2 Samuel 7
7:1 ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
7:2 ရှင်ဘုရင်က ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ထာဝရဘုရား၏သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင်
7:3 နာသန်ကလည်း ရှင်ဘုရင်အား “ထာဝရဘုရားသည် အရှင်နှင့်အတူ ရှိနေတော်မူသည်ဖြစ်၍ အရှင့်စိတ်အလိုရှိသည်အတိုင်း သွား၍ပြုပါ”ဟု ပြန်လျှောက်၏။
7:4 ထိုညတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် နာသန်ထံသို့ရောက်လာ၍
7:5 “ငါ့အစေအပါးဒါဝိဒ်ထံသွား၍ ဆင့်ဆိုလော့။ ထာဝရဘုရားက ‘သင်သည် ငါစံမြန်းတော်မူရာအဖို့ အိမ်တော်ကို တည်ဆောက်မည်လော။
7:6 အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့် မစံမြန်း၊ တဲတော်နှင့်သာစံမြန်းလှည့်လည်ခဲ့ပြီ။
7:7 အစ္စရေးအမျိုးသားအပေါင်းတို့နှင့် လှည့်လည်သွားလာလေရာရာ၌ ငါ့လူမျိုးတော်အစ္စရေးတို့ကိုအုပ်ထိန်းရန် ငါခန့်အပ်ထားသောအစ္စရေးအမျိုးအနွယ်တစ်ဦးဦးအား အဘယ်ကြောင့် ငါ့အဖို့ သစ်ကတိုးသားအိမ် မဆောက်ပေးသနည်း’ဟု ငါတစ်ခွန်းမျှမိန့်ဆိုဖူးသလော။
7:8 ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
7:9 သင်သွားလေရာရာ၌ သင်နှင့်အတူ ငါပါရှိပြီး သင့်ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ငါဖယ်ရှားပေးခဲ့ပြီ။ ကမ္ဘာပေါ်တွင် နာမည်ကြီးကျော်ကြားသူကဲ့သို့ သင့်ကို နာမည်ကြီးကျော်ကြားစေမည်။
7:10 ငါ့လူမျိုးတော်အစ္စရေးတို့အဖို့ နေထိုင်စရာကို ငါပြင်ဆင်ပေးမည်။ သူတို့နေရာ၌ သူတို့ကို အတည်တကျနေထိုင်စေမည်။ နောက်တစ်ဖန် အနှောင့်အယှက်ခံရတော့မည်မဟုတ်။ ရှေးယခင်ကကဲ့သို့ မတရားသောသူတို့၏နှိပ်စက်ခြင်းကို ခံရတော့မည်မဟုတ်။
7:11 စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
7:12 သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင့်ရင်သွေးဖြစ်သော သင့်သားဦးတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။
7:13 ငါ့နာမတော်အဖို့ အိမ်တော်ကို သူတည်ဆောက်ရလိမ့်မည်။ သူ့နိုင်ငံ၏ရာဇပလ္လင်ကို ငါအစဉ်တည်မြဲစေမည်။
7:14 ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
7:15 သို့သော် ငါ့မေတ္တာကရုဏာကို သင့်ရှေ့မှငါဖယ်ရှားလိုက်သောရှောလုထံမှ ရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
7:16 သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
7:17 နာသန်သည်လည်း စကားတော်အလုံးစုံ၊ ဗျာဒိတ်နိမိတ်အလုံးစုံတို့ကို ဒါဝိဒ်မင်းကြီးအား ဆင့်ဆိုလေ၏။
7:18 ထိုအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်၍ ထိုင်ပြီးလျှင် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်၍ အကျွန်ုပ်အမျိုးအနွယ်သည်လည်း မည်သို့သောအမျိုးအနွယ်ဖြစ်ပါသနည်း။
7:19 အို ဘုရားရှင်ထာဝရဘုရား၊ ဤအရာသည် ကိုယ်တော့်အဖို့ အသေးအဖွဲသာဖြစ်ပါ၏။ ကိုယ်တော့်အစေအပါး၏အနာဂတ်မျိုးဆက်နှင့်ပတ်သက်၍လည်း ကိုယ်တော်မိန့်တော်မူလေပြီ။ အို ဘုရားရှင်ထာဝရဘုရား၊ လူသားတို့သည် ထိုသို့ ပြုလေ့ပြုထရှိပါသလော။
7:20 အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးအကြောင်းကို ကိုယ်တော်သိပါ၏။ အကျွန်ုပ်ဒါဝိဒ်သည် ကိုယ်တော်အား မည်သို့ထပ်မံလျှောက်ဝံ့ပါဦးမည်နည်း။
7:21 ကိုယ်တော်သည် ကိုယ်တော့်နှုတ်တော်ထွက်စကားကိုထောက်၍ ကိုယ်တော်၏အလိုတော်အတိုင်းပြုတော်မူသော ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ကိုယ်တော့်အစေအပါးအား သိစေတော်မူပါပြီ။
7:22 သို့ဖြစ်၍ အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အကျွန်ုပ်တို့ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိပါ။
7:23 မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပါပြီ။ အီဂျစ်ပြည်၊ လူမျိုးခြားတို့နှင့် သူတို့၏ဘုရားများထံမှ ရွေးနုတ်တော်မူခဲ့သောလူမျိုးတော်၏ရှေ့မှောက်မှာပင် ပြည်တော်အဖို့ ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့ပါပြီ။
7:24 ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။
7:25 အို ဘုရားသခင်ထာဝရဘုရား၊ ယခုမှာ ကိုယ်တော့်အစေအပါးအတွက်၊ ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အတွက် ကိုယ်တော်ထားတော်မူသောကတိတော်ကို အစဉ်တည်စေတော်မူပါ။ ကတိတော်အတိုင်းလည်း ပြုပေးတော်မူပါ။
7:26 ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အုပ်စိုးသောဘုရားသခင်ဖြစ်တော်မူ၏’ဟု ဆိုလျက် ကိုယ်တော်၏နာမတော်ကို အစဉ်ချီးမြှောက်ကြပါစေသော။ ကိုယ်တော့်အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါစေသော။
7:27 သို့ဖြစ်၍ အို အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်အစေအပါးအား ‘သင့်အမျိုးအနွယ်ကို ငါတည်စေမည်’ဟု ကြားသိစေပါပြီ။ ထို့ကြောင့် ကိုယ်တော့်အစေအပါးသည် ဤသို့ဆုတောင်းဝံ့ခြင်းဖြစ်ပါ၏။
7:28 အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူပါ၏။ ကိုယ်တော်၏စကားတော်သည်လည်း သမ္မာတရားဖြစ်ပါ၏။ ဤကောင်းကျိုးချမ်းသာကို ကိုယ်တော့်အစေအပါးအား ပေးသနားမည်ဟု ကတိထားတော်မူပါပြီ။
7:29 ယခု ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေစေရန် အလိုတော်အတိုင်း ကောင်းချီးပေးတော်မူပါ။ ဘုရားရှင်ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူပြီဖြစ်၍ ကိုယ်တော်ပေးတော်မူသောကောင်းချီးအားဖြင့် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် အစဉ်အမြဲကောင်းချီးခံစားရပါစေသော”ဟု တောင်းလျှောက်လေ၏။