Genesis 44
44:1 ထို့နောက် ယောသပ်သည် မိမိ၏အိမ်ထိန်းအား “သူတို့အိတ်များထဲ၌ သူတို့သယ်နိုင်သမျှအစားအစာကို အပြည့်ဖြည့်လော့။ သူတို့အသီးသီး၏ငွေကိုလည်း သူတို့အိတ်ဝ၌ပြန်ထည့်ပေးလော့။
44:2 အငယ်ဆုံး၏အိတ်ဝ၌ စားနပ်ရိက္ခာဝယ်ယူသည့်ငွေနှင့်တကွ ငါ့ငွေခွက်ကို ထည့်လိုက်လော့”ဟု မိန့်မှာ၏။ အိမ်ထိန်းသည် ယောသပ်မိန့်ဆိုသည့်စကားအတိုင်းပြုလေ၏။
44:3 နံနက်မိုးလင်းသောအခါ သူတို့ကို သူတို့၏မြည်းများနှင့်တကွ ပြန်လွှတ်လိုက်လေ၏။
44:4 သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။
44:5 ဤခွက်သည် ငါ့သခင်သောက်သောခွက်ဖြစ်သည်သာမက နိမိတ်ဖတ်သောခွက်လည်း ဖြစ်သည်မဟုတ်လော။ သင်တို့ပြုသောအမှုသည် ဆိုးညစ်လှပါတကား’ဟူ၍ သူတို့အား ပြောရမည်”ဟု မိန့်မှာလေ၏။
44:6 အိမ်ထိန်းသည် သူတို့ကိုမီသောအခါ သူတို့အား ထိုစကားကိုပြောလေ၏။
44:7 သူတို့ကလည်း “အကျွန်ုပ်သခင် အဘယ်ကြောင့် ဤစကားကိုပြောရပါသနည်း။ ထိုသို့ပြုခြင်းအမှုသည် သခင့်အစေအပါးတို့နှင့်ဝေးပါစေ။
44:8 အကျွန်ုပ်တို့၏အိတ်ဝ၌တွေ့ရှိခဲ့သောငွေကို ခါနာန်ပြည်မှ သခင့်ထံသို့ပြန်ယူလာခဲ့ပါ၏။ အကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်၏အရှင်သခင်အိမ်မှ ရွှေ၊ ငွေကိုခိုးယူရမည်နည်း။
44:9 သခင့်အစေအပါးတို့ထဲမှ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကိုတွေ့လျှင် သူသည် သေဒဏ်သင့်ပါစေ။ အကျွန်ုပ်တို့သည်လည်း သခင့်ထံ၌ ကျွန်ခံပါမည်”ဟု ဆိုကြ၏။
44:10 အိမ်ထိန်းက “ကောင်းပြီ။ သင်တို့၏စကားအတိုင်းဖြစ်စေ။ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကို တွေ့လျှင် ထိုသူသည် ငါ့ထံ၌ကျွန်ခံရမည်။ ကျန်သောသူတို့မူကား ကင်းလွတ်စေ”ဟု ဆိုလေ၏။
44:11 ထိုအခါ သူတို့အသီးသီးသည် မိမိတို့အိတ်ကို မြေပေါ်သို့အလျင်အမြန်ချပြီး မိမိတို့အိတ်ကိုဖွင့်ကြ၏။
44:12 အိမ်ထိန်းသည်လည်း အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင်ရှာဖွေရာ ဗင်္ယာမိန်၏အိတ်ထဲ၌ ခွက်ကိုတွေ့လေ၏။
44:13 ထိုအခါ သူတို့သည် မိမိတို့၏အဝတ်များကိုဆုတ်ဖြဲ၍ အသီးသီး မိမိတို့၏မြည်းများပေါ်သို့ ဝန်ကိုပြန်တင်ပြီးလျှင် မြို့သို့ပြန်လာကြ၏။
44:14 ယုဒနှင့်သူ၏ညီအစ်ကိုတို့သည် ယောသပ်၏အိမ်သို့ပြန်ရောက်သောအခါ ယောသပ်သည် အိမ်၌ပင်ရှိနေသေး၍ သူတို့သည် ယောသပ်ရှေ့၌ ညွတ်တွားပျပ်ဝပ်ကြ၏။
44:15 ယောသပ်က သူတို့အား “သင်တို့ပြုသောဤအမှုကား မည်သို့နည်း။ ငါကဲ့သို့သောလူသည် နိမိတ်ဖတ်တတ်ကြောင်းကို သင်တို့မသိကြသလော”ဟု ဆိုလေ၏။
44:16 ယုဒက “အကျွန်ုပ်တို့သည် သခင့်အား မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ မည်သို့ဆိုနိုင်ပါမည်နည်း။ အကျွန်ုပ်တို့ဖြောင့်မတ်ကြောင်း မည်သို့သက်သေပြနိုင်ပါမည်နည်း။ ဘုရားသခင်သည် သခင့်အစေအပါးတို့၏ဒုစရိုက်ကိုတွေ့မြင်တော်မူပြီ။ လက်ဝယ်၌ခွက်ရှိသောသူမှစ၍ အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်လေ၏။
44:17 သို့သော် ယောသပ်က “ထိုသို့ပြုခြင်းသည် ငါနှင့်ဝေးပါစေ။ လက်ဝယ်၌ ခွက်ရှိသောသူသည် ငါ့ထံ၌ ကျွန်ခံရမည်။ သင်တို့မူကား သင်တို့ဖခင်ထံသို့ ငြိမ်းချမ်းစွာပြန်သွားကြလော့”ဟု ဆို၏။
44:18 ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
44:19 သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၌ ဖခင်ရှိသလော၊ ညီရှိသလော’ဟု မေးသဖြင့်
44:20 အကျွန်ုပ်တို့ကလည်း သခင့်အား ‘အကျွန်ုပ်တို့၌ အသက်ကြီးပြီဖြစ်သောဖခင်နှင့် ဖခင်အသက်ကြီးမှရသောသားအငယ်ဆုံးတစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုကား သေဆုံးသွားပါပြီ။ သူ့မိခင်ဖွားသောသားတွင် သူတစ်ယောက်တည်းကျန်ပါ၏။ သူ့ဖခင်သည် သူ့ကိုချစ်ပါ၏’ဟု ဖြေကြားခဲ့ပါ၏။
44:21 ထိုအခါ သခင်က သခင့်အစေအပါးတို့အား ‘သူ့ကို တွေ့မြင်ရဖို့ ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့’ဟု ဆိုပါ၏။
44:22 အကျွန်ုပ်တို့ကလည်း သခင်အား ‘သူငယ်သည် အဖေ့ကိုထားခဲ့၍မရပါ။ အဖေ့ကို ထားခဲ့လျှင် အဖေသေပါလိမ့်မည်’ဟု လျှောက်ကြပါ၏။
44:23 သို့သော် သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၏အငယ်ဆုံးညီကို သင်တို့နှင့်အတူမခေါ်ဆောင်လာခဲ့ပါက ငါ့မျက်နှာကို နောက်တစ်ဖန်သင်တို့မြင်ရမည်မဟုတ်’ဟု ဆိုပါ၏။
44:24 အကျွန်ုပ်တို့သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့၏ဖခင်ထံသို့ ပြန်ရောက်သောအခါ သခင့်စကားကို ဖခင်အားပြောပြကြပါ၏။
44:25 ထို့နောက် အကျွန်ုပ်တို့၏ဖခင်က ‘တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့’ဟု ဆို၏။
44:26 သို့သော် အကျွန်ုပ်တို့က ‘အကျွန်ုပ်တို့မသွားနိုင်ပါ။ အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူမပါလျှင် ထိုသူ၏မျက်နှာကို မြင်ရမည်မဟုတ်။ ထို့ကြောင့် အငယ်ဆုံးညီသည် အကျွန်ုပ်တို့နှင့်အတူပါလျှင် အကျွန်ုပ်တို့သွားပါမည်’ဟု ပြန်ပြောကြပါ၏။
44:27 ထိုအခါ သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့ဖခင်က ‘ငါ့မယားသည် ငါ့အတွက် သားနှစ်ယောက်မွေးဖွားခဲ့ကြောင်း သင်တို့သိကြ၏။
44:28 တစ်ယောက်သည် ငါ့ထံမှ ထွက်သွားလေပြီ။ “သူသည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းကိုခံရလေပြီ”ဟု ငါညည်းတွားပြောဆိုခဲ့ရ၏။ ထိုအချိန်မှစ၍ သူ့ကိုငါမတွေ့ရတော့ပေ။
44:29 ဤတစ်ယောက်ကိုလည်း သင်တို့သည် ငါ့ထံမှယူသွား၍ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့် မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်’ဟု အကျွန်ုပ်တို့အား ဆိုပါ၏။
44:30 သို့ဖြစ်၍ အကျွန်ုပ်သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်ဖခင်ထံသို့ပြန်ရောက်သောအခါ အကျွန်ုပ်တို့နှင့်အတူ သူငယ်မပါလျှင် အဖေ၏အသက်သည် သူငယ်၏အသက်နှင့်နှောင်ဖွဲ့ရစ်ပတ်လျက်ရှိသောကြောင့်
44:31 သူငယ်မပါသည်ကိုသိမြင်သောအခါ အဖေသည် သေပါလိမ့်မည်။ ကျွန်တော်မျိုးတို့သည် သခင့်အစေအပါးဖြစ်သော ဆံပင်ဖြူသူအကျွန်ုပ်တို့ဖခင်ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်။
44:32 သခင့်အစေအပါးအကျွန်ုပ်က ‘သူငယ်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်သည် အဖေ၏အပြစ်တင်ခြင်းကို အစဉ်အမြဲခံယူပါမည်’ဟု ဆိုလျက် အဖေ့ထံသူငယ်အတွက်အာမခံခဲ့ပါ၏။
44:33 ထို့ကြောင့် သခင့်အစေအပါးသည် သူငယ်အစား သခင့်ထံ၌ ကျွန်အဖြစ်နေရစ်ခဲ့ပါရစေ။ သူငယ်ကို သူ၏အစ်ကိုတို့နှင့်အတူ ပြန်သွားခွင့်ပြုပါ။
44:34 အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။