပ်ရှိ တာပွာမြို့ကိုမူ ဧဖရိမ်အမျိုးသားတို့ ပိုင်၏။
17:9 နယ်နိမိတ်သည် တောင်ဘက် ကာနချောင်းဘက်သို့ ဆင်းလာ၏။ မနာရှေပိုင်မြေထဲတွင် ဧဖရိမ်ပိုင်သောမြို့များလည်း ရှိ၏။ မနာရှေနယ်နိမိတ်သည် ချောင်း၏မြောက်ဘက်ရှိ ပင်လယ်၌ဆုံး၏။
17:10 တောင်ဘက်ပိုင်းသည် ဧဖရိမ်အပိုင်ဖြစ်ပြီး မြောက်ဘက်ပိုင်းသည် မနာရှေအပိုင်ဖြစ်၏။ ပင်လယ်သည် အနောက်ဘက်နယ်နိမိတ်ဖြစ်၏။ မြောက်ဘက်တွင် အာရှာနယ်မြေ၊ အရှေ့ဘက်တွင် ဣသခါနယ်မြေနှင့် ထိစပ်နေ၏။
17:11 ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။
17:12 ခါနာန်လူမျိုးတို့သည် ထိုအရပ်တွင် အတင်းနေထိုင်ကြသောကြောင့် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့တွင်နေထိုင်သောသူတို့ကို မနှင်ထုတ်နိုင်ခဲ့ပေ။
17:13 အစ္စရေးအမျိုးသားတို့ အင်အားကြီးလာသောအခါတွင်လည်း ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ အလုပ်ကြမ်းလုပ်စေ၏။
17:14 တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။
17:15 ယောရှုကလည်း သူတို့အား “သင်တို့၏လူဦးရေများပြားသောကြောင့် ဧဖရိမ်တောင်ပေါ်ဒေသသည် သင်တို့အဖို့ ကျဉ်းကျပ်သည်ဆိုလျှင် ဖေရဇိပြည်၊ ရေဖိမ်ပြည်ရှိ တောများကို ခုတ်ထွင်ရှင်းလင်းကြလော့”ဟု ဆိုလေ၏။
17:16 ယောသပ်အမျိုးသားတို့ကလည်း ယောရှုအား “တောင်ပေါ်ဒေသသည် အကျွန်ုပ်တို့အတွက် မလောက်ပါ။ ချိုင့်ဝှမ်းဒေသဖြစ်သော ဗက်ရှန်မြို့ရွာများနှင့် ယေဇရေလချိုင့်ဝှမ်းဒေသတွင်လည်း သံစစ်ရထားအများအပြားပိုင်ဆိုင်သော ခါနာန်လူမျိုးအပေါင်းတို့ နေထိုင်ကြပါသည်”ဟု လျှောက်ကြ၏။
17:17 ထိုအခါ ယောရှုက ယောသပ်အမျိုးအနွယ်ဖြစ်သော ဧဖရိမ်အမျိုးနှင့် မနာရှေအမျိုးအား “သင်တို့သည် လူဦးရေများ၏၊ အင်အားလည်းကြီး၏။ သင်တို့ ဝေစုတစ်စုတည်း မလောက်လျှင်
17:18 တောင်ပေါ်ဒေသကိုလည်း သင်တို့အပိုင်ဖြစ်စေမည်။ ထိုဒေသသည် တောဖြစ်သောကြောင့် သင်တို့ခုတ်ထွင်ရှင်းလင်းရမည်။ သင်တို့ခုတ်ထွင်နိုင်သမျှ သင်တို့အပိုင်ဖြစ်မည်။ ခါနာန်လူမျိုးတို့သည် သံရထားများပိုင်ဆိုင်ပြီး အင်အားကြီးသော်လည်း သူတို့ကို သင်တို့နှင်ထုတ်နိုင်လိမ့်မည်”ဟု ပြန်ပြော၏။