1 Samuel 1
1:1 ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။
1:2 ထိုသူ၌ မယားနှစ်ယောက်ရှိ၏။ တစ်ယောက်၏အမည်မှာ ဟန္နဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ပေနိန္နဖြစ်၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌ကား သားသမီးမရှိချေ။
1:3 ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန်နှင့် ယဇ်ပူဇော်ရန်အတွက် မိမိနေထိုင်ရာမြို့မှ ရှိလောမြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ ထိုမြို့တွင် ဧလိ၏သားနှစ်ယောက်ဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ကြ၏။
1:4 ဧလကာနသည် မိမိယဇ်ပူဇော်ရာနေ့ရောက်တိုင်း မယားပေနိန္နနှင့် သူ၏သားသမီးအားလုံးကို ဝေစုများခွဲဝေပေးလေ့ရှိ၏။
1:5 သူသည် ဟန္နကိုချစ်သောကြောင့် ဝေစုနှစ်ဆခွဲဝေပေး၏။ သို့သော် ထာဝရဘုရားသည် ဟန္နကိုသန္ဓေတည်ခွင့်ပေးတော်မမူ ။
1:6 ထိုသို့ ထာဝရဘုရားသည် ဟန္နအား သန္ဓေတည်ခွင့်ပေးတော်မမူသောကြောင့် သူ၏ပြိုင်ဖက်သည် ဟန္နစိတ်ဆိုးအောင် ဒေါသစိတ်ကို ဆွလေ့ရှိ၏။
1:7 ဟန္နသည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား၏အိမ်တော်သို့ သွားသည့်အခါတိုင်း ပြိုင်ဖက်သည် သူ့ကို ဒေါသထွက်အောင် ဆွလေ၏။ ထို့ကြောင့် သူသည် အစာမစားဘဲ ငို၍သာနေရ၏။
1:8 သူ၏ခင်ပွန်းဧလကာနကလည်း “ဟန္န၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း။ အဘယ်ကြောင့် မစားမသောက်ဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ဆင်းရဲနေသနည်း။ ငါသည် သင့်အပေါ် သားဆယ်ယောက်ထက် ပို၍ကောင်းသည်မဟုတ်လော”ဟု သူ့အား ဆို၏။
1:9 သူတို့သည် ရှိလောမြို့တွင် စားသောက်ကြပြီးနောက် ဟန္နသည် ထသွားလေ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ဧလိသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးတိုင်အနီးရှိ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။
1:10 ဟန္နသည် စိတ်နှလုံးကြေကွဲစွာဖြင့် ထာဝရဘုရားထံ ငိုယိုလျက်
1:11 “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။
1:12 ထိုသို့ ထာဝရဘုရားထံ အဆက်မပြတ်ဆုတောင်းနေစဉ် ဧလိသည် သူ့နှုတ်ကို ကြည့်လျက်နေ၏။
1:13 ဟန္နသည် စိတ်ထဲ၌ဆုတောင်းနေသောကြောင့် နှုတ်ခမ်းသာလှုပ်ပြီး အသံမထွက်။ ထို့ကြောင့် ဧလိက ဟန္န ယစ်မူးနေသည်ဟု ထင်၍
1:14 ဧလိက သူ့အား “သင်သည် မည်မျှကြာအောင်ယစ်မူးနေမည်နည်း။ စပျစ်ဝိုင်ကို ရှောင်ပါလော့”ဟု ဆို၏။
1:15 ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။
1:16 သခင့်ကျွန်မကို ဆိုးညစ်သောမိန်းမဟု မထင်ပါနှင့်။ အကျွန်ုပ်၌ ပူဆွေးဝမ်းနည်းမှု များလွန်းသဖြင့် အဆက်မပြတ်ဆုတောင်းနေခြင်းသာ ဖြစ်ပါ၏”ဟု ပြန်ပြောသော်
1:17 ဧလိက “ငြိမ်ဝပ်စွာသွားလော့။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် သင်တောင်းလျှောက်သောဆုကို ပေးသနားတော်မူပါစေသော”ဟု ဆို၏။
1:18 ထိုအခါ ဟန္နက “သခင့်ကျွန်မသည် သခင့်ရှေ့၌မျက်နှာရပါစေသော”ဟု ဆိုပြီး သူသည် ထွက်သွား၍ စားသောက်လေ၏။ သူ၏မျက်နှာသည်လည်း ယခင်ကကဲ့သို့ မညှိုးတော့ပေ။
1:19 သူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားအား ရှိခိုးကိုးကွယ်ပြီးလျှင် မိမိတို့အိမ်ရှိရာ ရာမမြို့သို့ ပြန်လာကြ၏။ ထို့နောက်တွင် ဧလကာနသည် မိမိ၏မယားဟန္နနှင့်ဆက်ဆံ၏။ ထာဝရဘုရားသည်လည်း ဟန္နကို အောက်မေ့တော်မူသဖြင့်
1:20 အချိန်တန်သောအခါ ဟန္နသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလေ၏။ ဟန္နကလည်း “ဤသားသည် ထာဝရဘုရားထံ ဆုတောင်း၍ ရသောသားဖြစ်၏”ဟု ဆိုပြီး သူ၏အမည်ကို ရှမွေလ ဟုမှည့်ခေါ်လေ၏။
1:21 ဧလကာနသည် ထာဝရဘုရားထံ နှစ်စဉ်ပူဇော်သောယဇ်ကို ပူဇော်ရန်နှင့် ကတိသစ္စာဝတ်ကိုပြုရန် သူ၏အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ သွားကြ၏။
1:22 သို့သော် ဟန္နက လိုက်မသွားဘဲ သူ့ခင်ပွန်းအား “သူငယ်နို့ပြတ်ပြီးမှ သူ့ကို ခေါ်သွားမည်။ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ ထိုနေရာတွင် အစဉ်အမြဲနေရမည်”ဟု ဆို၏။
1:23 သူ၏ခင်ပွန်းဧလကာနကလည်း “သင်ကောင်းသည်ဟုထင်သည့်အတိုင်း ပြုပါ။ သူငယ်နို့ပြတ်သည်အထိ နေပါ။ ထာဝရဘုရားသည် ကတိထားသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။ ထို့ကြောင့် ဟန္နနေခဲ့၍ မိမိ၏သားကို နို့ပြတ်သည်အထိပြုစုစောင့်ရှောက်လေ၏။
1:24 သူငယ်နို့ပြတ်ပြီးမှ ဟန္နသည် နွားထီးသုံးကောင် ၊ မုန့်ညက်တစ်ဧဖာ ၊ စပျစ်ဝိုင်တစ်ဘူးကို ယူပြီးလျှင် သူငယ်ကို ထာဝရဘုရား၏အိမ်တော်ရှိရာ ရှိလောမြို့သို့ ခေါ်ဆောင်သွား၏။ သူငယ်ကား အလွန်နုနယ်သေး၏။
1:25 သူတို့သည် နွားကိုသတ်ပြီး သူငယ်ကို ဧလိထံသို့ ခေါ်ဆောင်လာကာ
1:26 ဟန္နက “အို အကျွန်ုပ်၏သခင်၊ သခင် အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်သည် ယခင်က ဤနေရာ အရှင့်အနားတွင်ရပ်လျက် ထာဝရဘုရားထံဆုတောင်းခဲ့သောမိန်းမ ဖြစ်ပါ၏။
1:27 ဤသားကိုရဖို့ ဆုတောင်းခဲ့ရာ ထာဝရဘုရားသည် အကျွန်ုပ်တောင်းလျှောက်သောဆုကို ပေးသနားတော်မူပါပြီ။
1:28 ထို့ကြောင့် ယခု အကျွန်ုပ်သည် ဤသူငယ်ကို ထာဝရဘုရားထံ ဆက်ကပ်ပါ၏။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကို ထာဝရဘုရားထံ အပ်နှံပါပြီ”ဟု ဆိုပြီး ထိုနေရာတွင် ထာဝရဘုရားအား ရှိခိုးကိုးကွယ်လေ၏။