1 Samuel 16
16:1 တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
16:2 ထိုအခါ ရှမွေလက “အကျွန်ုပ် မည်သို့သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် အကျွန်ုပ်ကို သတ်ပါလိမ့်မည်”ဟု ပြန်လျှောက်ရာ ထာဝရဘုရားက “နွားအုပ်ထဲမှ နွားမတမ်းတစ်ကောင်ကိုယူ၍ ‘ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငါလာသည်’ဟု ဆိုလော့။
16:3 ယေရှဲကို ယဇ်ပူဇော်ပွဲသို့ ဖိတ်ခေါ်ရမည်။ သင်ပြုရမည့်အမှုကို ငါပြမည်။ သင့်အား ငါဖော်ပြသောသူကို ငါ့အဖို့ သင်ဘိသိက်ပေးရမည်”ဟု မိန့်တော်မူ၏။
16:4 ရှမွေလလည်း ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ပြု၏။ သူသည် ဗက်လင်မြို့သို့ရောက်သောအခါ ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီး သူနှင့်လာတွေ့၍ “အရှင်သည် ငြိမ်းချမ်းရေးအတွက် လာသလော”ဟု မေးကြ၏။
16:5 ရှမွေလကလည်း “ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငြိမ်းချမ်းရေးအတွက် လာပါ၏။ ကိုယ်ကို စင်ကြယ်စေကြပြီး ငါနှင့်အတူ ယဇ်ပူဇော်ပွဲသို့ လာကြလော့”ဟု သူတို့အား ဆို၏။ ယေရှဲနှင့် သူ့သားများကိုလည်း စင်ကြယ်အောင်ပြုပြီးမှ ယဇ်ပူဇော်ပွဲသို့လာရန် ဖိတ်ခေါ်၏။
16:6 သူတို့ရောက်လာကြသောအခါ ရှမွေလသည် ဧလျာဘကိုမြင်လျှင် “ထာဝရဘုရား ဘိသိက်ပေးမည့်သူသည် ရှေ့မှောက်တော်သို့ ရောက်ပြီ”ဟု တွေး၏။
16:7 ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။
16:8 တစ်ဖန် ယေရှဲသည် အဘိနဒပ်ကို ရှမွေလရှေ့သို့ ခေါ်လာပြလျှင် ရှမွေလက “ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။
16:9 တစ်ဖန် ယေရှဲသည် ရှမ္မကို ခေါ်လာပြလျှင် ရှမွေလက “သူ့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။
16:10 ယေရှဲသည် သားခုနစ်ယောက်ကို ရှမွေလရှေ့သို့ ခေါ်လာပြ၏။ သို့သော် ရှမွေလက ယေရှဲအား “သူတို့ကို ထာဝရဘုရားရွေးတော်မမူ”ဟူ၍သာ ပြော၏။
16:11 ထို့နောက် ရှမွေလက ယေရှဲအား “သင်၌ သား ကုန်ပြီလော”ဟု မေးလျှင် သူက “အငယ်ဆုံးသား ရှိပါသေး၏။ ယခု သိုးကျောင်းလျက်ရှိပါ၏”ဟု ဆို၏။ ထိုအခါ ရှမွေလက ယေရှဲအား “သူ့ကို လူလွှတ်၍ ခေါ်ပေးပါလော့။ သူမလာမချင်း ငါတို့ထိုင်၍စားသောက်ရမည်မဟုတ်”ဟု ဆို၏။
16:12 ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်လာစေ၏။ သူသည် နီမြန်းသောအသားအရေ၊ လှပသောမျက်လုံးနှင့် ခန့်ညားသောရုပ်ရည်ရှိ၏။ ထာဝရဘုရားက “ဤသူပင်ဖြစ်၏။ ထ၍ သူ့ကိုဘိသိက်ပေးလော့”ဟု မိန့်တော်မူ၏။
16:13 ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
16:14 ယခုမှာ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှောလုမင်းကြီးထံမှ ထွက်ခွာပြီး ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကို နှောင့်ယှက်လေ၏။
16:15 ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း “ကြည့်ရှုလော့။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် အရှင့်ကိုနှောင့်ယှက်ပါပြီတကား။
16:16 ထို့ကြောင့် အရှင့်ထံခစားသောအမှုထမ်းတို့အား စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာဖွေစေပါ။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးနှောင့်ယှက်သောအခါတိုင်း ထိုသူစောင်းတီးပေးလျှင် အရှင် ပြန်ကောင်းသွားပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။
16:17 ထို့ကြောင့် ရှောလုမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ယခုပင် စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာ၍ ငါ့ထံသို့ခေါ်လာလော့”ဟု အမိန့်ပေး၏။
16:18 ထိုအခါ အမှုထမ်းတို့ထဲမှ တစ်ယောက်က “ဗက်လင်မြို့သားယေရှဲ၏သားသည် စောင်းတီးကျွမ်းကျင်ကြောင်း သိရပါ၏။ သူသည် ရဲစွမ်းသတ္တိရှိသူ၊ တိုက်ရည်ခိုက်ရည်ရှိသူ၊ အပြောအဆိုလိမ္မာသူ၊ ရုပ်ရည်သန့်ပြန့်သူဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏”ဟု လျှောက်တင်လျှင်
16:19 ရှောလုမင်းကြီးသည် ယေရှဲထံ တမန်တို့ကို စေလွှတ်၍ “သိုးကျောင်းနေသော သင်၏သားဒါဝိဒ်ကို ငါ့ထံ စေလွှတ်လော့”ဟု မှာလိုက်လေ၏။
16:20 ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။
16:21 ဒါဝိဒ်သည် ရှောလုမင်းကြီးထံသို့ရောက်၍ ရှေ့တော်၌အခစားဝင်သောအခါ ရှောလုမင်းကြီးသည် သူ့ကို အလွန်သဘောကျသဖြင့် မိမိ၏လက်နက်ကိုင်အဖြစ် ခန့်အပ်လေ၏။
16:22 ထို့နောက် ရှောလုမင်းကြီးသည် ယေရှဲထံ လူလွှတ်ပြီး “ဒါဝိဒ်ကို ငါနှစ်သက်သည်ဖြစ်၍ ငါ့ထံ၌ ခစားစေပါလော့”ဟု မှာလိုက်၏။
16:23 ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို နှောင့်ယှက်သည့်အခါ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးပေး၏။ ထိုအခါ ရှောလုမင်းကြီးထံမှ ဝိညာဉ်ဆိုးထွက်သွားသဖြင့် သူသည် သက်သာပြီး နေကောင်းသွားလေ၏။