3 John 1
1:1 သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။
1:2 ချစ်ရသောသူ၊ သင်၏စိတ်ဝိညာဉ်ကြီးပွားသကဲ့သို့ သင်သည် အရာရာ၌ကြီးပွား၍ ကျန်းမာပါစေဟု ငါဆုတောင်း၏။
1:3 သင်သည် သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေသည့်အလျောက် ညီအစ်ကိုအချို့တို့သည်လာ၍ သင်၌ရှိသောသမ္မာတရားအကြောင်းကို သက်သေခံကြသောအခါ ငါသည် အလွန်ဝမ်းမြောက်၏။
1:4 ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။
1:5 ချစ်ရသောသူ၊ သင်သည် ညီအစ်ကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် ပြုသမျှသောဝတ်ကို သစ္စာရှိစွာပြုတတ်၏။
1:6 ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏အလိုတော်နှင့်အညီ ဆက်လက်ပို့ဆောင်ပေးလျှင် ကောင်းသောအမှုပြုခြင်းဖြစ်လိမ့်မည်။
1:7 ထိုသူတို့သည် သာသနာပလူမျိုးခြားတို့ထံမှ မည်သည့်အရာကိုမျှမယူဘဲ နာမတော်အတွက်ခရီးပြုကြ၏။
1:8 ထို့ကြောင့် ငါတို့သည် သမ္မာတရားအတွက် သူတို့နှင့်အတူလုပ်ဆောင်သောသူဖြစ်ကြရန် သူတို့ကိုကူညီထောက်ပံ့သင့်၏။
1:9 ငါသည် အသင်းတော်ထံသို့ စာအနည်းငယ်ရေးခဲ့သော်လည်း သူတို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ငါတို့ကိုလက်မခံ။
1:10 ထို့ကြောင့် ငါလာသောအခါ သူပြုနေသောအမှုကိုထောက်ပြမည်။ သူသည် မကောင်းသောစကားအမျိုးမျိုးတို့ဖြင့် ငါတို့ကို ကဲ့ရဲ့ပြစ်တင်ပြီး ဤမျှနှင့်သာမကျေနပ်ဘဲ သူကိုယ်တိုင်လည်း ညီအစ်ကိုတို့ကိုလက်မခံ၊ လက်ခံလိုသောသူများကိုလည်း တားမြစ်၍ အသင်းတော်မှ နှင်ထုတ်၏။
1:11 ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။
1:12 ဒေမေတရိအကြောင်းကို လူအပေါင်းတို့မှစ၍ သမ္မာတရားကိုယ်တိုင်က သက်သေခံ၏။ ငါတို့သည်လည်း သက်သေခံကြ၏။ ငါတို့၏သက်သေခံချက်သည် မှန်ကန်ကြောင်းကိုလည်း သင်သိ၏။
1:13 သင့်ထံ ငါရေးစရာများစွာရှိသော်လည်း မင်နှင့်မင်တံဖြင့်ငါမရေးလိုပေ။
1:14 သင်နှင့်အလျင်အမြန်တွေ့၍ မျက်နှာချင်းဆိုင်စကားပြောဆိုရန် ငါမျှော်လင့်ထား၏။
1:15 သင်၌ငြိမ်သက်ခြင်းရှိပါစေ။ မိတ်ဆွေများသည် သင့်ကိုနှုတ်ဆက်ကြ၏။ မိတ်ဆွေတို့တစ်ဦးစီကို နှုတ်ဆက်ပေးလော့။