2 Samuel 13
13:1 ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
13:2 ထိုသို့ အာမနုန်သည် နှမတာမာကို ချစ်သောစိတ်ဖြင့် စိတ်ဖိစီးကာဖျားလေ၏။ နှမတော်သည် အပျိုစင်ဖြစ်သောကြောင့် သူ့အား မည်သို့ရယူရမည်ကို အာမနုန်တွေးမရဘဲ အခက်တွေ့နေ၏။
13:3 အာမနုန်တွင် ယောနဒပ်အမည်ရှိသော မိတ်ဆွေတစ်ဦး ရှိ၏။ ယောနဒပ်သည် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ဖြစ်ပြီး အလွန်ဉာဏ်များသူဖြစ်၏။
13:4 သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
13:5 ထိုအခါ ယောနဒပ်က သူ့အား “သင်နေမကောင်းယောင်ဆောင်ပြီး အိပ်ရာထဲလှဲနေလိုက်ပါ။ သင့်ခမည်းတော် သင့်ကိုလာကြည့်လျှင် ‘အကျွန်ုပ်ကို ပြုစုကျွေးမွေးဖို့ အကျွန်ုပ်၏နှမတာမာကို လွှတ်ပေးပါ။ အကျွန်ုပ်ရှေ့တွင် အစားအစာပြင်ဆင်ပေးသည်ကို ကြည့်ပြီး သူ့လက်နှင့် ခွံ့ကျွေးသည်ကို စားလိုပါ၏’ဟူ၍ လျှောက်လော့”ဟု အကြံပေးလေ၏။
13:6 ထို့ကြောင့် အာမနုန်သည် နေမကောင်းယောင်ဆောင်ပြီး လှဲနေလေ၏။ ရှင်ဘုရင်လာကြည့်သောအခါ အာမနုန်က ရှင်ဘုရင်အား “အကျွန်ုပ်၏နှမ တာမာကို လွှတ်ပေးပြီး အကျွန်ုပ်ရှေ့တွင် မုန့်နှစ်ပြားကိုလုပ်ပေးစေပါ။ သူ့လက်နှင့် ခွံ့ကျွေးသည်ကို အကျွန်ုပ်စားလိုပါ၏”ဟု လျှောက်လျှင်
13:7 ဒါဝိဒ်မင်းကြီးကလည်း တာမာရှိရာနန်းဆောင်သို့လူလွှတ်၍ “ယခု သင့်အစ်ကိုအာမနုန်ရှိရာနန်းဆောင်သို့သွားပြီး သူ့အတွက် စားစရာကိုပြင်ဆင်ပေးပါ”ဟု မှာလိုက်၏။
13:8 ထို့ကြောင့် တာမာသည် အစ်ကိုအာမနုန်ရှိရာနန်းဆောင်သို့သွား၍ လဲလျောင်းနေသော အာမနုန်ရှေ့တွင် မုန့်ညက်ကိုယူ၍ နယ်ပြီးလျှင် မုန့်ကိုဖုတ်လေ၏။
13:9 ဒယ်အိုးထဲမှမုန့်ကိုယူ၍ အာမနုန်ရှေ့၌ ချပေးသော်လည်း သူသည်မစားဘဲ “လူအားလုံး ငါ့ထံမှထွက်သွားကြ”ဟု ဆိုသဖြင့် လူအားလုံး သူ့ထံမှထွက်သွားကြ၏။
13:10 ထိုအခါ အာမနုန်က တာမာအား “မုန့်ကို အိပ်ခန်းထဲယူလာပြီး ငါ့ကို သင်လက်နှင့် ခွံ့ကျွေးပါ” ဟု ဆိုသဖြင့် တာမာသည် မိမိပြင်ဆင်ထားသောမုန့်တို့ကိုယူ၍ အစ်ကိုအာမနုန်အိပ်ခန်းထဲသို့ ဆောင်သွား၏။
13:11 အာမနုန်စားဖို့ မုန့်ကိုကမ်းပေးလိုက်သောအခါ အာမနုန်က သူ့ကိုဖမ်းဆွဲပြီး “ငါ့နှမ လာပါ။ ငါနှင့်အတူ အိပ်ပါ”ဟု ဆို၏။
13:12 တာမာကလည်း သူ့အား “မလုပ်ပါနှင့် အစ်ကို။ အကျွန်ုပ်ကို အဓမ္မမပြုပါနှင့်။ အစ္စရေးလူမျိုးတွင် ဤသို့ပြုလေ့မရှိ။ ဤသို့ ယုတ်ညံ့သောအမှုကို မပြုပါနှင့်။
13:13 ဤသို့ပြုလျှင် အကျွန်ုပ်ဘယ်သွားသွား ကဲ့ရဲ့ခံရပါလိမ့်မည်။ သင်သည်လည်း အစ္စရေးလူမျိုးတွင် မိုက်မဲသောသူတစ်ဦး ဖြစ်ရပါလိမ့်မည်။ ထို့ကြောင့် ရှင်ဘုရင်ကို လျှောက်တင်ပါလော့။ သင်နှင့်အကျွန်ုပ်ကို သဘောမတူဘဲမနေပါ”ဟု ဆိုသော်လည်း
13:14 နှမစကားကို နားမထောင်ဘဲ နှမထက်အားကြီးသောကြောင့် သူ့ကို အဓမ္မပြုကျင့်ကာ အတူအိပ်လေ၏။
13:15 ထို့နောက် အာမနုန်သည် သူ့ကို အမုန်းကြီးမုန်းသွားပြန်၏။ ယခင်ချစ်သောစိတ်ထက် မုန်းသောစိတ်ပို၍ကြီးသဖြင့် အာမနုန်က သူ့အား “ထလော့၊ ထွက်သွားလော့”ဟု ဆို၏။
13:16 တာမာကလည်း “မနှင်ထုတ်ပါနှင့်။ အကျွန်ုပ်ကိုနှင်ထုတ်ခြင်းသည် အကျွန်ုပ်ကို အဓမ္မပြုကျင့်သည်ထက် သာ၍ဆိုးပါ၏”ဟု ဆိုသော်လည်း သူသည် နားမထောင်။
13:17 သူ့ထံ၌ခစားသောငယ်သားတစ်ယောက်ကိုခေါ်၍ “ဤမိန်းမကို ငါ့ထံမှ အပြင်သို့နှင်ထုတ်ပြီး တံခါးကိုပိတ်ထားလော့”ဟု ဆို၏။
13:18 ထိုငယ်သားသည်လည်း ဘုရင့်သမီးတော်အပျိုစင်တို့ ဝတ်ဆင်ရလေ့ရှိသောရောင်စုံသင်တိုင်းကို ဝတ်ဆင်ထားသောတာမာအား နှင်ထုတ်ပြီးလျှင် တံခါးကိုပိတ်ထားလိုက်လေ၏။
13:19 တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
13:20 သူ့အစ်ကို အဗရှလုံက သူ့အား “သင့်အစ်ကို အာမနုန်က သင့်ကိုအဓမ္မပြုလိုက်ပြီလော။ ငါ့နှမ၊ ယခု ဆိတ်ဆိတ်နေလော့။ သူသည် သင့်အစ်ကို ဖြစ်သည့်အတွက် ဤကိစ္စကို သင့်စိတ်ထဲမထားပါနှင့်”ဟု နှစ်သိမ့်၏။ တာမာကလည်း သူ့အစ်ကို အဗရှလုံ၏နန်းဆောင်တွင် ဆိတ်ဆိတ်နေလေ၏။
13:21 ဒါဝိဒ်မင်းကြီးသည် ဤသတင်းအလုံးစုံကို ကြားသိလျှင် အလွန်အမျက်ထွက်လေ၏။
13:22 အဗရှလုံသည် မိမိနှမတာမာအား အာမနုန်အဓမ္မပြုလိုက်သဖြင့် အာမနုန်ကိုမုန်းတီး၏။ သို့သော် သူ့အား ကောင်းသည်၊ ဆိုးသည် မည်သည့်စကားတစ်ခွန်းကိုမျှမပြောဘဲနေ၏။
13:23 အချိန်နှစ်နှစ်ခန့်ကြာသော် အဗရှလုံသည် ဧဖရိမ်ပြည်အနီး ဗာလဟာဇော်အရပ်၌ သိုးမွေးညှပ်သမားတို့နှင့်အတူရှိနေစဉ် ဘုရင့်သားတော်အပေါင်းတို့ကို ဖိတ်ခေါ်၏။
13:24 ထို့ပြင် အဗရှလုံသည် ရှင်ဘုရင်ထံသို့ဝင်၍ “အရှင့်သားကျွန်တော်မျိုး သိုးမွေးညှပ်ပွဲကျင်းပနေပါသည်။ သို့ဖြစ်၍ အရှင်မင်းကြီးနှင့် မင်းမှုထမ်းတို့ ကျွန်တော်မျိုးနှင့်အတူ ကြွတော်မူပါ”ဟု လျှောက်၏။
13:25 ထိုအခါ ရှင်ဘုရင်က အဗရှလုံအား “ငါ့သား၊ ငါတို့အကုန် မသွားသင့်ပါ။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်”ဟု မိန့်ဆို၏။ အဗရှလုံ မရမကခေါ်သော်လည်း ရှင်ဘုရင်သည် မသွားလို၊ ကောင်းချီးသာပေးလိုက်၏။
13:26 အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။
13:27 သို့သော် အဗရှလုံက မရမကတောင်းဆိုသဖြင့် ရှင်ဘုရင်သည် အာမနုန်နှင့်တကွ ရှင်ဘုရင်၏သားတော်အားလုံးကိုသွားစေလေ၏။
13:28 ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
13:29 ဤသို့ဖြင့် အဗရှလုံ၏ငယ်သားတို့သည် အဗရှလုံမှာထားသည့်အတိုင်း အာမနုန်ကို ပြုလေ၏။ ထိုအခါ ရှင်ဘုရင်၏သားတော်အပေါင်းတို့သည် ထ၍ ကိုယ့်လားကိုယ်စီးပြီး ထွက်ပြေးကြလေ၏။
13:30 သူတို့လမ်း၌ရှိနေသေးစဉ် “အဗရှလုံသည် ရှင်ဘုရင်၏သားတော်အားလုံးကို သုတ်သင်ပစ်လေပြီ။ တစ်ယောက်မျှ မကျန်ပါ”ဟု ဒါဝိဒ်မင်းကြီးထံ သတင်းရောက်လာ၏။
13:31 ရှင်ဘုရင်သည် ထ၍ မိမိအဝတ်ကိုဆုတ်လျက် မြေပေါ်မှာလှဲလေ၏။ သူ့ထံခစားသော မင်းမှုထမ်းအပေါင်းတို့သည်လည်း ကိုယ့်အဝတ်ကိုယ်ဆုတ်ပစ်ကြလေ၏။
13:32 ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ယောနဒပ်က “အကျွန်ုပ်၏သခင်၊ ရှင်ဘုရင်၏သားတော် မင်းညီမင်းသားအားလုံး အသတ်ခံရပြီဟု မထင်လိုက်ပါနှင့်။ အာမနုန်တစ်ဦးတည်းသာ အသတ်ခံရပါပြီ။ အဗရှလုံသည် မိမိနှမတာမာအဓမ္မပြုခံရသည့်နေ့မှစ၍ ဤအမှုကို ကြံစည်ထားနှင့်ပါပြီ။
13:33 သို့ဖြစ်၍ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏စိတ်ထဲတွင် ရှင်ဘုရင်၏သားတော်အားလုံးသေပြီဟူသောသတင်းကို မယုံပါနှင့်။ အာမနုန်တစ်ဦးတည်းသာ သေပါပြီ”ဟု လျှောက်လေ၏။
13:34 အဗရှလုံမှာ ထွက်ပြေးသွားနှင့်ပြီဖြစ်၏။ ကင်းစောင့်လုလင်တစ်ဦးသည် အနောက်ဘက်သို့မျှော်ကြည့်ရာ တောင်စောင်းလမ်းတစ်လျှောက်တွင် လူအုပ်ကြီးလာနေသည်ကိုမြင်လျှင်
13:35 ယောနဒပ်က ရှင်ဘုရင်အား “ကြည့်ပါ။ ရှင်ဘုရင်၏သားတော်တို့ ပြန်လာကြပါပြီ။ ကျွန်တော်မျိုး၏စကား မှန်သည် မဟုတ်လော”ဟု ဆို၏။
13:36 ယောနဒပ်၏စကားဆုံးသည်နှင့် ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အော်ဟစ်ငိုကြွေးကြလေ၏။ ရှင်ဘုရင်နှင့်တကွ မင်းမှုထမ်းအပေါင်းတို့သည်လည်း ပြင်းစွာငိုကြွေးကြလေ၏။
13:37 အဗရှလုံသည် ထွက်ပြေး၍ ဂေရှုရဘုရင်အမိဟုဒ်မင်းကြီး၏သားတော် တာလမဲထံသို့ ရောက်သွား၏။ ဒါဝိဒ်မင်းကြီးမူကား သားတော်ကြောင့် နေ့စဉ်နှင့်အမျှ ငိုကြွေးမြည်တမ်းရလေ၏။
13:38 အဗရှလုံသည် ဂေရှုရပြည်သို့ထွက်ပြေးသွား၍ ထိုပြည်တွင် သုံးနှစ်နေလေ၏။
13:39 ဒါဝိဒ်မင်းကြီးသည် သေဆုံးသွားသောအာမနုန်အတွက် စိတ်ဖြေသာမှုရပြန်သော် အဗရှလုံထံ စိတ်ရောက်သွားပြန်၏။