2 Samuel 20
20:1 ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
20:2 ထို့ကြောင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ရာမှလှည့်၍ ဗိခရိ၏သားရှေဘ နောက်သို့လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား ဂျော်ဒန်မြစ်မှ ဂျေရုဆလင်မြို့တိုင်အောင် မိမိတို့ရှင်ဘုရင်နောက်တော်သို့ ထက်ကြပ်မကွာလိုက်ကြ၏။
20:3 ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
20:4 ထို့နောက် ရှင်ဘုရင်က အာမသအား “သုံးရက်အတွင်း ယုဒအမျိုးသားတို့ကို ငါ့ထံလာရောက်စုဝေးစေပါ။ သင်ကိုယ်တိုင်လည်း ပါရမည်”ဟု မိန့်ဆို၏။
20:5 အာမသသည် ယုဒအမျိုးသားတို့ကို ခေါ်ယူရန်ထွက်သွား၏။ သူသည် ပေးထားသောအချိန်ထက် ကြာနေသဖြင့်
20:6 ဒါဝိဒ်မင်းကြီးက အဘိရှဲအား “ယခု ဗိခရိ၏သားရှေဘသည် ငါတို့ကို အဗရှလုံထက်ပို၍ အန္တရာယ်ပေးနိုင်၏။ ထို့ကြောင့် သင့်သခင်၏အမှုထမ်းတို့ကိုခေါ်၍ သူ့နောက်သို့လိုက်လော့။ သို့မဟုတ်လျှင် သူသည် ခံတပ်မြို့များတွင် ဝင်ခိုပြီး ငါတို့လက်မှ လွတ်မြောက်လိမ့်မည်”ဟု မိန့်ဆို၏။
20:7 ထို့ကြောင့် ယွာဘ၏နောက်လိုက်များမှစ၍ ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့အပါအဝင် သူရဲကောင်းအပေါင်းတို့သည် အဘိရှဲနှင့်အတူ ဂျေရုဆလင်မြို့မှ ထွက်သွားပြီး ဗိခရိ၏သား ရှေဘကိုလိုက်ကြ၏။
20:8 သူတို့သည် ဂိဗောင်မြို့ရှိ ကျောက်တုံးကြီးနားသို့ ရောက်သောအခါ အာမသသည် သူတို့ကို လာရောက်တွေ့ဆုံ၏။ ယွာဘသည် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ ခါးပန်းလည်း စည်းထား၏။ ဓားကိုလည်း ဓားအိမ်ထဲထည့်၍ ခါးပန်းကြိုးတွင် ချိတ်ထားရာ ရှေ့သို့လှမ်းသွားစဉ်တွင် လျှောကျလာ၏။
20:9 ယွာဘက အာမသအား “ငါ့ညီ၊ အဆင်ပြေပါ၏လော”ဟု ဆို၏။ ထို့နောက် ယွာဘသည် အာမသ၏မုတ်ဆိတ်ကို ညာလက်ဖြင့် ဆွဲကိုင်ပြီး နမ်းမည်ပြု၏။
20:10 အာမသသည် ယွာဘလက်၌ ဓားကိုင်ထားသည်ကို သတိမထားမိ။ ယွာဘက အာမသ၏ဗိုက်ကို ဓားနှင့်ထိုးလိုက်သဖြင့် အာမသသည် အူများမြေပေါ်သို့ ထွက်ကျ၍ နောက်တစ်ချက်မထိုးရဘဲ သေလေ၏။ ထို့နောက် ယွာဘနှင့်သူ့ညီ အဘိရှဲသည် ဗိခရိ၏သား ရှေဘကို ဆက်လိုက်ကြ၏။
20:11 ယွာဘ၏နောက်လိုက်လုလင်တစ်ဦးသည် အာမသအနီးတွင်ရပ်လျက် “ယွာဘနှင့် ဒါဝိဒ်မင်းကြီးဘက်ပါသောသူ မည်သူမဆို ယွာဘနောက်သို့လိုက်ကြလော့”ဟု အော်ပြော၏။
20:12 အာမသသည် လမ်းအလယ် သွေးအိုင်ထဲတွင် လဲကျနေ၏။ လမ်းသွားလမ်းလာသူတို့ သူ့နားရောက်လာလျှင် ရပ်၍ကြည့်နေကြ၏။ လုလင်တစ်ဦးက ထိုသို့ ထိုနေရာသို့ရောက်လာသောသူတိုင်း ရပ်ကြည့်နေသည်ကို မြင်လျှင် အာမသကို လမ်းမဘေးရှိလယ်ကွင်းထဲသို့ ဆွဲသွားပြီး သူ့ကို အဝတ်နှင့်ဖုံးထားလိုက်၏။
20:13 ထိုသို့ အာမသကို လမ်းမမှရွှေ့လိုက်ပြီးမှ လူအပေါင်းတို့သည် ဗိခရိ၏သား ရှေဘကိုဆက်လိုက်ရန် ယွာဘနောက်သို့ လိုက်သွားကြလေ၏။
20:14 ရှေဘသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ရှိရာသို့သွား၏။ အာဗေလမြို့၊ ဗက်မာခမြို့နှင့် ဗေရိမြို့သားအပေါင်းတို့ထံသို့လည်း ရောက်၏။ ထိုသူတို့သည် စုရုံးကြပြီး ရှေဘနောက်သို့လိုက်ကြ၏။
20:15 ယွာဘနှင့်သူ၏အပေါင်းပါတို့သည် လာ၍ ရှေဘတည်းခိုနေသောအာဗေလဗက်မာခါမြို့ကိုဝိုင်းထားကြ၏။ ထို့နောက် မြို့တံတိုင်းအပြင်ဘက်တွင် မြေကတုတ်ဖို့၍ မြို့ရိုးကို ဖြိုချဖျက်ဆီးကြ၏။
20:16 ထိုအခါ အမြော်အမြင်ရှိသောမိန်းမတစ်ဦးက မြို့ထဲမှနေ၍ “နားထောင်ကြ၊ နားထောင်ကြ။ ယွာဘအား ‘သင်နှင့်စကားပြောနိုင်ဖို့ ဤနေရာသို့ လာပါ’ဟူ၍ ပြောလော့”ဟု ဟစ်အော်၏။
20:17 သူ့အနီးသို့ ယွာဘရောက်လာသောအခါ ထိုမိန်းမက “သင်ကား ယွာဘလော”ဟု မေးလျှင် ယွာဘက “ဟုတ်ပါ၏”ဟု ဆို၏။ ထိုအခါ သူက “အရှင့်ကျွန်မ၏စကားကို နားထောင်ပါ”ဟုဆိုလျှင် ယွာဘက “နားထောင်နေပါ၏”ဟု ပြန်ပြော၏။
20:18 ထိုမိန်းမက “ရှေးယခင်ကပင် ‘အမှုကိစ္စပြီးလိုလျှင် အာဗေလမြို့တွင် သွားမေးကြ’ဟု ဆိုလေ့ရှိကြပါ၏။
20:19 အကျွန်ုပ်သည် ငြိမ်းချမ်းစွာနေလိုသော၊ သစ္စာရှိသောအစ္စရေးလူမျိုးတစ်ဦး ဖြစ်ပါ၏။ အရှင်သည် အစ္စရေးလူမျိုးတို့၏မိခင်မြို့ကို အဘယ်ကြောင့်ဖျက်ဆီးရန်ကြိုးစားနေသနည်း။ အဘယ်ကြောင့် ထာဝရဘုရား၏အမွေတော်ကို ဝါးမျိုလိုသနည်း”ဟု ဆို၏။
20:20 ယွာဘကလည်း သူ့အား “ဝါးမျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ဝေးပါစေသော။
20:21 အမှုကား ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်ပေါ်ဒေသမှ ဗိခရိ၏သား ရှေဘအမည်ရှိသူသည် ဒါဝိဒ်မင်းကြီးကို ဆန့်ကျင်ပုန်ကန်ပြီ။ သူ့ကိုသာ အပ်ပါ။ ထိုသို့ပြုလျှင် ဤမြို့မှ ငါထွက်ခွာမည်”ဟု ပြန်ပြောသောအခါ ထိုအမျိုးသမီးက ယွာဘအား “စောင့်ကြည့်ပါ။ သူ၏ဦးခေါင်းကို မြို့ရိုးမှတစ်ဆင့် သင့်ထံ ပစ်ချပေးမည်”ဟု ဆို၏။
20:22 ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
20:23 ယွာဘကား အစ္စရေးစစ်သည်အားလုံးကို အုပ်ချုပ်ရသူ၊ ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊
20:24 အဒေါရံကား ချွေးတပ်အုပ်၊ အဟိလုဒ်၏သားယောရှဖတ်ကား အတွင်းဝန်၊
20:25 ရှေဝကား စာရေးတော်ကြီး၊ ဇာဒုတ်နှင့်အဗျာသာကား ယဇ်ပုရောဟိတ်၊
20:26 ယာဣရလူမျိုးဣရကား ဒါဝိဒ်မင်းကြီး၏ယဇ်ပုရောဟိတ် စသည်ဖြင့် နေရာကျကြ၏။