1 Kings 1
1:1 ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
1:2 ထို့ကြောင့် သူ့အမှုထမ်းတို့က “အကျွန်ုပ်တို့၏သခင်အရှင်မင်းကြီး၊ အရှင်မင်းကြီးအဖို့ မိန်းမပျိုတစ်ယောက် ရှာပေးပါရစေ။ သူ့ကို အရှင်မင်းကြီးထံအခစားဝင်၍ ပြုစုစေတော်မူပါ။ အကျွန်ုပ်တို့၏သခင်အရှင်မင်းကြီး နွေးထွေးဖို့ သူသည် အရှင်မင်းကြီး၏ရင်ခွင်၌ အိပ်ပါစေ”ဟု သူ့အား လျှောက်တင်ကြ၏။
1:3 ထို့နောက် သူတို့သည် အဆင်းလှသောမိန်းမပျိုလေးတစ်ဦးကို အစ္စရေးတစ်ပြည်လုံးတွင် လိုက်လံရှာဖွေရာ ရှုနင်မြို့သူအဘိရှက်ကို တွေ့သဖြင့် ရှင်ဘုရင်ထံ ခေါ်ဆောင်လာကြ၏။
1:4 သူသည် အလွန်အဆင်းလှသောမိန်းမပျိုလေးဖြစ်၏။ သူသည် ရှင်ဘုရင်ထံ၌ခစားလျက် ပြုစုပေးသော်လည်း ရှင်ဘုရင်သည် သူ့ကို ခြေတော်မတင်ချေ။
1:5 တစ်နေ့တွင် ဟဂ္ဂိတ်၏သားအဒေါနိယက “ငါရှင်ဘုရင်လုပ်မည်”ဟု ဆိုလျက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ မိမိအဖို့ မြင်းရထား၊ မြင်းစီးသူရဲများနှင့် ရှေ့တော်ပြေးအယောက်ငါးဆယ်ကို ပြင်ဆင်ထား၏။
1:6 သူ့ခမည်းတော်သည် သူစိတ်ဆင်းရဲအောင် “သင် အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု တစ်ခါမျှမဆိုဖူးပေ။ အဒေါနိယသည် အဗရှလုံ၏ညီဖြစ်ပြီး ရုပ်ရည်အလွန်ချောသူဖြစ်၏။
1:7 သူသည် ဇေရုယာ၏သားယွာဘ၊ ယဇ်ပုရောဟိတ်အဗျာသာတို့နှင့် တိုင်ပင်ဆွေးနွေးရာ သူတို့က အဒေါနိယကို အားပေးမြှောက်ပင့်ကြ၏။
1:8 သို့သော် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣနှင့် ဒါဝိဒ်မင်းကြီး၏စစ်သူရဲတို့ကား အဒေါနိယဘက်၌ မနေကြပေ။
1:9 အဒေါနိယသည် ဘုရင့်သားတော်ဖြစ်သော မိမိညီအစ်ကိုအပေါင်းတို့နှင့် ခမည်းတော်၏အမှုထမ်းများဖြစ်သော ယုဒအမျိုးသားအပေါင်းတို့ကို ဖိတ်ခေါ်ပြီး အင်္ရောဂေလအရပ်နှင့်နီးသော ဇောဟေလက်ကျောက်ဖျာပေါ်တွင် သိုး၊ နွားနှင့် ဆူဖြိုးသောအကောင်တို့ကို ယဇ်ပူဇော်၏။
1:10 သို့သော် ပရောဖက်နာသန်၊ ဗေနာယ၊ စစ်သူရဲများနှင့် သူ့ညီရှောလမုန်တို့ကိုမူ မဖိတ်ခေါ်ပေ။
1:11 နာသန်သည် ရှောလမုန်၏မယ်တော်ဗာသရှေဘအား “အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးမသိဘဲ ဟဂ္ဂိတ်၏သားအဒေါနိယသည် ကိုယ့်ကိုယ်ကိုယ်မင်းမြှောက်လိုက်ကြောင်းကို သင်မကြားသလော။
1:12 ထို့ကြောင့် ယခု သင့်အသက်နှင့် သင့်သားရှောလမုန်အသက် ဘေးကင်းမည့်အကြောင်း သင့်ကို အကြံပေးပါရစေ။
1:13 ဒါဝိဒ်မင်းကြီးထံ အခစားဝင်၍ ‘အကျွန်ုပ်၏သခင်အရှင်မင်းကြီးက သခင့်ကျွန်မအား “သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ၏ရာဇပလ္လင်ပေါ်တွင် စံနေရမည်”ဟု ကျိန်ဆိုခဲ့ပြီမဟုတ်လော။ ယခုမှာ အဒေါနိယသည် အဘယ်ကြောင့် မင်းဖြစ်ရပါသနည်း’ဟု လျှောက်တင်လော့။
1:14 သင် ဤသို့ရှင်ဘုရင်ထံလျှောက်တင်နေစဉ် အကျွန်ုပ်သည်လည်းဝင်လာ၍ သင့်စကားကိုထောက်ခံပေးမည်”ဟု အကြံပေးလေ၏။
1:15 ထို့ကြောင့် ဗာသရှေဘသည် ရှင်ဘုရင်ရှိရာအတွင်းဆောင်သို့ ဝင်သွား၏။ ရှင်ဘုရင်သည် အိုမင်းပြီဖြစ်၍ ရှုနင်မြို့သူအဘိရှက်လည်း ရှင်ဘုရင်ကို ပြုစုပေးလျက်ရှိ၏။
1:16 ဗာသရှေဘသည် ရှင်ဘုရင်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်လျှင် ရှင်ဘုရင်က “အဘယ်အကြောင်းရှိသနည်း”ဟု မေး၏။
1:17 ဗာသရှေဘက “အကျွန်ုပ်၏သခင်၊ သခင့်ကျွန်မအား ‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ၏ရာဇပလ္လင်ပေါ်တွင် စံနေရမည်’ဟု အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားကို အရှင်မင်းကြီး တိုင်တည်ကျိန်ဆိုခဲ့ပါပြီ။
1:18 ယခုမှာ ကြည့်ပါလော့။ အဒေါနိယသည် ဘုရင်ဖြစ်နေပါပြီ။ ဤအမှုကို အကျွန်ုပ်၏သခင်အရှင်မင်းကြီး သိတော်မမူ။
1:19 သူသည် သိုး၊ နွားနှင့် ဆူဖြိုးသောအကောင်အမြောက်အမြားဖြင့် ယဇ်ပူဇော်ပွဲကို ကျင်းပပါပြီ။ ဘုရင့်သားတော်အပေါင်းနှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ်ယွာဘတို့ကို ဖိတ်ခေါ်၍ သခင့်သား ရှောလမုန်ကိုမူ မဖိတ်ခေါ်ပါ။
1:20 အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အစ္စရေးတစ်မျိုးနွယ်လုံးက အရှင်မင်းကြီးကို စောင့်ကြည့်နေကြပါ၏။ အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ နန်းမွေဆက်ခံမည်ကို သူတို့အား မိန့်တော်မူပါ။
1:21 သို့မဟုတ်လျှင် အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက်တွင် အကျွန်ုပ်နှင့် အကျွန်ုပ်၏သားရှောလမုန်သည် ရာဇဝတ်သားများ ဖြစ်ရပါလိမ့်မည်”ဟု လျှောက်တင်လေ၏။
1:22 ထိုသို့ ရှင်ဘုရင်ထံလျှောက်တင်နေစဉ်တွင် ပရောဖက်နာသန် ရောက်လာ၏။
1:23 “ပရောဖက်နာသန် လာသည်”ဟု ရှင်ဘုရင်အား ကြားလျှောက်ကြပြီးလျှင် နာသန်သည် ဘုရင့်ထံပါး အခစားဝင်၍ ဦးညွှတ်ပျပ်ဝပ်၏။
1:24 ထို့နောက် နာသန်က “အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အရှင်မင်းကြီးက ‘အဒေါနိယအား ငါ၏နန်းမွေကိုဆက်ခံပြီး ရာဇပလ္လင်ပေါ်တွင် စံမြန်းစေမည်’ဟု မိန့်ဆိုပြီလော။
1:25 ယနေ့ သူသည် သိုး၊ နွားမှစ၍ ဆူဖြိုးသောအကောင်အမြောက်အမြားကို သွား၍ယဇ်ပူဇော်ပါပြီ။ ဘုရင့်သားတော်အပေါင်းတို့အပါအဝင် စစ်မှုထမ်းအကြီးအကဲများနှင့် ယဇ်ပုရောဟိတ်အဗျာသာတို့ကို ဖိတ်ခေါ်ပြီး စားသောက်ကြလျက် ‘အဒေါနိယမင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြပါပြီ။
1:26 သို့သော် အရှင့်အစေအပါးအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယနှင့် အရှင့်အစေအပါးရှောလမုန်တို့ကိုမူ မဖိတ်ခေါ်ပါ။
1:27 အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ မည်သူနန်းမွေဆက်ခံမည်ကို အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် သခင့်အစေအပါးတို့အား အသိမပေးဘဲ ဤအမှုကိုပြုတော်မူပြီလော”ဟု လျှောက်တင်လေ၏။
1:28 ထိုအခါ ဒါဝိဒ်မင်းကြီးက “ ဗာသရှေဘကို ငါ့ထံခေါ်လာပါ”ဟု မိန့်ဆိုလျှင် ဗာသရှေဘသည် ရှင်ဘုရင့်ရှေ့တော်သို့ဝင်၍ ရပ်နေ၏။
1:29 ရှင်ဘုရင်က “ငါ့အသက်ကို ဘေးအန္တရာယ်အပေါင်းမှ ကယ်တင်တော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ
1:30 ‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ့ရာဇပလ္လင်၊ ငါ့နေရာတွင် စံမြန်းရမည်’ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုခဲ့သည့်အတိုင်း ယနေ့တွင် ဤအမှုကို ငါပြုမည်”ဟု မိန့်တော်မူ၏။
1:31 ထိုအခါ ဗာသရှေဘသည် ရှင်ဘုရင်ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”ဟု မြွက်ဆိုလေ၏။
1:32 ဒါဝိဒ်မင်းကြီးကလည်း “ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သားဗေနာယတို့ကို ငါ့ထံခေါ်လာပါ”ဟု မိန့်ဆိုလျှင် သူတို့သည် ရှင်ဘုရင်ရှေ့တော်သို့ အခစားဝင်ကြ၏။
1:33 ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့နှင့်အတူ သင်တို့သခင်၏အမှုထမ်းတို့ကိုခေါ်ပြီး သားတော်ရှောလမုန်ကို ငါစီးသောလားကိုစီးစေ၍ သူ့ကို ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားလော့။
1:34 ထိုမြို့တွင် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် သူ့ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးရမည်။ ပြီးမှ တံပိုးမှုတ်လျက် ‘ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြရမည်။
1:35 ထို့နောက် သင်တို့သည် သူနှင့်အတူပြန်လိုက်လာရမည်။ သူသည် ငါ့ရာဇပလ္လင်ပေါ်တွင် စံမြန်းရမည်။ ငါ့နန်းမွေကို ဆက်ခံရမည်။ ယခု သူ့ကို အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးတို့၏ဘုရင်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆို၏။
1:36 ထိုအခါ ယောယဒ၏သား ဗေနာယက ရှင်ဘုရင်အား “အာမင်။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့ မိန့်တော်မူပါစေသော။
1:37 ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ ရှိတော်မူသကဲ့သို့ ရှောလမုန်နှင့်လည်း အတူရှိတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးဒါဝိဒ်၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော”ဟု ပြန်လျှောက်တင်၏။
1:38 ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သား ဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့သည် ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏လားပေါ်တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြ၏။
1:39 ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်သည် ဆီထည့်ထားသောချိုကို တဲတော်ထဲမှယူ၍ ရှောလမုန်ကို ဘိသိက်ပေး၏။ ထို့နောက် သူတို့သည် တံပိုးကိုမှုတ်လျှင် လူအပေါင်းတို့က “ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
1:40 လူအပေါင်းတို့သည် သူ့နောက်သို့လိုက်လျက်၊ ပလွေမှုတ်လျက် အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကြွေးကြော်ကြလေ၏။ သူတို့၏ကြွေးကြော်သံသည် မြေကြီးကွဲမတတ် ဖြစ်လေ၏။
1:41 အဒေါနိယနှင့် ဖိတ်ခေါ်ထားသောသူအားလုံးတို့သည်လည်း စားသောက်ပြီးချိန်တွင် ထိုအသံကို ကြားလေ၏။ ယွာဘကလည်း တံပိုးမှုတ်သံကိုကြားလျှင် “မြို့ထဲမှဆူညံသံကား အဘယ်နည်း”ဟု မေး၏။
1:42 ထိုသို့မေးမြန်းနေစဉ်တွင် ယဇ်ပုရောဟိတ်အဗျာသာ၏သား ယောနသန်ရောက်လာသဖြင့် အဒေါနိယက “ဝင်ခဲ့ပါ။ သင်သည် လူကောင်းဖြစ်သောကြောင့် သတင်းကောင်းပါလိမ့်မည်”ဟု ဆို၏။
1:43 ယောနသန်ကလည်း အဒေါနိယအား “ထိုသို့မဟုတ်ပါ။ ယခု အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို မင်းမြှောက်ပါပြီ။
1:44 ရှင်ဘုရင်သည် သူ၏လားတော်ကို ရှောလမုန်အား စီးစေပြီး သူနှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သားဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့ကို ဂိဟုန်မြို့သို့စေလွှတ်ပါ၏။
1:45 ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် ဂိဟုန်မြို့တွင် ရှောလမုန်ကို ဘုရင်အဖြစ်ဘိသိက်ပေးကြပြီး ဝမ်းမြောက်စွာပြန်လာကြ၍ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်နေကြပါ၏။ သင်ကြားရသောအသံမှာလည်း ထိုအသံပင်ဖြစ်ပါ၏။
1:46 ရှောလမုန်သည်လည်း ဘုရင့်ရာဇပလ္လင်ပေါ်တွင် စံမြန်းနေပါပြီ။
1:47 ဘုရင့်မှူးမတ်တို့သည်လည်း အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးထံသို့လာ၍ ‘ဘုရားသခင်သည် အရှင်မင်းကြီး၏နာမထက် ရှောလမုန်၏နာမကို သာ၍ထင်ရှားစေတော်မူပါစေသော။ အရှင်မင်းကြီး၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော’ဟု ကောင်းချီးထောမနာပြုကြလေပြီ။ အရှင်မင်းကြီးသည်လည်း သလွန်တော်ပေါ်မှ ဦးညွှတ်လျက်
1:48 ‘အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပါ၏။ ယနေ့ အကျွန်ုပ်၏ရာဇပလ္လင်တွင် စံမြန်းရမည့်သူကို ပေးသနားတော်မူ၍ အကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ရလေပြီ’ဟူ၍ မြွက်ဆိုခဲ့ပါ၏”ဟု ပြန်ပြောလေ၏။
1:49 ထိုအခါ အဒေါနိယဖိတ်ကြားထားသူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြသဖြင့် ထ၍ ကိုယ့်လမ်းသို့ အသီးသီးပြန်သွားကြလေ၏။
1:50 အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက်သဖြင့် ထသွား၍ ယဇ်ပလ္လင်ရှိဦးချိုတို့ကို ဆုပ်ကိုင်လျက်နေလေ၏။
1:51 “အဒေါနိယက ရှောလမုန်မင်းကြီးကိုကြောက်၍ ယဇ်ပလ္လင်ရှိချိုတို့ကိုဆုပ်ကိုင်လျက် ‘ရှောလမုန်မင်းကြီးသည် ယနေ့ ကျွန်တော်မျိုးကို ဓားနှင့်မကွပ်မျက်ပါဟု ကျိန်ဆိုပါစေသော’ဟု ဆိုလေပြီ”ဟူသောသတင်းကို ရှောလမုန်မင်းကြီးအား ကြားလျှောက်ကြ၏။
1:52 ထိုအခါ ရှောလမုန်မင်းကြီးက “သူသည် ဖြောင့်မှန်သောသူဖြစ်လျှင် သူ့ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ။ သို့သော် မကောင်းမှုပြုသောသူဖြစ်လျှင် အမှန်သေရမည်”ဟု မိန့်ဆို၏။
1:53 ထို့နောက် ရှောလမုန်မင်းကြီးသည် လူလွှတ်၍ သူ့ကို ယဇ်ပလ္လင်ထက်မှ ဆင်းစေ၏။ သူသည် ရှောလမုန်မင်းကြီးထံလာ၍ပျပ်ဝပ်လျှင် ရှောလမုန်မင်းကြီးက သူ့အား “သင့်နန်းဆောင်သို့ ပြန်လော့”ဟု မိန့်ဆို၏။