Genesis 19
19:1 ကောင်းကင်တမန်နှစ်ပါးတို့သည် နေဝင်ချိန်၌ သောဒုံမြို့သို့ရောက်လာကြ၏။ ထိုအခါ လောတသည် သောဒုံမြို့တံခါးဝ၌ ထိုင်လျက်နေ၏။ လောတသည် သူတို့ကိုမြင်သော် ကြိုဆိုရန်ထသွား၍ မြေမှာပျပ်ဝပ်ပြီးလျှင်
19:2 “အကျွန်ုပ်၏သခင်တို့၊ သခင်တို့၏အစေအပါးအိမ်သို့လိုက်ခဲ့၍ ညအိပ်နားကြပါ။ သခင်တို့၏ခြေကိုလည်းဆေးနိုင်ပါသည်။ စောစောထပြီးမှလည်း ခရီးဆက်နိုင်ပါသည်”ဟု ဆိုလေ၏။ သူတို့ကလည်း “မလိုက်တော့ပါ။ ငါတို့သည် ဤကွင်းပြင်၌ ညအိပ်နားမည်”ဟု ဆိုကြ၏။
19:3 သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။
19:4 သူတို့မအိပ်မီတွင် သောဒုံမြို့သားယောက်ျားများသည် လူကြီးလူငယ်တစ်ယောက်မကျန် မြို့အနှံ့မှလာ၍ အိမ်ကိုဝိုင်းထားကြ၏။
19:5 ထိုသူတို့သည် လောတကိုဟစ်ခေါ်လျက် “ယနေ့ညတွင် သင့်ထံသို့ရောက်လာသောယောက်ျားတို့သည် အဘယ်မှာရှိသနည်း။ ငါတို့သည် သူတို့နှင့်ဆက်ဆံလိုသည်ဖြစ်၍ သူတို့ကို ငါတို့ထံထုတ်ခဲ့လော့”ဟု ဆိုကြ၏။
19:6 ထိုအခါ လောတသည် ထိုသူတို့ရှိရာတံခါးဝသို့ထွက်လာ၍ မိမိနောက်မှ တံခါးကိုပိတ်ပြီးလျှင်
19:7 “ငါ့ညီအစ်ကိုတို့၊ ဤဆိုးညစ်သောအမှုကို မပြုကြပါနှင့်။
19:8 ငါ့ထံ၌ ယောက်ျားနှင့်မဆက်ဆံသေးသော သမီးနှစ်ယောက်ရှိ၏။ သူတို့ကို သင်တို့ထံသို့ ထုတ်ပေးမည်။ သင်တို့အလိုရှိသည့်အတိုင်း သူတို့ကိုပြုကြပါ။ သို့သော် ထိုယောက်ျားတို့သည် ငါ့အိမ်မိုးအရိပ်အောက်တွင် ရောက်နေကြပြီဖြစ်၍ သူတို့ကို မည်သည့်အရာမျှမပြုကြပါနှင့်”ဟု ဆို၏။
19:9 ထိုသူတို့ကလည်း “ဘေးဖယ်လော့”ဟု ဆိုကြပြီးလျှင် “ဤသူသည် ဧည့်သည်အဖြစ်လာရောက်နေထိုင်သူဖြစ်လျက်နှင့် တရားသူကြီးအလွန်လုပ်သည်တကား။ ယခု သင့်ကို ထိုသူတို့ထက် ဆိုးရွားစွာပြုမည်”ဟု ပြောဆိုကြ၏။ ထို့နောက် သူတို့သည် လောတကို ကြမ်းတမ်းစွာတွန်း၍ တံခါးကိုချိုးဖျက်ရန် ချဉ်းကပ်လာကြ၏။
19:10 ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့ရှိရာအိမ်ထဲသို့ ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။
19:11 ထို့နောက် အိမ်တံခါးဝရှိ လူကြီးလူငယ်တို့ကို မျက်စိကွယ်စေရန် ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာရ၍ မောပန်းကြ၏။
19:12 ကောင်းကင်တမန်တို့က လောတအား “ဤအရပ်တွင် သင်နှင့်သက်ဆိုင်သူ အခြားမည်သူရှိသေးသနည်း။ သင်၏သမက်၊ သင်၏သားသမီးများမှစ၍ မြို့ထဲ၌ရှိသော သင်နှင့်သက်ဆိုင်သူရှိသမျှတို့ကို ဤအရပ်မှခေါ်ထုတ်လော့။
19:13 အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဤအရပ်ကို ဖျက်ဆီးတော့မည်။ အကြောင်းမူကား သူတို့၏အော်ဟစ်ငိုကြွေးသံသည် ထာဝရဘုရားရှေ့တော်တွင် ကျယ်လောင်လှသဖြင့် ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးရန် ငါတို့ကိုစေလွှတ်တော်မူပြီ”ဟု ဆိုကြ၏။
19:14 လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
19:15 အရုဏ်ဦးအချိန်ရောက်သည်နှင့် ကောင်းကင်တမန်တို့သည် လောတကိုဆော်ဩလျက် “ထလော့၊ ဤနေရာ၌ရှိသော သင်၏မယားနှင့် သင်၏သမီးနှစ်ယောက်ကို ခေါ်ဆောင်သွားလော့။ သို့မဟုတ်လျှင် သင်သည် ဤမြို့အပေါ်ကျရောက်မည့်အပြစ်ဒဏ်နှင့်အတူ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
19:16 သို့သော် လောတသည် တုံ့ဆိုင်းနေ၏။ ထာဝရဘုရားသည် သူ့ကိုသနားတော်မူသဖြင့် ကောင်းကင်တမန်တို့သည် သူနှင့် သူ့မယား၊ သူ့သမီးနှစ်ယောက်တို့၏လက်ကိုဆွဲ၍ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်လာ၏။
19:17 ထိုသို့ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်ပြီးနောက် ကောင်းကင်တမန်တစ်ပါးက “အသက်လွတ်အောင်ပြေးလော့။ နောက်လှည့်မကြည့်နှင့်။ ဤမြစ်ဝှမ်းရှိ မည်သည့်အရပ်၌မျှမရပ်နှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ်လျှင် သင်သည် ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆို၏။
19:18 လောတကလည်း “အကျွန်ုပ်၏အရှင်တို့၊ ထိုသို့မဖြစ်ပါစေနှင့်။
19:19 အရှင်၏အစေအပါးသည် အရှင်၏ရှေ့၌ မျက်နှာရပါပြီ။ အကျွန်ုပ်၏အသက်ကိုချမ်းသာပေးခြင်းအားဖြင့် အကျွန်ုပ်အားပြသော အရှင်၏မေတ္တာသည် ကြီးမားလှပါ၏။ သို့ရာတွင် အကျွန်ုပ်သည် တောင်ပေါ်သို့မပြေးနိုင်ပါ။ ဘေးအန္တရာယ်သည် အကျွန်ုပ်ကိုလိုက်မီ၍ သေရမည်ကိုစိုးရိမ်ပါ၏။
19:20 ကြည့်ပါ။ ထိုမြို့သည် နီးပါ၏။ ပြေးသာပါ၏။ မြို့ငယ်လေးလည်း ဖြစ်ပါ၏။ ထိုအရပ်သို့ပြေးပါရစေ။ မြို့ငယ်လေးသာဖြစ်သောကြောင့် အကျွန်ုပ်အသက်ချမ်းသာရာရပါလိမ့်မည်”ဟု ဆို၏။
19:21 ကောင်းကင်တမန်ကလည်း “သင်တောင်းဆိုသော ဤအချက်ကိုလည်း ငါလိုက်လျော၍ သင်ပြောသောမြို့ကို မဖြိုလှဲဘဲနေမည်။
19:22 ထိုအရပ်သို့ အလျင်အမြန်ပြေးလော့။ အကြောင်းမူကား ထိုအရပ်သို့ သင်မရောက်မချင်း ငါသည် မည်သည့်အမှုကိုမျှပြု၍မရ”ဟု ဆို၏။ ဤအကြောင်းကြောင့် ထိုမြို့၏အမည်ကို ဇောရ ဟုခေါ်ကြ၏။
19:23 လောတသည် ဇောရမြို့သို့ရောက်သောအခါ မြေကြီးပေါ်မှာ နေထွက်ပြီဖြစ်၏။
19:24 ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
19:25 ဤသို့ဖြင့် ထိုမြို့များမှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံး၊ မြို့၌နေထိုင်သူအားလုံးနှင့် မြေပေါ်ရှိအပင်တို့ကို ဖြိုလှဲတော်မူ၏။
19:26 နောက်မှလိုက်လာသော လောတ၏မယားမူကား နောက်လှည့်ကြည့်သဖြင့် ဆားတိုင်ဖြစ်သွားလေ၏။
19:27 အာဗြဟံသည် နံနက်စောစောထ၍ ထာဝရဘုရား၏ရှေ့တော်၌ ရပ်ခဲ့သောအရပ်သို့ သွားပြီးလျှင်
19:28 သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
19:29 ထိုသို့ မြစ်ဝှမ်းရှိမြို့များကို ဘုရားသခင်ဖျက်ဆီးသောအခါ ဘုရားသခင်သည် အာဗြဟံကိုအောက်မေ့တော်မူ၏။ သို့ဖြစ်၍ လောတနေသောမြို့များကို ဖြိုလှဲသောအခါ လောတကိုထိုဖြိုလှဲခြင်းထဲမှ လွှတ်ပေးတော်မူ၏။
19:30 လောတသည် ဇောရမြို့၌နေထိုင်ရန်ကြောက်ရွံ့သဖြင့် ဇောရမြို့မှထွက်၍ မိမိသမီးနှစ်ယောက်တို့နှင့်အတူ တောင်ပေါ်မှာနေထိုင်လေ၏။ သူနှင့် သူ၏သမီးနှစ်ယောက်တို့သည် လိုဏ်ဂူထဲတွင် နေထိုင်ကြ၏။
19:31 သမီးအကြီးက သမီးအငယ်အား “ငါတို့၏ဖခင်သည် အသက်ကြီးပြီ။ ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့၏ထုံးစံအတိုင်း ငါတို့ထံသို့ဝင်ရောက်မည့်ယောက်ျားလည်း ဤကမ္ဘာမြေကြီးပေါ်တွင်မရှိ။
19:32 လာလော့။ ငါတို့ဖခင်ကိုစပျစ်ဝိုင်တိုက်၍ သူနှင့်အိပ်ပြီး ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။
19:33 ထိုည၌ သူတို့သည် မိမိတို့ဖခင်ကို စပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအကြီးသည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
19:34 နောက်တစ်နေ့တွင် သမီးအကြီးက သမီးအငယ်အား “မနေ့ညက ငါသည် ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညလည်း သူ့ကိုစပျစ်ဝိုင်တိုက်ကြစို့။ သင်သည်ဝင်၍ သူနှင့်အိပ်ပါ။ ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။
19:35 ထိုည၌လည်း သူတို့သည် မိမိတို့ဖခင်ကိုစပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအငယ်သည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
19:36 ထိုသို့ဖြင့် လောတ၏သမီးနှစ်ယောက်တို့သည် မိမိတို့ဖခင်အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
19:37 သမီးအကြီးသည် သားကိုမွေးဖွား၍ သူ၏အမည်ကို မောဘ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် မောဘလူမျိုးတို့၏ဖခင်ဖြစ်၏။
19:38 သမီးငယ်သည်လည်း သားကိုမွေးဖွား၍ သူ၏အမည်ကို ဗင်အမ္မိ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် အမ္မုန်အမျိုးသားတို့၏ဖခင်ဖြစ်၏။