Genesis 21
21:1 ထာဝရဘုရားသည် မိမိမိန့်တော်မူခဲ့သည့်အတိုင်း စာရာကိုအကြည့်အရှုကြွလာတော်မူ၏။ ထာဝရဘုရားသည် ကတိပေးတော်မူခဲ့သည့်အတိုင်း စာရာ၌ပြုတော်မူသဖြင့်
21:2 စာရာသည် ကိုယ်ဝန်ဆောင်၍ အာဗြဟံအားဘုရားသခင်ကတိပေးတော်မူသောအချိန်၌ အသက်ကြီးသောအာဗြဟံအတွက် သားတစ်ယောက်ကို မွေးဖွားလေ၏။
21:3 အာဗြဟံသည်လည်း မွေးဖွားလာသောသားဖြစ်သည့် မိမိအတွက်စာရာမွေးဖွားပေးသောသား၏အမည်ကို ဣဇက် ဟုမှည့်ခေါ်လေ၏။
21:4 အာဗြဟံသည် မိမိအားဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သားဣဇက်ကို ရှစ်ရက်သားအရွယ်၌ အရေဖျားလှီးခြင်းပေးလေ၏။
21:5 သားဣဇက်ကို သူ့အတွက်မွေးဖွားသောအခါ အာဗြဟံသည် အသက်တစ်ရာရှိပြီဖြစ်၏။
21:6 စာရာကလည်း “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤအကြောင်းကိုကြားသောသူအားလုံးတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်”ဟု ဆို၏။
21:7 တစ်ဖန် သူက “စာရာသည် သားသမီးကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံကို မည်သူပြောခဲ့ဖူးမည်နည်း။ ယခုမူကား သူအသက်ကြီးသောအခါ သူ့အဖို့ သားတစ်ယောက်ကိုငါမွေးဖွားပေးခဲ့ပြီ”ဟု ဆိုလေ၏။
21:8 ကလေးသည် ကြီးလာ၍ နို့ပြတ်လေ၏။ ဣဇက်နို့ပြတ်သောနေ့၌ အာဗြဟံသည် ကြီးကျယ်ခမ်းနားသောစားသောက်ပွဲကျင်းပလေ၏။
21:9 အီဂျစ်အမျိုးသမီးဟာဂရနှင့် အာဗြဟံရသောသားသည် ဣဇက်အားပြောင်လှောင်သည်ကို စာရာမြင်သောအခါ
21:10 အာဗြဟံအား “ဤကျွန်မနှင့် သူ၏သားကို နှင်ထုတ်ပါလော့။ အကြောင်းမူကား ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇက်နှင့်အတူ အမွေခံမဖြစ်ရ” ဟု ဆို၏။
21:11 ထိုအမှုသည် မိမိသားနှင့်ပတ်သက်သောကြောင့် အာဗြဟံသည် အလွန်စိတ်ဒုက္ခရောက်လေ၏။
21:12 သို့ရာတွင် ဘုရားသခင်က အာဗြဟံအား “ထိုသူငယ်နှင့်ပတ်သက်၍လည်းကောင်း၊ သင်၏ကျွန်မနှင့်ပတ်သက်၍လည်းကောင်း စိတ်ဒုက္ခမဖြစ်နှင့်။ သင့်အား စာရာပြောသမျှသောစကားကို နားထောင်လော့။ အကြောင်းမူကား ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
21:13 ကျွန်မ၏သားသည်လည်း သင်၏အမျိုးအနွယ်ဖြစ်သောကြောင့် ငါသည် သူ့ကိုလူမျိုးတစ်မျိုးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
21:14 အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
21:15 သားရေဘူးထဲမှ ရေကုန်သောအခါ သူသည် ချုံတစ်ချုံအောက်၌ သူငယ်ကိုထားပြီးလျှင်
21:16 “သူငယ်သေသည်ကို ငါမမြင်လို”ဟု ဆိုလျက် သူငယ်၏နောက်ဘက်၊ လေးတစ်ပစ်ခန့်အကွာသို့သွား၍ ထိုင်လေ၏။ သူသည် သူငယ်၏နောက်ဘက်တွင်ထိုင်လျက် အော်ဟစ်ငိုကြွေးလေ၏။
21:17 ဘုရားသခင်သည် သူငယ်၏အသံကို ကြားတော်မူ၏။ ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ကောင်းကင်မှနေ၍ ဟာဂရကိုခေါ်ပြီးလျှင် “ဟာဂရ၊ သင်ဘာဖြစ်သနည်း။ မကြောက်နှင့်။ အကြောင်းမူကား သူငယ်ရှိသည့်နေရာမှ သူငယ်၏အသံကို ဘုရားသခင်ကြားတော်မူပြီ။
21:18 ထလော့။ သူငယ်ကိုထူမ၍ သူ့ကို သင်၏လက်ဖြင့်ကိုင်ထားလော့။ အကြောင်းမူကား ငါသည် သူ့ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်”ဟု မြွက်ဆို၏။
21:19 ဘုရားသခင်သည် ဟာဂရ၏မျက်စိကိုပွင့်စေတော်မူသဖြင့် သူသည် ရေတွင်းကိုမြင်လေ၏။ ထိုအခါ သူသည် သွား၍ သားရေဘူးကိုရေဖြည့်ပြီးလျှင် သူငယ်ကိုတိုက်လေ၏။
21:20 ဘုရားသခင်သည် သူငယ်နှင့်အတူရှိတော်မူ၏။ သူသည် ကြီးပြင်းလာ၍ တောကန္တာရ၌နေထိုင်ပြီး လေးသမားဖြစ်လာ၏။
21:21 ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
21:22 ထိုအခါ၌ အဘိမလက်မင်းကြီးနှင့် သူ၏စစ်သူကြီးဖိကောလသည် အာဗြဟံအား “သင်ပြုလေသမျှတို့၌ သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။
21:23 သို့ဖြစ်၍ သင်သည် ငါမှစ၍ ငါ့သား၊ ငါ့သားမြေးအစဉ်အဆက်တို့ကိုမလှည့်စား၊ သင့်အား ငါမေတ္တာထားသကဲ့သို့ သင်သည်လည်း ငါ့အားလည်းကောင်း၊ သင်တည်းခိုနေထိုင်သောပြည်အားလည်းကောင်း မေတ္တာထားမည်ဟု ယခု ဤနေရာတွင် ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါလော့”ဟု မိန့်ဆို၏။
21:24 အာဗြဟံကလည်း “အကျွန်ုပ်ကျိန်ဆိုပါ၏”ဟု ဆိုလေ၏။
21:25 ထို့နောက် အာဗြဟံသည် အဘိမလက်မင်းကြီး၏အစေအပါးများလုယူသောရေတွင်းနှင့်ပတ်သက်၍ အဘိမလက်မင်းကြီးကို တိုင်ကြားလေ၏။
21:26 အဘိမလက်မင်းကြီးကလည်း “ဤအမှုကို မည်သူပြုသည်ကို ငါမသိ။ သင်သည်လည်း ငါ့ကိုမပြော။ ငါသည်လည်း ယနေ့တိုင်အောင် မကြား”ဟု ဆို၏။
21:27 အာဗြဟံသည် သိုးအုပ်၊ နွားအုပ်ကိုယူ၍ အဘိမလက်မင်းကြီးအားပေးပြီးလျှင် သူတို့နှစ်ဦးသည် ပဋိညာဉ်ဖွဲ့ကြ၏။
21:28 ထို့နောက် အာဗြဟံသည် သိုးအုပ်ထဲမှ သိုးသငယ်အမခုနစ်ကောင်ကို သီးသန့်ဖယ်ထား၏။
21:29 အဘိမလက်မင်းကြီးကလည်း “သင်သီးသန့်ဖယ်ထားသော ဤသိုးသငယ်အမခုနစ်ကောင်ကား ဘယ်အတွက်နည်း”ဟု အာဗြဟံအားမေးလျှင်
21:30 အာဗြဟံက “ဤရေတွင်းကို အကျွန်ုပ်တူးထားကြောင်း အကျွန်ုပ်၏သက်သေဖြစ်စေရန်အတွက် ဤသိုးသငယ်အမခုနစ်ကောင်ကို အကျွန်ုပ်၏လက်မှ ခံယူပါ”ဟု ဆိုလေ၏။
21:31 သူသည် ထိုအရပ်ကို ဗေရရှေဘ ဟုခေါ်၏။ အကြောင်းမူကား သူတို့နှစ်ဦးသည် ထိုအရပ်၌ ကျိန်ဆိုကြသောကြောင့်ဖြစ်၏။
21:32 သူတို့သည် ဗေရရှေဘအရပ်၌ ပဋိညာဉ်ဖွဲ့ကြပြီးနောက် အဘိမလက်မင်းကြီးနှင့် သူ၏စစ်သူကြီးဖိကောလသည် ထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။
21:33 ထိုအခါ အာဗြဟံသည် ဗေရရှေဘအရပ်၌ ဧရှာလပင်ကိုစိုက်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို ထိုအရပ်၌ ခေါ်ဆိုပတ္ထနာပြုလေ၏။
21:34 အာဗြဟံသည် ဖိလိတ္တိပြည်၌ အချိန်ကြာမြင့်စွာ တည်းခိုနေထိုင်လေ၏။