1 Kings 13
13:1 ထာဝရဘုရား၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
13:2 ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။
13:3 ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
13:4 ဘုရားသခင်၏လူသည် ဗေသလမြို့ရှိယဇ်ပလ္လင်အား ဆန့်ကျင်ကြွေးကြော်ခဲ့သောစကားများကို ယေရောဗောင်မင်းကြီးကြားလျှင် သူသည် ယဇ်ပလ္လင်ပေါ်တွင်ရပ်လျက် လက်ကိုဆန့်ပြီး “သူ့ကို ဖမ်းကြလော့”ဟု အမိန့်ပေး၏။ ထိုသို့ဆန့်လိုက်သောလက်သည် ခြောက်သွားသဖြင့် ပြန်ရုပ်၍မရတော့ချေ။
13:5 ဘုရားသခင်၏လူကို ထာဝရဘုရားမိန့်တော်မူခဲ့သည့် နိမိတ်လက္ခဏာအတိုင်း ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်မှပြာများ ဖိတ်ကျလာလေ၏။
13:6 ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “သင်၏ဘုရားသခင်ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးပါလော့။ ငါ့လက်ကို ပြန်ရုပ်နိုင်ဖို့ ငါ့အတွက် ဆုတောင်းပေးပါလော့”ဟု ဆိုသဖြင့် ဘုရားသခင်၏လူသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်ပေးရာ ရှင်ဘုရင်၏လက်သည် နဂိုအတိုင်းပြန်ကောင်းသွား၏။
13:7 ထိုအခါ ရှင်ဘုရင်က ဘုရားသခင်၏လူအား “ငါနှင့်အတူ နန်းတော်သို့လိုက်ခဲ့၍ စားသောက်ပါလော့။ သင့်အား လက်ဆောင်လည်း ပေးလိုပါသည်”ဟု မိန့်ဆို၏။
13:8 သို့သော် ဘုရားသခင်၏လူက ရှင်ဘုရင်အား “အကျွန်ုပ်အား နန်းတော်တစ်ဝက်ပေးလျှင်ပင် အကျွန်ုပ်မလိုက်နိုင်ပါ။ ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်ပါ။
13:9 အကြောင်းမူကား ထာဝရဘုရားက ‘သင်သည် အစာကို မစားရ၊ ရေကိုလည်း မသောက်ရ၊ လာသောလမ်းအတိုင်းလည်း မပြန်ရ’ဟူသောစကားကို ငါ့အား မှာထားတော်မူပြီ”ဟု ပြန်ပြော၏။
13:10 ထို့ကြောင့် သူသည် ဗေသလမြို့သို့လာခဲ့သောလမ်းအတိုင်း မပြန်ဘဲ အခြားလမ်းမှ ပြန်သွားလေ၏။
13:11 ဗေသလမြို့တွင် အသက်ကြီးသောပရောဖက်တစ်ပါးရှိရာ သူ့သားတို့သည် သူ့ထံလာ၍ ထိုနေ့၌ ဗေသလမြို့တွင် ဘုရားသခင်၏လူ ပြုခဲ့သောအမှုအလုံးစုံကို ပြောပြကြ၏။ ရှင်ဘုရင်အားပြောခဲ့သောစကားတို့ကိုလည်း သူတို့ဖခင်ကြီးအား ပြောပြလျှင်
13:12 ဖခင်ဖြစ်သူက သူ့သားတို့အား “ထိုသူ မည်သည့်လမ်းမှပြန်သွားသနည်း”ဟု မေးရာ သူ့သားတို့က ယုဒပြည်မှလာသော ဘုရားသခင်၏လူ ပြန်သွားသည့်လမ်းကို ပြောပြကြ၏။
13:13 ထိုအခါ ဖခင်ဖြစ်သူက သူ့သားတို့အား “မြည်းကိုကုန်းနှီးတင်ပေးပါ”ဟု ဆိုသဖြင့် သူတို့လည်း မြည်းကိုကုန်းနှီးတင်ပေးကြရာ ဖခင်ဖြစ်သူသည် မြည်းကိုစီး၍
13:14 ဘုရားသခင်၏လူနောက်သို့လိုက်သွားရာ သပိတ်ပင်အောက်၌ ထိုင်နေသည်ကိုတွေ့လျှင် “သင်သည် ယုဒပြည်မှလာသောဘုရားသခင်၏လူလော”ဟု မေး၏။ ဘုရားသခင်၏လူကလည်း “ဟုတ်ပါ၏”ဟု ပြန်ပြော၏။
13:15 ထိုအခါ ပရောဖက်က “အကျွန်ုပ်အိမ်သို့လိုက်၍ အစားအစာသုံးဆောင်ပါလော့”ဟု ဖိတ်ခေါ်လျှင်
13:16 ဘုရားသခင်၏လူက “သင်နှင့်အတူ မလိုက်နိုင်ပါ။ သင်နှင့်အတူ ပြန်လိုက်သွားပြီး ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်နိုင်ပါ။
13:17 ထာဝရဘုရား၏စကားတော်သည် ငါ့ထံသို့ရောက်လာ၍ ‘ထိုအရပ်၌ အစာကို မစားရ၊ ရေကိုလည်း မသောက်ရ။ လာသောလမ်းအတိုင်းလည်း မပြန်ရ’ဟု ငါ့အား မိန့်မှာထားပြီ”ဟု ပြန်ပြော၏။
13:18 ပရောဖက်က “ငါသည်လည်း သင်ကဲ့သို့ ပရောဖက်တစ်ပါးပင်ဖြစ်ပါ၏။ ‘သူ့ကို သင့်အိမ်သို့ ပြန်ခေါ်သွားပါ။ အစာလည်း ကျွေးပါ၊ ရေလည်း တိုက်ပါ’ဟူသည့် ထာဝရဘုရား၏စကားတော်ကို ကောင်းကင်တမန်တစ်ပါးက ငါ့အား မိန့်တော်မူပြီ”ဟု လိမ်ညာပြောဆိုလေ၏။
13:19 ထို့ကြောင့် ဘုရားသခင်၏လူက ပရောဖက်နောက်သို့ပြန်လိုက်လာပြီး သူ့အိမ်တွင် အစားအစာကိုစား၍ ရေလည်း သောက်လေ၏။
13:20 စားပွဲတွင် သူတို့ထိုင်၍စားနေစဉ် ဘုရားသခင်၏လူကိုပြန်ခေါ်လာသောပရောဖက်ထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာ၍
13:21 သူသည် ယုဒပြည်မှလာသောဘုရားသခင်၏လူအား “ထာဝရဘုရားက ‘သင်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဖီဆန်ပြီ။ သင်၏ဘုရားသခင်ထာဝရဘုရား မိန့်မှာသောစကားတော်ကို မလိုက်နာဘဲ
13:22 “အစာလည်း မစားရ၊ ရေလည်း မသောက်ရ”ဟု သင့်အား ငါမှာထားသောနေရာသို့ ပြန်သွားပြီး စားသောက်လေပြီ။ ထို့ကြောင့် သင့်အလောင်းသည် သင့်ဘိုးဘေးတို့၏သင်္ချိုင်းသို့ ရောက်ရမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
13:23 အစာရေစာ စားသောက်ပြီးသောအခါ သူ့အားပြန်ခေါ်လာသောပရောဖက်က သူ့အတွက် မြည်းကိုကုန်းနှီးတင်ပေးပြီး
13:24 သူပြန်သွားရာ လမ်းတွင် ခြင်္သေ့နှင့်တိုး၍ သူ့ကိုကိုက်သတ်သဖြင့် သူ၏အလောင်းသည် လမ်းပေါ်တွင်လဲနေ၏။ အလောင်းဘေးတွင် မြည်းနှင့်ခြင်္သေ့တို့ ရပ်နေကြ၏။
13:25 ထိုနေရာသို့ ဖြတ်သန်းသွားလာသူတို့သည် လမ်းပေါ်တွင်လဲနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသောခြင်္သေ့ကိုမြင်လျှင် အသက်ကြီးသောပရောဖက်နေထိုင်ရာမြို့သို့သွား၍ ပြောပြကြ၏။
13:26 လမ်းခုလတ်မှ သူ့အားပြန်ခေါ်လာခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားသောအခါ “ဤသူသည် ထာဝရဘုရား၏စကားတော်ကို ဖီဆန်သော ဘုရားသခင်၏လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ခြင်္သေ့ကိုအခွင့်ပေးသဖြင့် သူ့ကို ခြင်္သေ့ကိုက်ဖြတ်သတ်ပစ်လေပြီ။ သူ့ကို ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖြစ်လေပြီတကား”ဟု ဆို၍
13:27 သူ့သားတို့အား “ငါ့အတွက် မြည်းကိုကုန်းနှီးတင်ပေးကြပါ”ဟု ဆိုသဖြင့် သူတို့ကလည်း ကုန်းနှီးတင်ပေးကြ၏။
13:28 သူသည်လည်း ထွက်သွား၍ လမ်းပေါ်တွင် လဲကျနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသော မြည်းနှင့်ခြင်္သေ့ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်ပေ။
13:29 ပရောဖက်သည် ဘုရားသခင့်လူ၏အလောင်းကိုမ၍ မြည်းပေါ်ပွေ့တင်ပြီး ပြန်သယ်လာ၏။ အသက်ကြီးသောပရောဖက်သည် သူနေထိုင်ရာမြို့သို့ပြန်လာပြီး သူ့အတွက် ငိုကြွေးမြည်တမ်းခြင်းကိုပြုလျက် သူ့ကိုသင်္ဂြိုဟ်လေ၏။
13:30 အလောင်းကို မိမိသင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီး “အလို၊ ငါ့ညီ ဖြစ်ရလေခြင်း”ဟု ငိုကြွေးမြည်တမ်းလေ၏။
13:31 ပရောဖက်သည် ဘုရားသခင်၏လူကို သင်္ဂြိုဟ်ပြီးနောက် မိမိသားတို့အား “ငါသေလျှင် ဘုရားသခင်၏လူကိုသင်္ဂြိုဟ်သောသင်္ချိုင်းတွင် ငါ့ကိုသင်္ဂြိုဟ်ပါ။ ငါ့အရိုးကို သူ့အရိုးဘေးတွင်ထားပါ။
13:32 ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
13:33 ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
13:34 ဤသို့ပြုမူခြင်းများသည် ယေရောဗောင်မင်းမျိုးမင်းနွယ်အတွက် အပြစ်ဖြစ်လာပြီး သူတို့ကို မြေမျက်နှာပြင်ပေါ်မှဖျက်ဆီးသုတ်သင်ပစ်ရမည့်အခြေသို့ ဆိုက်လေ၏။