1 Samuel 31
31:1 တစ်ချိန်တွင် ဖိလိတ္တိလူမျိုးတို့နှင့် အစ္စရေးလူမျိုးတို့ တိုက်ခိုက်ကြရာ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးကြရပြီး ဂိလဗောတောင်ပေါ်တွင် လဲကျသေဆုံးကြရ၏။
31:2 ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးနှင့် သူ့သားတို့နောက်သို့ ထက်ကြပ်မကွာလိုက်၍ ရှောလုမင်းကြီး၏သားများဖြစ်သော ယောနသန်၊ အဘိနဒပ်နှင့် မေလခိရွှတို့ကို ကွပ်မျက်လိုက်လေ၏။
31:3 ရှောလုမင်းကြီးသည်လည်း အပြင်းအထန်တိုက်ခိုက်ခံရပြီး လေးသည်တော်တို့နှင့်တိုးမိ၍ လေးသည်တော်တို့လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရသွား၏။
31:4 ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
31:5 ရှောလုမင်းကြီး အနိစ္စရောက်သွားသည်ကိုမြင်လျှင် သူ၏လက်နက်ကိုင်လုလင်လည်း သူ့ဓားပေါ်လှဲချပြီး ရှောလုနှင့်အတူ သေလေ၏။
31:6 ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်၊ လက်နက်ကိုင်လုလင်နှင့် သူ့နောက်လိုက်အပေါင်းတို့သည် ထိုနေ့တစ်နေ့ချင်းတွင် အတူသေကြရလေ၏။
31:7 အစ္စရေးအမျိုးသားများ ထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များလည်း ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်တစ်ဖက်ခြမ်းနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့၌နေသော အစ္စရေးအမျိုးသားတို့ သိမြင်လျှင် သူတို့သည်လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။
31:8 နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကို ချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။
31:9 သူတို့သည် ရှောလုမင်းကြီး၏ဦးခေါင်းကိုဖြတ်၍ စစ်ဝတ်တန်ဆာများကိုလည်း ချွတ်ယူကြ၏။ ထို့နောက် ဖိလိတ္တိပြည်တစ်ပြည်လုံးသို့ လူလွှတ်၍ သူတို့၏ရုပ်တုများနှင့် ပြည်သူပြည်သားများထံ၌ ထိုသတင်းကောင်းကိုကြေညာစေ၏။
31:10 ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို အာရှတရက်ဝတ်ကျောင်းတွင်ထားပြီး အလောင်းကိုမူ ဗက်ရှန်မြို့ရိုးတွင် ချိတ်ဆွဲထားကြ၏။
31:11 ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးအပေါ် မည်သို့ပြုကြသည်ကို ယာဗက်ဂိလဒ်မြို့သားတို့ ကြားသိသောအခါ
31:12 စစ်သူရဲတစ်ယောက်မကျန်ထ၍ ညတွင်းချင်းအရောက်ချီသွားကြပြီး ဗက်ရှန်မြို့ရိုး၌ချိတ်ထားသော ရှောလုမင်းကြီးအလောင်းနှင့်သူ့သားတို့၏အလောင်းများကို ဖြုတ်ယူပြီးလျှင် ယာဗက်မြို့သို့ယူဆောင်လာကာ ထိုမြို့တွင် မီးသင်္ဂြိုဟ်လိုက်ကြ၏။
31:13 ထို့နောက် အရိုးကိုယူ၍ ယာဗက်မြို့ရှိ မန်ကျည်းပင်အောက်တွင် သင်္ဂြိုဟ်ပြီး ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။