2 Samuel 17
17:1 ထို့နောက် အဟိသောဖေလက အဗရှလုံအား “လူအယောက်တစ်သောင်းနှစ်ထောင်ကို ရွေးချယ်ပြီး ယနေ့ညတွင်ပင်ထ၍ ဒါဝိဒ်မင်းကြီးနောက်သို့ အကျွန်ုပ်လိုက်ပါရစေ။
17:2 သူခြေကုန်လက်ပန်းကျ၍ အားနည်းနေချိန်တွင် သူ့ကို တိုက်ခိုက်ပါရစေ။ သူ့ကို ခြိမ်းခြောက်ပြီး သူ့လူအပေါင်းတို့ ထွက်ပြေးကြသောအခါ ရှင်ဘုရင်ကိုသာ ကွပ်မျက်ပါမည်။
17:3 လူအားလုံးကိုလည်း အရှင့်ထံ ပြန်ခေါ်လာပါမည်။ အရှင်အလိုရှိသောသူကိုရလျှင် ကျန်လူအပေါင်းတို့ကိုလည်း ပြန်ရသကဲ့သို့ ဖြစ်ပါလိမ့်မည်။ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်းချမ်းစွာနေရပါလိမ့်မည်”ဟု အကြံပေး၏။
17:4 အဗရှလုံအပါအဝင် အစ္စရေးသက်ကြီးဝါကြီးအားလုံးတို့သည် ထိုအကြံကို နှစ်သက်သဘောကျကြ၏။
17:5 သို့သော် အဗရှလုံက “အာခိလူမျိုး ဟုရှဲကို ခေါ်ခဲ့ပါ။ သူအဘယ်သို့အကြံပေးမည်ကိုလည်း နားထောင်ကြည့်ရမည်”ဟု ဆို၏။
17:6 အဗရှလုံထံသို့ ဟုရှဲ ရောက်လာသောအခါ အဗရှလုံက သူ့အား “အဟိသောဖေလက ဤသို့အကြံပေးပါပြီ။ သူ့အကြံအတိုင်း ပြုသင့် မပြုသင့် သင်အကြံပေးပါလော့”ဟု ဆိုလျှင်
17:7 ဟုရှဲက အဗရှလုံအား “အဟိသောဖေလပေးသောအကြံသည် ယခုလိုအချိန်မျိုးတွင် မသင့်လျော်ပါ”ဟု ပြန်ဖြေ၏။
17:8 ထို့ပြင် ဟုရှဲက “အရှင့်ခမည်းတော်နှင့် သူ့အမှုထမ်းတို့သည် စစ်သူရဲများ ဖြစ်ကြသည်သာမက တောထဲ၌သားပျောက်သောဝံမကဲ့သို့ စိတ်နှလုံးခက်ထန်နေမည်ကို အရှင်သိပါ၏။ ထို့ပြင် အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်သည်နှင့်အညီ လူအများနှင့်အတူ ညအိပ်မည်မဟုတ်ပါ။
17:9 ယခုဆိုလျှင် သူသည် လိုဏ်ဂူတစ်ခုခု၊ သို့မဟုတ် နေရာတစ်နေရာရာတွင် ပုန်းရှောင်နေပါလိမ့်မည်။ စစ်စတိုက်သည်နှင့် စစ်သည်တို့ကျဆုံးကြောင်းကြားသောသူတို့က ‘အဗရှလုံနောက်လိုက်သူတို့ အသတ်ခံရလေပြီ’ဟု ဆိုကြပါလိမ့်မည်။
17:10 ခြင်္သေ့ကဲ့သို့ရဲရင့်သောစိတ်နှလုံးရှိသူများပင် စိတ်ပျက်အားလျော့ကုန်ကြပါလိမ့်မည်။ အကြောင်းမူကား အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်ကြောင်း၊ သူ့အမှုထမ်းတို့သည်လည်း ရဲစွမ်းသတ္တိရှိသူများဖြစ်ကြောင်းကို အစ္စရေးလူမျိုးအပေါင်းတို့ သိကြပါ၏။
17:11 ထို့ကြောင့် အကျွန်ုပ်အကြံပေးလိုသည်မှာ ဒန်မြို့မှစ၍ ဗေရရှေဘမြို့အထိ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောအစ္စရေးလူမျိုးအပေါင်းတို့ကို အကုန်စုဝေးစေပြီး အရှင်ကိုယ်တိုင် ဦးဆောင်၍ စစ်ထွက်တိုက်စေလိုပါသည်။
17:12 သူရှိနိုင်သောနေရာတစ်ခုသို့ အကျွန်ုပ်တို့ဝင်ရောက်ပြီး မြေပေါ်နှင်းကျသကဲ့သို့ သူတို့ကို စီးနင်းတိုက်ခိုက်လျှင် သူ့လူအားလုံး တစ်ယောက်မျှကျန်တော့မည်မဟုတ်ပါ။
17:13 အကယ်၍ မြို့တစ်မြို့မြို့သို့ ဆုတ်သွားလျှင် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြိုးကိုယူလာပြီး မြို့ထဲတွင် ကျောက်စရစ်ခဲတစ်ခဲမျှမကျန်အောင် ထိုမြို့ကို ချိုင့်ဝှမ်းထဲသို့ အကျွန်ုပ်တို့ဆွဲချပစ်မည်”ဟု လျှောက်လေ၏။
17:14 ထိုအခါ အဗရှလုံနှင့် အစ္စရေးအမျိုးသားအပေါင်းတို့က “အာခိလူမျိုး ဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းသည်”ဟု ထောက်ခံကြ၏။ အကြောင်းမှာ အဗရှလုံကို ဘေးတွေ့စေမည့်အကြောင်း အဟိသောဖေလပေးသောအကြံပျက်ပြားရန် ထာဝရဘုရား စီစဉ်တော်မူပြီ။
17:15 ထို့နောက် ဟုရှဲသည် ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာအား “အဟိသောဖေလက အဗရှလုံနှင့် အစ္စရေးသက်ကြီးဝါကြီးတို့အား ဤနည်း ဤလမ်း အကြံပေးပြီ။ အကျွန်ုပ်မူကား ထိုနည်း ထိုလမ်း အကြံပေးပြီ။
17:16 ယခု ချက်ချင်း ဒါဝိဒ်မင်းကြီးထံသို့ လူလွှတ်ပြီး ‘ကန္တာရလွင်ပြင်၌ ညအိပ်မနားဘဲ ခရီးဆက်သွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအားလုံး ဝါးမျိုခြင်း ခံရလိမ့်မည်’ဟူ၍ ကြားလျှောက်လော့”ဟု မှာကြားလိုက်၏။
17:17 ယောနသန်နှင့် အဟိမတ်တို့သည် မြို့တွင်းသို့ဝင်ပြီး လူမြင်ခံ၍မရသဖြင့် အင်္ရောဂေလအရပ်တွင် နေနေ၏။ သတင်းရရှိသောအစေခံမလေးတစ်ဦးက သူတို့အား လာပြောပြသောအခါ သူတို့သည်လည်း ဒါဝိဒ်မင်းကြီးအား သွားပြောပြကြ၏။
17:18 သို့သော် လုလင်တစ်ဦးသည် သူတို့ကို တွေ့သွား၍ အဗရှလုံအား သွားလျှောက်သဖြင့် သူတို့နှစ်ဦးသည် အလျင်အမြန်ထွက်ပြေးသွားပြီး ဗာဟုရိမ်မြို့ရှိ လူတစ်ယောက်၏အိမ်သို့ ပြေးသွားကာ ထိုအိမ်ဝင်းရှိ ရေတွင်းထဲသို့ ဆင်း၍ပုန်းနေကြ၏။
17:19 ထိုအိမ်၏အိမ်ရှင်မက အဖုံးတစ်ခုကိုယူပြီး ရေတွင်းဝကို ပိတ်ကာ ထိုအပေါ်တွင် ဂျုံကို လှန်းထားလိုက်သဖြင့် မည်သူမျှ သတိမထားမိပေ။
17:20 အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
17:21 ထိုသူတို့ပြန်သွားလျှင် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းမှတက်လာကြပြီး ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အို ဒါဝိဒ်မင်းကြီး၊ အဟိသောဖေလသည် အရှင့်ကိုတိုက်ခိုက်ရန် အကြံပေးပါပြီ။ အလျင်အမြန်ထ၍ မြစ်ကို ကူးပါလော့”ဟု အကြောင်းကြားကြ၏။
17:22 ထို့ကြောင့် ဒါဝိဒ်မင်းကြီးနှင့် သူနှင့်အတူရှိသော လူအပေါင်းတို့သည် ထ၍ဂျော်ဒန်မြစ်ကို ကူးကြ၏။ နံနက်မိုးလင်းချိန်ရောက်လျှင် တစ်ယောက်မကျန် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းကို ရောက်ကုန်ကြ၏။
17:23 အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
17:24 ထို့နောက် ဒါဝိဒ်မင်းကြီးသည် မဟာနိမ်မြို့သို့ ထွက်သွား၏။ အဗရှလုံသည်လည်း သူ့နောက်လိုက်အစ္စရေးလူအပေါင်းတို့နှင့်အတူ ဂျော်ဒန်မြစ်ကို ဖြတ်ကူးလာကြ၏။
17:25 အဗရှလုံသည် အာမသကို ဗိုလ်ချုပ်ယွာဘနေရာတွင် ခန့်ထား၏။ အာမသသည် ယွာဘ၏မိခင်၊ ဇေရုယာ၏ညီမ၊ နာဟတ်၏သမီး အဘိဂဲလနှင့်ပေါင်းသင်းသော ယေသာအမည်ရှိ အစ္စရေးအမျိုးသားတစ်ဦး၏သားဖြစ်၏။
17:26 အဗရှလုံနှင့် အစ္စရေးလူမျိုးတို့သည် ဂိလဒ်ပြည်၌ စခန်းချကြ၏။
17:27 ဒါဝိဒ်မင်းကြီးသည် မဟာနိမ်မြို့သို့ ရောက်သောအခါ အမ္မုန်ပြည်၊ ရဗ္ဗာမြို့မှ နာဟတ်၏သား ရှောဘိ၊ လောဒေဗာမြို့မှ အမျေလ၏သား မာခိရ၊ ရောဂေလိမ်မြို့မှ ဂိလဒ်ပြည်သား ဗာဇိလဲ တို့က
17:28 “ကန္တာရလမ်းတွင် လူတို့ ဆာလောင်မောပန်းကြလိမ့်မည်၊ ရေငတ်ကြလိမ့်မည်”ဟု တွေးပြီး အိပ်ရာ၊ ဇလုံမှအစ မြေအိုးမြေခွက်များ၊ ဂျုံ၊ မုယော၊ မုန့်ညက်၊ သီးနှံအခြောက်၊ ပဲကြီး၊ ပဲနီ၊ မုန့်ဆန်း၊
17:29 ပျားရည်၊ ဒိန်ချဉ်၊ သိုးသား၊ နွားနို့ခဲ စသည်တို့ကို ဒါဝိဒ်မင်းကြီးနှင့် သူ့လူတို့စားဖို့ ယူဆောင်လာကြ၏။