1 Samuel 18
18:1 ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။
18:2 ထိုနေ့မှစ၍ ရှောလုမင်းကြီးသည် ဒါဝိဒ်အား ဖခင်အိမ်သို့ ပြန်သွားခွင့်မပေးတော့ဘဲ ခေါ်ထားလေ၏။
18:3 ယောနသန်သည် ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်နှင့်ကတိသစ္စာပြုလေ၏။
18:4 ထို့နောက် ယောနသန်သည် မိမိဝတ်ထားသောဝတ်လုံကိုချွတ်ပြီး ဒါဝိဒ်အားပေး၏။ စစ်ဝတ်တန်ဆာများ၊ ဓား၊ လေးနှင့်ခါးပန်းတို့ကိုလည်း ပေး၏။
18:5 ဒါဝိဒ်သည် ရှောလုမင်းကြီးစေခိုင်းသမျှတို့၌ အောင်မြင်စွာလုပ်ဆောင်နိုင်၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်အား စစ်သူရဲအုပ်အရာ၌ခန့်ထားရာ စစ်သည်အပေါင်းတို့သာမက ရှောလုမင်းကြီး၏အမှုထမ်းတို့လည်း သူ့ကို နှစ်သက်သဘောကျကြ၏။
18:6 ဒါဝိဒ်အပါအဝင် စစ်သည်တို့သည် ဖိလိတ္တိလူမျိုးကို နှိမ်နင်းရာမှ ပြန်လာသောအချိန်တွင် အစ္စရေးမြို့အသီးသီးတို့မှ အမျိုးသမီးတို့သည် ရှောလုမင်းကြီးကို ကြိုဆိုရန် ဝမ်းမြောက်စွာဖြင့် ပတ်သာ၊ စောင်းတို့ကို တီးမှုတ်၍ သီဆိုကခုန်လျက် ထွက်လာကြ၏။
18:7 ထိုအမျိုးသမီးတို့သည် ကခုန်လျက် “ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ”ဟု သီဆိုကြ၏။
18:8 ထိုသို့ သီဆိုသည်ကို ရှောလုမင်းကြီးသည် ဘဝင်မကျဘဲ အလွန်အမျက်ထွက်လျက် “သူတို့က ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းဟု ဆိုကြလေပြီ။ ထို့ထက်ပိုလာလျှင် သူ့အား နိုင်ငံတော်ပေးရန်သာရှိတော့သည်”ဟု ဆို၏။
18:9 ထိုနေ့မှစ၍ ရှောလုမင်းကြီးသည် ဒါဝိဒ်ကို မနာလိုစိတ်ဝင်၍ စောင့်ကြည့်နေလေ၏။
18:10 နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။
18:11 ထိုအခါ ရှောလုမင်းကြီးက “ဒါဝိဒ်ကို နံရံထုတ်ချင်းပေါက်အောင် ငါထိုးသတ်မည်”ဟု ဆိုလျက် လှံကိုပစ်လွှတ်လိုက်၏။ သို့သော် ဒါဝိဒ်သည် နှစ်ကြိမ်တိုင်တိုင် ရှောင်တိမ်းလိုက်နိုင်၏။
18:12 ထာဝရဘုရားသည် ရှောလုမင်းကြီးကို စွန့်ပယ်၍ ဒါဝိဒ်နှင့်အတူ ရှိနေသောကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ကြောက်၏။
18:13 ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို လူတစ်ထောင်အုပ်အဖြစ်ခန့်အပ်ပြီး အထံတော်မှရွှေ့ပြောင်းပစ်၏။ ဒါဝိဒ်သည်လည်း စစ်သည်တို့ကို ဦးဆောင်ရ၏။
18:14 ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ပါရှိတော်မူသဖြင့် သူလုပ်ဆောင်လေရာရာတို့၌ အောင်မြင်မှုရရှိလေ၏။
18:15 ထိုသို့ အရာရာ၌အောင်မြင်မှုရရှိနေသည်ကို ရှောလုမင်းကြီး သိမြင်လျှင် ဒါဝိဒ်ကို ပို၍ကြောက်လေ၏။
18:16 သို့သော် အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် စစ်ချီရာတွင် သူတို့ကို ဦးဆောင်ပေးသောဒါဝိဒ်ကို ချစ်ကြ၏။
18:17 ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။
18:18 သို့သော် ဒါဝိဒ်က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့တွင် အကျွန်ုပ်အပါအဝင် အကျွန်ုပ်၏မိသားစုနှင့် အကျွန်ုပ်ဖခင်၏မျိုးနွယ်စုကား မည်သူများဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီး၏သမက်တော်ဖြစ်ရပါမည်နည်း”ဟု ပြန်လျှောက်၏။
18:19 သို့သော် ရှောလုမင်းကြီး၏သမီးမေရပ်ကို ဒါဝိဒ်နှင့်ပေးစားမည့်အချိန် ရောက်သောအခါတွင်မူ သူ့အား မေဟောလသိမြို့သား အဒြေလနှင့် ပေးစားနှင့်လေပြီ။
18:20 ရှောလုမင်းကြီး၏သမီး မိခါလသည် ဒါဝိဒ်ကို ချစ်နှစ်သက်နေကြောင်း လျှောက်တင်ကြသောအခါ ရှောလုမင်းကြီးစိတ်ကြိုက်တွေ့သွား၏။
18:21 ရှောလုမင်းကြီးက “ငါ့သမီးကို သူနှင့်ပေးစားမည်။ သူသည် ဒါဝိဒ်အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်၍ ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးတို့လက်သို့ ရောက်ရလိမ့်မည်”ဟု အကောက်ကြံ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ယခုမှာ သင်သည် ငါ့သမက် ဖြစ်ရတော့မည်”ဟု ဒုတိယအကြိမ် ပြောပြန်၏။
18:22 “ ‘ရှင်ဘုရင်သည် သင့်ကိုနှစ်သက်၏။ မင်းမှုထမ်းတို့လည်း သင့်ကိုသဘောကျ၏။ ထို့ကြောင့် ရှင်ဘုရင်၏သမက်အဖြစ် လက်ခံပါ’ဟူ၍ ဒါဝိဒ်အား တိတ်တဆိတ်ပြောကြလော့”ဟု ရှောလုမင်းကြီးက သူ၏အမှုထမ်းတို့အား မိန့်ဆို၏။
18:23 ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း ထိုစကားများကို ဒါဝိဒ်အား ပြောကြားကြ၏။ ထိုအခါ ဒါဝိဒ်က သူတို့အား “ဂုဏ်မရှိသောဆင်းရဲသားအကျွန်ုပ်ကား ရှင်ဘုရင်၏သမက်ဖြစ်ရန် ဤမျှလောက်လွယ်ကူမည်ဟု သင်တို့ထင်သလော”ဟု ပြန်ပြော၏။
18:24 ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း ဒါဝိဒ်ဆိုခဲ့သည့်စကားအတိုင်း ပြန်လျှောက်ကြ၏။
18:25 ရှောလုမင်းကြီးကလည်း “သင်တို့သည် ဒါဝိဒ်အား ‘ရှင်ဘုရင်၏ရန်သူဖြစ်သော ဖိလိတ္တိလူမျိုးတို့ကို လက်တုံ့ပြန်ရန် သူတို့၏ထိပ်ဖုံးအရေပြားတစ်ရာမှတစ်ပါး မည်သည့်မင်္ဂလာကြေးကိုမျှ ရှင်ဘုရင် အလိုမရှိပါ’ဟူ၍ ပြောကြားလော့”ဟု ဆို၏။ ရှောလုမင်းကြီး၏အကြံမှာ ဖိလိတ္တိလူမျိုးတို့လက်ဖြင့် ဒါဝိဒ် ကျဆုံးစေရန် ဖြစ်၏။
18:26 ရှောလုမင်းကြီး၏အမှုထမ်းတို့သည် ဒါဝိဒ်အား ထိုစကားတို့ကို ပြန်ပြောပြလျှင် ဒါဝိဒ်သည် ဘုရင့်သမက်တော်ဖြစ်ရမည့်အရေးကို နှစ်သက်သဘောကျမိ၏။ ထို့ကြောင့် သတ်မှတ်ချိန်မရောက်မီ
18:27 ဒါဝိဒ်နှင့် သူ့လူတို့သည် ထသွား၍ ဖိလိတ္တိလူမျိုးအယောက်နှစ်ရာကိုသတ်လေ၏။ ထို့နောက် ဒါဝိဒ်သည် ထိုသူတို့၏ထိပ်ဖုံးအရေပြားကိုယူလာ၍ ဘုရင့်သမက်တော်ဖြစ်ရဖို့ ရှင်ဘုရင်အား အတိအကျဆက်သလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် မိမိသမီး မိခါလကို ဒါဝိဒ်နှင့် ပေးစားလေ၏။
18:28 ရှောလုမင်းကြီးသည် ဒါဝိဒ်နှင့်အတူ ထာဝရဘုရား ရှိတော်မူသည်ကိုလည်းကောင်း၊ မိမိသမီးမိခါလသည် ဒါဝိဒ်အား ချစ်မြတ်နိုးသည်ကိုလည်းကောင်း သိမြင်၏။
18:29 ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ပို၍ပင်ကြောက်ရွံ့ကာ ဒါဝိဒ်ကို ရန်သူအဖြစ် အစဉ်အမြဲမှတ်လေ၏။
18:30 ဖိလိတ္တိတပ်မှူးတို့ ချီတက်တိုက်ခိုက်လေတိုင်း ဒါဝိဒ်သည် ရှောလုမင်းကြီး၏အမှုထမ်းအပေါင်းတို့ထက် အောင်နိုင်သဖြင့် နာမည်ကျော်ကြားလေ၏။