Judges 17
17:1 ဧဖရိမ်တောင်ပေါ်ဒေသတွင် မိက္ခာအမည်ရှိသောသူတစ်ဦးရှိ၏။
17:2 သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။
17:3 ငွေစတစ်ထောင့်တစ်ရာကို မိခင်အားပြန်ပေးမည်ပြုသောအခါ မိခင်က “ထိုငွေကို ငါ့သားအတွက် ရုပ်တုထွင်းထုရန်၊ သွန်းလုပ်ရန် ငါကိုယ်တိုင် ထာဝရဘုရားအား ဆက်ကပ်ထားပြီ။ သို့ဖြစ်၍ ထိုငွေကို သင့်အားငါပြန်ပေးမည်”ဟု ဆို၏။
17:4 ဤသို့ဖြင့် ထိုငွေကို မိခင်အားပြန်ပေးသောအခါ မိခင်က ငွေနှစ်ရာကိုယူပြီး ပန်းထိမ်သမားအားပေး၍ ရုပ်တုကိုထွင်းထု၊ သွန်းလုပ်စေ၏။ ထိုရုပ်တုတို့ကို မိက္ခာ၏အိမ်၌ထားလေ၏။
17:5 ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ် နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။
17:6 ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ လူတိုင်း မှန်သည်ဟုထင်သည့်အတိုင်းပြုကြ၏။
17:7 လေဝိလူငယ်တစ်ယောက်သည် ယုဒမျိုးနွယ်စုအပိုင် ယုဒပြည်၊ ဗက်လင်မြို့၌ တည်းခိုနေထိုင်၏။
17:8 သို့သော် သူသည် ယုဒပြည်၊ ဗက်လင်မြို့မှထွက်ခွာ၍ တည်းခိုရာနေရာကို ရှာရင်း၊ ခရီးသွားရင်း ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်သို့ရောက်လာ၏။
17:9 မိက္ခာက သူ့အား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေသော် သူက “အကျွန်ုပ်သည် လေဝိအမျိုးဖြစ်၏။ ယုဒပြည်၊ ဗက်လင်မြို့မှ လာပါ၏။ အကျွန်ုပ်သည် တည်းခိုရာနေရာကို ရှာနေပါ၏”ဟု ပြန်ပြောလေ၏။
17:10 မိက္ခာကလည်း “အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်နှင့်အတူနေထိုင်ပါ။ တစ်နှစ်လျှင် ငွေစတစ်ဆယ်၊ အဝတ်တစ်စုံနှင့်အစားအစာကိုပေးမည်”ဟု ဆိုလျှင် လေဝိလူငယ်သည် အိမ်ထဲသို့ဝင်သွား၏။
17:11 လေဝိလူငယ်သည် မိက္ခာနှင့်အတူနေထိုင်ရန်သဘောတူပြီး မိက္ခာ၏သားအရင်းသဖွယ် ဖြစ်လာ၏။
17:12 မိက္ခာသည် ထိုလေဝိလူငယ်ကို ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ထားသဖြင့် သူသည် မိက္ခာ၏အိမ်၌နေထိုင်လေ၏။
17:13 မိက္ခာကလည်း “ငါသည် လေဝိအမျိုးကို ငါ၏ယဇ်ပုရောဟိတ်အဖြစ်ရရှိထားသောကြောင့် ယခုမှာ ထာဝရဘုရားသည် ငါ့ကို ကောင်းစားစေတော်မူမည်ကိုငါသိ၏”ဟု ဆို၏။