1 Kings 15
15:1 နေဗတ်၏သားယေရောဗောင်မင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် ယုဒပြည်၌ အဘိယံ နန်းတက်၍
15:2 ဂျေရုဆလင်မြို့တွင် သုံးနှစ်စိုးစံ၏။ မယ်တော်ကား အဗရှလုံ၏သမီး မာခါအမည်ရှိ၏။
15:3 အဘိယံမင်းကြီးသည် သူ့အရင်ခမည်းတော်လျှောက်ခဲ့သည့်အပြစ်လမ်းအတိုင်း လိုက်လျှောက်၏။ သူ၏ဘေးတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားခြင်းမရှိ။
15:4 သို့သော် သူ၏ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ ဂျေရုဆလင်မြို့တွင် ဒါဝိဒ်မင်းကြီး၏မီးခွက်ဆက်လက်လင်းနေစေရန် သူ၏သားတော်အား သူ၏အရိုက်အရာကိုဆက်ခံစေသည့်အပြင် ဂျေရုဆလင်မြို့ကိုလည်း တည်မြဲစေခဲ့၏။
15:5 ဒါဝိဒ်မင်းကြီးသည် သူအသက်ရှင်သမျှကာလပတ်လုံး ဟိတ္တိလူမျိုး ဥရိယအမှုမှလွဲ၍ မိန့်မှာတော်မူသမျှတို့ကို တစ်စုံတစ်ရာမျှမလွဲဘဲ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်မှန်ကန်စွာ ပြုကျင့်ခဲ့၏။
15:6 ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
15:7 ကျန်ရှိနေသောအဘိယံ မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ အဘိယံမင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည်လည်း အချင်းချင်းစစ်တိုက်ကြ၏။
15:8 အဘိယံ မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာသသည် သူ့အရိုက်အရာကို ဆက်ခံ၏။
15:9 အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးနန်းစံ အနှစ်နှစ်ဆယ်တွင် ယုဒဘုရင်အာသမင်းကြီး နန်းတက်၍
15:10 ဂျေရုဆလင်မြို့တွင် လေးဆယ့်တစ်နှစ် စိုးစံ၏။ အဘွားတော်ကား အဗရှလုံ၏သမီး မာခါအမည်ရှိ၏။
15:11 အာသမင်းကြီးသည် သူ၏အဘီတော်ဒါဝိဒ်မင်းကြီးကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မှန်စွာ ပြုကျင့်၏။
15:12 သူသည် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကိုလည်း တိုင်းပြည်မှနှင်ထုတ်ပစ်၏။ ဘိုးဘေးတို့ပြုလုပ်ထားသောရုပ်တုရှိသမျှတို့ကိုလည်း ဖယ်ရှားပစ်ခဲ့၏။
15:13 အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
15:14 အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း မိမိအသက်ရှင်သမျှကာလပတ်လုံး အာသမင်းကြီး၏စိတ်နှလုံးသည် ထာဝရဘုရားကို အကြွင်းမဲ့ကိုးစား၏။
15:15 သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာ၏။
15:16 အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
15:17 အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။
15:18 ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
15:19 “သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို လက်ဆောင်အဖြစ်ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။
15:20 ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်နေသရက်နယ်တစ်နယ်လုံးနှင့် နဿလိနယ်တစ်နယ်လုံးကို သွားရောက်တိုက်ခိုက်စေ၏။
15:21 ထိုသတင်းကို ဗာရှာမင်းကြီးကြားလျှင် ရာမမြို့ကို မတည်ဆောက်တော့ဘဲ တိရဇာမြို့တွင် စံနေလေ၏။
15:22 အာသမင်းကြီးသည်လည်း ရာမမြို့ကို ဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ပြည်သူပြည်သားတစ်ယောက်မကျန် သယ်ဆောင်ရမည်ဟု ယုဒပြည်တစ်ပြည်လုံးသို့ အမိန့်ထုတ်ပြန်၏။ ထို့နောက် အာသမင်းကြီးသည် ထိုပစ္စည်းများဖြင့် ဗင်္ယာမိန်နယ်တွင် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
15:23 ကျန်ရှိနေသော အာသမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ သူပြုခဲ့သမျှသောအရာများ၊ တည်ဆောက်ခဲ့သောမြို့များအကြောင်း စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။ သူသည် အိုမင်းချိန်ရောက်သောအခါ ခြေထောက်တွင် အနာဖြစ်၏။
15:24 နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
15:25 ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်နှစ်တွင် အစ္စရေးပြည်၌ ယေရောဗောင်မင်းကြီး၏သားတော် နာဒပ်သည် နန်းတက်ပြီး အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
15:26 သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုပြီး ခမည်းတော်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်လျက် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
15:27 ဣသခါအမျိုးအနွယ် အဟိယ၏သားဗာရှာသည် နာဒပ်မင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်၏။ နာဒပ်မင်းကြီးနှင့် အစ္စရေးတပ်သားအပေါင်းတို့ ဂိဗ္ဗသုန်မြို့ကိုဝိုင်းထားစဉ် ဗာရှာသည် နာဒပ်မင်းကြီးကို ဖိလိတ္တိပြည်၊ ဂိဗ္ဗသုန်မြို့တွင်ပင် သတ်လိုက်လေ၏။
15:28 ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးနှစ်တွင် ဗာရှာသည် နာဒပ်မင်းကြီးကိုသတ်ပြီး သူ့အရိုက်အရာကို ဆက်ခံလေ၏။
15:29 ဗာရှာနန်းတက်သောအခါ ယေရောဗောင်မင်းမျိုးမင်းနွယ်ကို သတ်ပစ်လေ၏။ ထာဝရဘုရား၏အစေအပါး ရှိလောမြို့သားအဟိယအားဖြင့် မိန့်မှာတော်မူခဲ့သည့်စကားအတိုင်း ယေရောဗောင်မင်းမျိုးမင်းနွယ်ကို တစ်ယောက်မျှအရှင်မထားဘဲ သုတ်သင်ပစ်၏။
15:30 အကြောင်းမူကား ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးကိုပါ လမ်းမှားစေ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခဲ့သောကြောင့်ဖြစ်၏။
15:31 ကျန်ရှိနေသော နာဒပ်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
15:32 အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
15:33 ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးနှစ်တွင် အဟိယ၏သားဗာရှာမင်းကြီးနန်းတက်ပြီး တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်လေးနှစ်အုပ်စိုး၏။
15:34 သူသည်လည်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကိုပြုပြီး ယေရောဗောင်မင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၍ အစ္စရေးလူမျိုးကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။