Joshua 5
5:1 ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။
5:2 ထိုအချိန်ကာလတွင် ထာဝရဘုရားက ယောရှုအား “မီးခတ်ကျောက်ဓားကိုပြုလုပ်၍ အစ္စရေးအမျိုးသားတို့အား ဒုတိယအကြိမ် အရေဖျားလှီးပေးလော့”ဟု မိန့်တော်မူ၏။
5:3 ထို့ကြောင့် ယောရှုသည် မီးခတ်ကျောက်ဓားကိုပြုလုပ်ပြီး ဂိဘာဟာရာလုတ် အရပ်၌ အစ္စရေးအမျိုးသားတို့ကို အရေဖျားလှီးပေးလေ၏။
5:4 ယောရှုသည် အစ္စရေးအမျိုးသားတို့အား အရေဖျားလှီးပေးရသည့်အကြောင်းကား ဤသို့ဖြစ်၏။ အီဂျစ်ပြည်မှထွက်လာသောလူတို့တွင် စစ်သူရဲယောက်ျားအပေါင်းတို့သည် တောကန္တာရလမ်းခရီး၌ သေဆုံးကြပြီဖြစ်၏။
5:5 ထိုပြည်မှထွက်လာသောသူအပေါင်းတို့သည် အရေဖျားလှီးခြင်းခံပြီးဖြစ်၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် တောကန္တာရလမ်းခရီး၌မွေးဖွားသောသူတို့မူကား အရေဖျားလှီးခြင်းမခံရသေးပေ။
5:6 အီဂျစ်ပြည်မှထွက်လာသော အစ္စရေးလူမျိုးစစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံသောကြောင့် ထိုပြည်ကို ငါတို့အား ပေးမည်ဟု ဘိုးဘေးတို့အားထာဝရဘုရားကျိန်ဆိုတော်မူခဲ့သော်လည်း နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့မြင်ရတော့မည်မဟုတ်ဟု ထာဝရဘုရားကျိန်ဆိုတော်မူ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်၍ သေကြကုန်၏။
5:7 သူတို့၏နေရာတွင် နောက်ထပ်မွေးဖွားလာသောသားမြေးတို့သည် အရေဖျားလှီးခြင်းကိုမခံရသေးသောသူများဖြစ်၍ ခရီးသွားနေစဉ်အတွင်း အရေဖျားလှီးခြင်းမခံရသေးသောကြောင့် ယောရှုသည် သူတို့ကို အရေဖျားလှီးပေး၏။
5:8 တစ်မျိုးသားလုံး အရေဖျားလှီးခြင်းကို ခံပြီးသောအခါ အနာပျောက်သည်အထိ တပ်စခန်း၌သာ နားနေကြ၏။
5:9 တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။
5:10 အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။
5:11 ပသခါပွဲတော်ကျင်းပပြီးနောက်တစ်နေ့တွင် ထိုပြည်ထွက်တဆေးမဲ့မုန့်နှင့် မုန့်ဆန်းကို ထိုနေ့ချင်းတွင် စားကြ၏။
5:12 ထိုပြည်ထွက်အစားအစာကိုစားပြီး နောက်တစ်နေ့တွင် မန္နမုန့်ပြတ်လေ၏။ အစ္စရေးအမျိုးသားတို့သည် မန္နမုန့်ကို မစားရကြတော့ပေ။ ထိုနှစ်တွင် ခါနာန်ပြည်ထွက်အသီးအနှံကို စားရကြ၏။
5:13 ယောရှုသည် ဂျေရိခေါမြို့နားတွင်ရှိနေစဉ် မျှော်ကြည့်လိုက်သောအခါ လက်၌ဓားကိုင်ထားသောလူတစ်ယောက် သူ့ရှေ့၌ရပ်နေသည်ကို တွေ့၏။ ယောရှုကလည်း သူ့ထံသွား၍ “သင်သည် ငါတို့ဘက်ကလော၊ ရန်သူတို့ဘက်ကလော”ဟု မေးလေ၏။
5:14 ထိုသူကလည်း “မည်သည့်ဘက်ကမှ မဟုတ်ပါ။ ငါသည် ထာဝရဘုရားခန့်အပ်ထားသောစစ်သူကြီးအဖြစ် လာခြင်းဖြစ်၏”ဟု ဆို၏။ ထိုအခါ ယောရှုက ထိုသူရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် “အကျွန်ုပ်သခင်၊ သခင့်အစေအပါးကို မည်သို့မိန့်ဆိုမည်နည်း”ဟု မေးလေ၏။
5:15 ထာဝရဘုရားခန့်အပ်ထားသောကောင်းကင်ဗိုလ်ခြေ၏စစ်သူကြီးကလည်း “သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့”ဟု ဆိုသည့်အတိုင်း ယောရှု ပြုလေ၏။