Revelation 9
9:1 ပဉ္စမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်မှမြေကြီးပေါ်သို့ကျလာသော ကြယ်တစ်လုံးကို ငါမြင်ရ၏။ ထိုကြယ်အား အတိုင်းမသိနက်ရှိုင်းသောတွင်း၏သော့ကို ပေးအပ်ထား၏။
9:2 သူသည် ထိုအတိုင်းမသိနက်ရှိုင်းသောတွင်းကို ဖွင့်လိုက်သောအခါ မီးဖိုကြီး၏မီးခိုးကဲ့သို့သောမီးခိုးများသည် ထိုတွင်းထဲမှတက်လာပြီး ထိုတွင်း၏မီးခိုးများကြောင့် နေနှင့်အာကာသသည် မှောင်မိုက်သွားလေ၏။
9:3 ထို့နောက် ထိုမီးခိုးထဲမှ ကျိုင်းကောင်များသည် မြေကြီးပေါ်သို့ထွက်လာကြ၏။ သူတို့အား မြေကြီး၏ကင်းမြီးကောက်တို့၌ရှိသည့် အစွမ်းကဲ့သို့သောအစွမ်းကို ပေးအပ်ထား၏။
9:4 မြေကြီးပေါ်ရှိမြက်ပင်များနှင့် မည်သည့်စိမ်းလန်းသောအရာ၊ သို့မဟုတ် မည်သည့်သစ်ပင်ကိုမျှ ဘေးမသင့်စေဘဲ နဖူးပေါ်တွင် ဘုရားသခင်၏တံဆိပ်တော်မရှိသောသူတို့ကိုသာ ဘေးသင့်စေရန် သူတို့အားမှာထား၏။
9:5 ထို့ပြင် လူတို့ကိုအသေမသတ်ဘဲ ငါးလပတ်လုံးညှဉ်းဆဲသောအခွင့်ကိုပေးထား၏။ လူတို့ခံရသည့်ဝေဒနာသည် လူကို ကင်းမြီးကောက်ထိုးသောအခါ ခံရသည့်ဝေဒနာမျိုးနှင့်တူ၏။
9:6 ထိုနေ့ရက်များ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ သို့သော် တွေ့ကြမည်မဟုတ်။ အလွန်သေချင်သော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးလိမ့်မည်။
9:7 ထိုကျိုင်းကောင်တို့၏သဏ္ဌာန်သည် စစ်ပွဲအတွက်ပြင်ဆင်ထားသော စစ်မြင်းနှင့်တူ၏။ သူတို့၏ဦးခေါင်းပေါ်၌ ရွှေသရဖူကဲ့သို့သောအရာရှိ၍ သူတို့၏မျက်နှာသည် လူမျက်နှာနှင့်တူ၏။
9:8 သူတို့၌ မိန်းမဆံပင်နှင့်တူသောဆံပင်ရှိ၍ သူတို့၏သွားသည် ခြင်္သေ့သွားကဲ့သို့ဖြစ်၏။
9:9 သူတို့၌ သံရင်အုပ်တန်ဆာနှင့်တူသော ရင်အုပ်တန်ဆာရှိ၍ သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ပြေးသွားသည့် များစွာသောမြင်းရထားတို့၏အသံနှင့်တူ၏။
9:10 သူတို့တွင် ကင်းမြီးကောက်ကဲ့သို့ ဆူးပါသောအမြီးရှိ၍ ထိုအမြီး၌ လူတို့ကို ငါးလတိုင်တိုင်ဘေးသင့်စေနိုင်သောအစွမ်းရှိ၏။
9:11 သူတို့၏ဘုရင်ကား အတိုင်းမသိနက်ရှိုင်းရာအရပ်၏စေတမန်ဖြစ်၏။ ထိုသူ၏အမည်မှာ ဟေဗြဲဘာသာစကားအားဖြင့် အဗဒ္ဒုန်ဟူ၍ဖြစ်ပြီး ဂရိဘာသာစကားအားဖြင့် အပေါလျုန်ဟူ၍ဖြစ်၏။
9:12 ပထမအမင်္ဂလာသည် လွန်သွားလေပြီ။ ဤအရာများ၏နောက်တွင် အမင်္ဂလာနှစ်မျိုးလာဦးမည်။
9:13 ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးချောင်းထံမှ ထွက်လာသောအသံက
9:14 ထိုတံပိုးခရာရှိသောဆဋ္ဌမကောင်းကင်တမန်အား “ကြီးမားသောယူဖရေးတီးမြစ်နားမှာ ချည်နှောင်ထားသောကောင်းကင်တမန်လေးပါးတို့ကို ဖြေလွှတ်လိုက်လော့”ဟု ဆိုသည်ကို ငါကြားရ၏။
9:15 ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။
9:16 မြင်းစီးသူရဲတို့၏အရေအတွက်မှာ သန်းပေါင်းနှစ်ရာဖြစ်၏။ သူတို့၏အရေအတွက်ကို ငါကြားရ၏။
9:17 ဗျာဒိတ်ရူပါရုံ၌ ငါမြင်ရသော မြင်းတို့နှင့်မြင်းစီးသူရဲတို့မှာ ဤသို့ဖြစ်၏။ မြင်းစီးသူရဲတို့၌ မီးလျှံရောင်၊ နက်ပြာရောင်နှင့် ကန့်ကဲ့သို့ဝါသော ရင်အုပ်တန်ဆာများရှိကြ၏။ မြင်းတို့၏ဦးခေါင်းသည် ခြင်္သေ့၏ဦးခေါင်းနှင့်တူ၍ သူတို့၏ခံတွင်းထဲမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်နေကြ၏။
9:18 သူတို့၏ခံတွင်းထဲမှထွက်သည့် မီးလျှံ၊ မီးခိုးနှင့် ကန့်တည်းဟူသော ဤဘေးဒဏ်သုံးပါးတို့ကြောင့် လူသားသုံးပုံတစ်ပုံသေကြ၏။
9:19 မြင်းတို့၏အစွမ်းသည် သူတို့၏ခံတွင်းနှင့်အမြီးတို့၌ရှိ၏။ သူတို့၏အမြီးသည် မြွေနှင့်တူပြီး ဦးခေါင်းရှိ၍ ထိုဦးခေါင်းအားဖြင့် လူတို့အားဘေးသင့်စေ၏။
9:20 ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။
9:21 မိမိတို့ပြုခဲ့သော လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ခိုးယူခြင်းတို့အတွက်လည်း နောင်တမရဘဲနေကြ၏။