1 Samuel 27
27:1 ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်
27:2 ဒါဝိဒ်သည် ထ၍ သူ့နောက်လိုက်လူခြောက်ရာတို့နှင့်အတူ မောခ၏သား ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ သွားလေ၏။
27:3 ဒါဝိဒ်နှင့်အတူ သူ့နောက်လိုက်အားလုံးနှင့် သူတို့၏အိမ်ထောင်မိသားစုများအပါအဝင် ဒါဝိဒ်၏ဇနီးနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့သည် ဂါသမြို့၌ အာခိတ်မင်းကြီးနှင့်အတူ နေထိုင်ကြ၏။
27:4 ဂါသမြို့သို့ ဒါဝိဒ်ထွက်ပြေးသွားသည့်အကြောင်းကို ရှောလုမင်းကြီး ကြားသိလျှင် ဒါဝိဒ်ကို ဆက်၍မရှာတော့ပေ။
27:5 ဒါဝိဒ်က အာခိတ်မင်းကြီးအား “အကျွန်ုပ်သည် အရှင်မင်းကြီးရှေ့၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်နေထိုင်ဖို့ ကျေးလက်မြို့ တစ်မြို့မြို့ကို ပေးသနားပါ။ အရှင်မင်းကြီး၏အစေအပါးသည် အဘယ်ကြောင့် အရှင်မင်းကြီးနှင့်အတူ မင်းနေပြည်တော်တွင် နေရပါမည်နည်း”ဟု လျှောက်ဆို၏။
27:6 ထို့ကြောင့် ထိုနေ့တွင်ပင် အာခိတ်မင်းကြီးသည် သူ့အား ဇိကလတ်မြို့ကို ပေး၏။ ယနေ့တိုင်အောင် ဇိကလတ်မြို့သည် ယုဒဘုရင်တို့ ပိုင်ဆိုင်သောမြို့ ဖြစ်လေ၏။
27:7 ဖိလိတ္တိပြည်တွင် ဒါဝိဒ်နေထိုင်ခဲ့သောအချိန်ကာလမှာ တစ်နှစ်နှင့်လေးလဖြစ်၏။
27:8 ထိုသို့နေစဉ်တွင် ဒါဝိဒ်နှင့် သူ့နောက်လိုက်တို့သည် ဂေရှုရိလူမျိုး၊ ဂေရဇိလူမျိုးနှင့် အာမလက်လူမျိုးတို့ ရှေးကတည်းကပင် နေထိုင်ရာဖြစ်သော ရှုရအရပ်တစ်လျှောက် အီဂျစ်ပြည်အထိ ချီတက်တိုက်ခိုက်လေ့ရှိ၏။
27:9 ဒါဝိဒ်သည် ထိုအရပ်ကို တိုက်ခိုက်ပြီးလျှင် ယောက်ျားမိန်းမ တစ်ယောက်မကျန် သုတ်သင်ပစ်၏။ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နှင့် အဝတ်အစားတို့ကိုလည်း သိမ်းယူပြီး အာခိတ်မင်းကြီးထံ ပြန်သွားလေ၏။
27:10 အာခိတ်မင်းကြီးကလည်း “ယနေ့ မည်သည့်အရပ်တွင် တိုက်ခိုက်ခဲ့သနည်း”ဟု မေးလျှင် ဒါဝိဒ်က “ယုဒတောင်ဘက်”၊ “ယေရမေလတောင်ဘက်”၊ “ကေနိတောင်ဘက်” စသည်ဖြင့် ပြန်လျှောက်လေ့ရှိ၏။
27:11 “ငါတို့ကို ဒါဝိဒ် ဤသို့ပြုပါပြီ”ဟု သတင်းထွက်မည်ကိုစိုးရိမ်၍ ဂါသမြို့သို့သတင်းမရောက်စေရန် ဒါဝိဒ်သည် ယောက်ျားမိန်းမ တစ်ယောက်မျှမကျန် အကုန်သုတ်သင်ပစ်၏။ ဖိလိတ္တိနယ်တွင် နေစဉ်ကာလတစ်လျှောက်လုံး ဤသို့ပြုလေ၏။
27:12 အာခိတ်မင်းကြီးသည် ဒါဝိဒ်ကိုယုံပြီး “ဒါဝိဒ်ကို သူ့လူမျိုးအစ္စရေးတို့ အလွန်စက်ဆုပ်ရွံရှာကြပြီ။ ထို့ကြောင့် သူသည် ငါ့ထံ၌ အစဉ်အမြဲကျွန်ခံရလိမ့်မည်”ဟု ဆို၏။