1 Samuel 25
25:1 ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။
25:2 ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။
25:3 သူ့အမည်မှာ နာဗလ၊ သူ့မယားအမည်မှာ အဘိဂဲလဖြစ်၏။ သူ့မယားသည် ဉာဏ်ရည်ထက်မြက်ပြီး ရုပ်ရည်လည်း ချောမောလှပသူဖြစ်၏။ နာဗလမူကား ကာလက်လူမျိုးဖြစ်ပြီး ကြမ်းတမ်းသောသူ၊ စရိုက်ဆိုးသွမ်းသောသူဖြစ်၏။
25:4 နာဗလသည် မိမိသိုးများကို အမွေးညှပ်လျက်နေကြောင်း တောကန္တာရတွင်နေသောဒါဝိဒ်ကြားသိလျှင်
25:5 ငယ်သားဆယ်ဦးကို လွှတ်၍ ဒါဝိဒ်က ထိုငယ်သားတို့အား “ကရမေလမြို့သို့ တက်သွားပြီး နာဗလထံသို့ သွားကြလော့။ ငါ့ကိုယ်စား သူ့ကို နှုတ်ဆက်ကြလော့။
25:6 သင်တို့က ‘အသင်နာဗလ၊ အသက်ရှည်ပါစေ။ ချမ်းမြေ့ပါစေ။ သင့်အိမ်သူအိမ်သားများလည်း ချမ်းမြေ့ကြပါစေ။ သင်၌ရှိသောသူအပေါင်းတို့လည်း ချမ်းမြေ့ကြပါစေ။
25:7 အသင် ယခု သိုးမွေးညှပ်နေသည်ဟု ကြားသိရပါ၏။ သင်၏သိုးထိန်းတို့သည် ငါတို့နှင့်အတူ ရှိနေစဉ်က ငါတို့သည် သူတို့ကို မနှောင့်ယှက်ခဲ့ပါ။ ကရမေလမြို့၌ရှိနေစဉ်ကာလပတ်လုံး သူတို့ပစ္စည်းတစ်စုံတစ်ရာမျှ မပျောက်ရှခဲ့ပါ။
25:8 အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။
25:9 ဒါဝိဒ်၏ငယ်သားတို့သည်လည်း သွား၍ ဒါဝိဒ်မှာလိုက်သောစကားအလုံးစုံကို နာဗလအား ပြောကြားပြီးနောက် စောင့်ဆိုင်းလျက်နေကြစဉ်
25:10 နာဗလက ဒါဝိဒ်၏အစေအပါးတို့အား “ဒါဝိဒ်ကား မည်သူနည်း။ ယေရှဲ၏သားကား မည်သူနည်း။ ယခုနေ့ရက်တို့တွင် သခင့်ထံမှ ထွက်ပြေးသောအစေအပါး များပြားလှပါတကား။
25:11 သိုးမွေးညှပ်သူတို့အတွက် ငါပြင်ဆင်ပေးထားသော မုန့်၊ ရေနှင့် အသားတို့ကိုယူပြီး မည်သည့်အရပ်မှလာသည်ကို ငါမသိသောသူတို့အား ပေးရမည်လော”ဟု ပြန်ပြော၏။
25:12 ထို့ကြောင့် ဒါဝိဒ်၏ငယ်သားတို့သည် လာရာလမ်းသို့ လှည့်၍ ပြန်လာကြ၏။ သူတို့ ပြန်ရောက်သောအခါ ဒါဝိဒ်အား ထိုစကားအားလုံးကို ပြန်ပြောပြကြ၏။
25:13 ထိုအခါ ဒါဝိဒ်က မိမိလူတို့အား “ကိုယ့်ဓားကိုယ် အသီးသီးစွဲကိုင်ကြလော့”ဟု ဆိုလျှင် သူတို့သည် ကိုယ့်ဓားကိုယ်စွဲကိုင်၍ ဒါဝိဒ်သည်လည်း မိမိဓားကိုစွဲကိုင်၏။ လူလေးရာခန့်သည် ဒါဝိဒ်နောက်သို့လိုက်၍ လူနှစ်ရာခန့်မှာ ပစ္စည်းစောင့်ရန်ကျန်နေခဲ့၏။
25:14 ထိုအခါ အစေအပါးတို့ထဲမှ ငယ်သားတစ်ဦးက နာဗလ၏မယား အဘိဂဲလအား “ဒါဝိဒ်သည် တောကန္တာရမှ စေတမန်ကိုလွှတ်၍ အကျွန်ုပ်တို့သခင်အား နှုတ်ဆက်သည်ကို အကျွန်ုပ်တို့သခင်သည် သူတို့အား ရိုင်းပြစွာပြောဆိုလိုက်ပါ၏။
25:15 သူတို့သည် အကျွန်ုပ်တို့အပေါ် အလွန်ကောင်းပါ၏။ တောထဲတွင် သူတို့နှင့်လှည့်လည်သွားလာသောကာလပတ်လုံး အကျွန်ုပ်တို့ကို အနှောင့်အယှက်မပေး။ အကျွန်ုပ်တို့ပစ္စည်းများလည်း ပျောက်ရှခြင်း မရှိခဲ့ပါ။
25:16 ထိုသို့ သူတို့နှင့်အတူ သိုးထိန်းခဲ့ချိန်တစ်လျှောက်လုံး သူတို့သည် နေ့ရောညပါ အကျွန်ုပ်တို့အဖို့ အကွယ်အကာ ဖြစ်ခဲ့ပါ၏။
25:17 ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။
25:18 ထိုအခါ အဘိဂဲလသည် မုန့်အလုံးနှစ်ရာ၊ စပျစ်ဝိုင်နှစ်ဘူး၊ ခုတ်ထစ်ပြီးသားသိုးငါးကောင်၊ မုန့်ဆန်းငါးစေအာ ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ သဖန်းပျဉ်အချပ်နှစ်ရာ တို့ကို အလျင်အမြန်ယူ၍ မြည်းများပေါ်တင်ပြီးလျှင်
25:19 သူ့ငယ်သားတို့အား “သင်တို့ ငါ့ရှေ့မှ အလျင်သွားနှင့်ကြ။ သင်တို့နောက်မှ ငါလိုက်ခဲ့မည်”ဟု ဆို၏။ ဤကိစ္စကို သူ့ခင်ပွန်းနာဗလအား မပြောပြဘဲနေ၏။
25:20 အဘိဂဲလသည် မြည်းကိုစီးလျက် တောင်ကွေ့တစ်ခုသို့ရောက်လာစဉ် ဒါဝိဒ်နှင့်သူ့လူတို့သည်လည်း ဆင်းလာ၍ ထိုနေရာတွင် တွေ့ဆုံမိကြ၏။
25:21 ဒါဝိဒ်က “တောထဲတွင် ဤသူပိုင်သောဥစ္စာရှိသမျှ တစ်စုံတစ်ရာမျှ မပျောက်ရှအောင် ငါစောင့်ရှောက်ပေးခဲ့သည်မှာ အချည်းနှီးဖြစ်၏။ သူသည် ငါ့အား အကောင်းကို အဆိုးနှင့် တုံ့ပြန်ခဲ့ပြီ။
25:22 ထို့ကြောင့် နံနက်မိုးသောက်ချိန်တွင် ငါသည် သူ့လူယောက်ျားတစ်စုံတစ်ယောက်ကို အသက်ရှင်ကျန်နေစေခဲ့လျှင် ဘုရားသခင်သည် ငါဒါဝိဒ်၏ရန်သူတို့ကို ထိုထက်မက စီရင်တော်မူပါစေ”ဟု ဆိုထားနှင့်၏။
25:23 အဘိဂဲလသည် ဒါဝိဒ်ကိုမြင်လျှင် မြည်းပေါ်မှအလျင်အမြန်ဆင်း၍ ဒါဝိဒ်ရှေ့ မြေပေါ်တွင် ဦးညွှတ်ပျပ်ဝပ်လေ၏။
25:24 အဘိဂဲလသည် ဒါဝိဒ်ခြေရင်းတွင် ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကိုသာ အပြစ်ပေးပါ။ ယခု သခင့်ကျွန်မလျှောက်တင်ပါရစေ။ သခင့်ကျွန်မ၏စကားကို နားထောင်ပေးပါ။
25:25 အကျွန်ုပ်၏သခင်၊ ဤဆိုးညစ်သောသူနာဗလကို စိတ်ထဲမထားပါနှင့်။ သူသည် သူ၏နာမည်နှင့်လိုက်ပါ၏။ နာဗလ ဟူသောနာမည်နှင့်အညီ မိုက်မဲသောသူဖြစ်ပါ၏။ သခင်စေလွှတ်လိုက်သော သခင့်လူတို့ကို သခင့်ကျွန်မ မတွေ့လိုက်ရပါ။
25:26 ယခုမှာ အကျွန်ုပ်၏သခင်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သခင်လည်း အသက်ရှင်သည်နှင့်အညီ ထာဝရဘုရားသည် သခင့်လက်ကို လူသတ်ခြင်းဘေး၊ သခင်ကိုယ်တိုင် လက်စားချေခြင်းဘေးမှ ဆီးတားတော်မူပြီ။ သခင့်ရန်သူ၊ သခင့်ကို အန္တရာယ်ပြုရန် ကြံစည်သောသူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
25:27 ယခု သခင့်အဖို့ သခင့်ကျွန်မ ယူလာသောလက်ဆောင်ကို သခင့်နောက်လိုက်ငယ်သားတို့အား ပေးလိုက်ပါရစေ။
25:28 သခင့်ကျွန်မ၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သခင်သည် ထာဝရဘုရားအဖို့ စစ်တိုက်သောသူဖြစ်ပါ၏။ သခင်အသက်ရှင်သမျှကာလပတ်လုံး သခင်၌ မည်သည့်မကောင်းမှုကိုမျှ မတွေ့ရပါ။ သို့ဖြစ်၍ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အမျိုးအနွယ်ကို တည်မြဲစေတော်မူပါစေသော။
25:29 တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။
25:30 ထာဝရဘုရားသည် အကျွန်ုပ်သခင့်အဖို့ မိန့်တော်မူခဲ့သောကောင်းမြတ်သောအရာရှိသမျှတို့သည် အမှန်ဖြစ်လာပါစေသော။ သခင့်အား အစ္စရေးလူမျိုးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူပါစေသော။
25:31 သို့မှ အကျွန်ုပ်သခင်သည် အကြောင်းမဲ့လူသတ်ခြင်း၊ ကိုယ်တိုင်လက်စားချေခြင်းကြောင့် စိတ်သောကရောက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာအကြောင်း မရှိဘဲနေလိမ့်မည်။ ထိုသို့ ထာဝရဘုရားသည် အကျွန်ုပ်၏သခင်ကို ကောင်းစားစေသောအခါ သခင့်ကျွန်မကိုလည်း သတိရပါ”ဟု ဆိုလေ၏။
25:32 ထိုအခါ ဒါဝိဒ်က အဘိဂဲလအား “ယနေ့ သင်နှင့်ငါ တွေ့ဆုံရန် သင့်ကိုစေလွှတ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
25:33 သင်၏ဆင်ခြင်တုံတရားရှိမှုအတွက် သင်ကောင်းချီးခံစားရပါစေသော။ ယနေ့မှာ သင်သည် ငါ့ကို လူအသက်သတ်ခြင်းအမှု၊ ကိုယ်တိုင်လက်စားချေခြင်းအမှုမှ ကင်းဝေးစေသောကြောင့် သင်ကောင်းချီးခံစားရပါစေသော။
25:34 အကယ်စင်စစ် သင့်ကိုရန်ပြုမည့်ဘေးမှ ငါ့ကို ဆီးတားတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ သင်သည် ငါ့ကို အလျင်အမြန်လာမတွေ့လျှင် နံနက်မိုးလင်းသောအခါ နာဗလအပါအဝင် ယောက်ျားတစ်ယောက်မျှ ကျန်တော့မည်မဟုတ်”ဟု ဆို၏။
25:35 ထို့နောက် ဒါဝိဒ်သည် အဘိဂဲလယူဆောင်လာသောလက်ဆောင်တို့ကို လက်ခံယူပြီးလျှင် “သင့်အိမ်သို့ ငြိမ်းချမ်းစွာပြန်သွားပါ။ သင့်စကားကို ငါနားထောင်ပြီ။ သင်တောင်းဆိုသည်ကို ငါလက်ခံပြီ”ဟု သူ့အား ဆို၏။
25:36 အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။
25:37 နံနက်ရောက်၍ နာဗလ စပျစ်ဝိုင်အမူးပြေသောအခါ သူ့မယားက သူ့အား အဖြစ်အပျက်အလုံးစုံကို ပြောပြလေ၏။ ထိုအခါ နာဗလသည် နှလုံးရပ်သွား၍ ခန္ဓာကိုယ်မှာ ကျောက်တုံးကဲ့သို့ ဖြစ်လေ၏။
25:38 နောက် ဆယ်ရက်ခန့်ကြာသော် ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် နာဗလ သေလေ၏။
25:39 နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။
25:40 ဒါဝိဒ်၏အစေအပါးတို့သည် ကရမေလမြို့ရှိအဘိဂဲလထံသို့ သွား၍ “သင့်ကို မယားအဖြစ် တောင်းဆိုပေးရန် ဒါဝိဒ်သည် အကျွန်ုပ်တို့ကို သင့်ထံ စေလွှတ်ပါ၏”ဟု ဆိုကြ၏။
25:41 ထိုအခါ အဘိဂဲလသည် ထ၍ မြေပေါ်တွင် ပျပ်ဝပ်လျက် “သခင့်ကျွန်မသည် သခင့်အစေအပါးတို့၏ခြေကို ဆေးပေးရမည့်ကျွန်မ ဖြစ်ပါ၏”ဟု ဆိုပြီးလျှင်
25:42 အဘိဂဲလသည် ချက်ချင်းထ၍ အနီးကပ်အစေခံအမျိုးသမီးငါးဦးပါလျက် မြည်းကိုစီးကာ ဒါဝိဒ်၏တမန်တို့နှင့်အတူ လိုက်သွား၍ ဒါဝိဒ်၏မယားအဖြစ် ခံယူလေ၏။
25:43 ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း ယူထားသဖြင့် သူ၌ မယားနှစ်ဦးရှိ၏။
25:44 ဒါဝိဒ်၏မယားမိခါလကိုမူ သူ့ခမည်းတော်ရှောလုမင်းကြီးသည် ဂလ္လိမ်မြို့သား၊ လဲရှ၏သား ပါလတိနှင့် ပေးစားထားနှင့်ခဲ့ပြီဖြစ်၏။