Judges 5
5:1 ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏သားဗာရက်တို့က
5:2 “အစ္စရေးလူမျိုးတွင် ခေါင်းဆောင်တို့ ဦးဆောင်၍ လူတို့သည်လည်း အသက်စွန့်ပြီး တိုက်ပွဲဝင်ကြသည်ဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။
5:3 အို ရှင်ဘုရင်တို့၊ နားထောင်ကြလော့။ အို အုပ်ချုပ်သူတို့၊ အာရုံစိုက်ကြလော့။ ငါသည် ထာဝရဘုရားထံ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆိုမည်၊ ငါသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို သီဆိုချီးမွမ်းမည်။
5:4 အို ထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ပေါ်မှ ကြွတော်မူသောအခါ၊ ဧဒုံပြည်မှ ချီတော်မူသောအခါ မြေကြီးတုန်ခါပါ၏၊ ကောင်းကင်မှ မိုးရွာသွန်းပါ၏၊ တိမ်တိုက်မှလည်း မိုးရွာသွန်းပါ၏။
5:5 တောင်များသည် ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ကြပါ၏။ သိနာတောင်ပင်လျှင် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ရပါ၏။
5:6 အာနတ်၏သား ရှံဂါလက်ထက်၊ ယေလလက်ထက်တို့၌ လမ်းမတို့သည် ဆိတ်ညံလေပြီ။ သွားလာသောသူတို့သည် လမ်းကြိုလမ်းကြားတို့၌သာ သွားလာကြရပြီ။
5:7 ငါဒေဗောရမပေါ်ထွန်းမီ၊ အစ္စရေးလူမျိုး၏မိခင် ငါဒေဗောရမပေါ်ထွန်းမီ အစ္စရေးကျေးလက်တောရွာတို့သည် ဆိတ်ညံလျက်ရှိ၏။
5:8 သူတို့သည် ဘုရားအသစ်တို့ကိုရွေးချယ်ကြသောအခါ မြို့တံခါးများ၌ စစ်ဖြစ်လေ၏။ အစ္စရေးလူမျိုးတို့၌ လူလေးသောင်းတွင် ဒိုင်းတစ်ခု၊ လှံတစ်စင်းမျှမတွေ့ရ။
5:9 ထာဝရဘုရားကို ချီးမွမ်းကြလော့။ အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ လူတို့နှင့်အတူ အသက်စွန့်တိုက်ပွဲဝင်ကြသောသူများအတွက် ငါဂုဏ်ယူ၏။
5:10 သားရေကုန်းနှီး ပေါ်ထိုင်၍ မြည်းဖြူကိုစီးသောသူတို့နှင့် လမ်း၌သွားလာသောသူတို့၊ စဉ်းစားဆင်ခြင်ကြလော့။
5:11 ရေတွင်းနားတွင် သီချင်းဆိုသူ တို့က ထာဝရဘုရားသည်ဖြောင့်မတ်သောအမှုကို ပြုတော်မူကြောင်း၊ အစ္စရေးတောသူတောင်သားတို့အား ဖြောင့်မတ်စွာပြုတော်မူကြောင်းကို သီဆိုကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့တံခါးသို့ ပြန်လာကြလိမ့်မည်။
5:12 အို ဒေဗောရ၊ နိုးလော့၊ နိုးလော့။ နိုးထပြီး သီချင်းဆိုလော့။ အို အဘိနောင်၏သားဗာရက်၊ ထလော့။ သုံ့ပန်းများကို ထုတ်ဆောင်သွားလော့။
5:13 ကြွင်းကျန်သောသူတို့သည် ခေါင်းဆောင်တို့ထံသို့ ဆင်းလာကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည် သူရဲကောင်းများနှင့်အတူ ငါ့ထံသို့ ဆင်းလာကြ၏။
5:14 အို ဗင်္ယာမိန်၊ အာမလက်ပြည်၌ အခြေချနေထိုင်သော ဧဖရိမ်အမျိုးတို့သည် သင်၏လူတို့နှင့်အတူ သင့်နောက်သို့လိုက်ကြပြီ။ မာခိရအမျိုးထဲမှ ခေါင်းဆောင်များဆင်းလာကြပြီ။ ဇာဗုလုန်အမျိုးထဲမှ စစ်သူကြီးများ ဆင်းလာကြပြီ။
5:15 ဣသခါအကြီးအကဲတို့သည် ဒေဗောရနှင့်အတူလိုက်ကြပြီ။ ထိုနည်းတူ ဣသခါအမျိုးသည် ဗာရက်နောက်မှလိုက်၍ လွင်ပြင်သို့ တစ်ဟုန်ထိုးချီသွားကြပြီ။ ရုဗင်အမျိုးတွင်မူကား အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။
5:16 သိုးခြံထဲမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ သိုးထိန်းတို့၏ပလွေသံကို နားထောင်လိုသောကြောင့်လော။ ရုဗင်အမျိုးထဲတွင် အကြီးအကျယ်ဝေခွဲမရ ဖြစ်လေပြီ။
5:17 ဂိလဒ်အမျိုးသည် ဂျော်ဒန်မြစ်တစ်ဖက်၌ပင် နေနေကြပါသည်တကား။ ဒန်အမျိုးကား အဘယ်ကြောင့် သင်္ဘောများပေါ်၌ နေရစ်ရသနည်း။ အာရှာအမျိုးကလည်း ပင်လယ်ကမ်းခြေ၌သာ ထိုင်နေကြပါသည်တကား၊ ပင်လယ်ဆိပ်ကမ်း၌သာ နေထိုင်ကြပါသည်တကား။
5:18 ဇာဗုလုန်လူမျိုးကား မိမိတို့အသက်နှင့်ရင်းပြီးစွန့်စားခဲ့ပြီ။ နဿလိလူမျိုးလည်း မြင့်သောအရပ်၌ ထိုနည်းတူ ပြုခဲ့ကြပြီ။
5:19 ရှင်ဘုရင်တို့သည်လာ၍ စစ်တိုက်ကြ၏။ ခါနာန်ဘုရင်တို့သည် တာနက်မြို့၊ မေဂိဒ္ဒေါအိုင်နား၌ စစ်တိုက်ကြ၏။ တိုက်ခိုက်လုယူသောငွေကို မယူသွားကြ။
5:20 ကြယ်တို့သည် ကောင်းကင်မှစစ်တိုက်ကြပြီ။ မိမိတို့ပတ်လမ်းမှ သိသရကိုစစ်တိုက်ကြပြီ။
5:21 ကိရှုန်မြစ်၊ ရှေးကတည်းကရှိခဲ့သောမြစ်ဖြစ်သည့်ကိရှုန်မြစ်သည် သူတို့ကို တိုက်ချသွားပြီ။ အို ငါ့ဝိညာဉ်၊ ခွန်အားအပြည့်နှင့်ချီတက်လော့။
5:22 စစ်မြင်းတို့သည် ကဆုန်ပေါက် ပြေးနေကြပြီ။ မြင်းခွာသံများလည်း ပွက်လောရိုက်လေပြီ။
5:23 ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။
5:24 ကေနိလူမျိုး၊ ဟေဗာ၏မယား ယေလသည် အချီးမွမ်းထိုက်ဆုံးမိန်းမဖြစ်၏။ တဲ၌နေသောမိန်းမတို့တွင် အချီးမွမ်းထိုက်ဆုံးမိန်းမဖြစ်၏။
5:25 သိသရသည် ရေကိုတောင်းသောအခါ နွားနို့ကိုပေး၏။ တော်ဝင်ခွက်ဖြင့် နို့ဓမ်းကို ယူလာပေး၏။
5:26 သူ့လက်ဖြင့်တဲငုတ်တိုင်ကို ယူ၏။ လက်ယာလက်၌ကိုင်ထားသော လက်သမားတူဖြင့် သိသရခေါင်းကို ထုရိုက်၏။ နားထင်ကို ထိုးဖောက်၏။
5:27 သိသရသည် ယေလခြေရင်း၌ မလှုပ်မယှက်လဲလျောင်းနေ၏။ လဲလျောင်းသောနေရာ၌ပင် သေဆုံးလေ၏။
5:28 သိသရ၏မိခင်သည် ရာဇမတ်ကွက်ပြတင်းပေါက်မှမျှော်ကြည့်၍ ‘ငါ့သား၏စစ်ရထားသည် အဘယ်ကြောင့် မပြန်လာသေးဘဲ ကြန့်ကြာနေရသနည်း။ ရထားဘီးသည် အဘယ်ကြောင့် နှေးနေရသနည်း’ဟု ငိုကြွေးမြည်တမ်းလေ၏။
5:29 ဉာဏ်ပညာရှိသောနန်းတွင်းသူတို့က သူ့အားပြန်လျှောက်သကဲ့သို့ သူကိုယ်တိုင်လည်း ဤသို့ တွေးမိ၏။
5:30 ‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။
5:31 အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။