1 Kings 21
21:1 ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
21:2 အာဟပ်မင်းကြီးက နာဗုတ်အား “သင့်စပျစ်ခြံသည် ငါ့နန်းတော်နှင့်နီးသောကြောင့် ဟင်းသီးဟင်းရွက်ခြံပြုလုပ်လိုသဖြင့် ငါ့ကို ပေးပါလော့။ ထိုခြံအစား ပိုကောင်းသောစပျစ်ခြံကို ပေးမည်။ သို့မဟုတ် တန်ဖိုးငွေကို သင်အလိုရှိလျှင် ငါပေးမည်”ဟု မိန့်ဆိုလျှင်
21:3 နာဗုတ်က အာဟပ်မင်းကြီးအား “ဤမြေသည် ဘိုးဘေးတို့ထံမှရထားသောအမွေမြေဖြစ်၏။ ထာဝရဘုရားတားမြစ်ထားသည်ဖြစ်၍ အရှင်မင်းကြီးအား ပေး၍မရပါ”ဟု ပြန်လျှောက်၏။
21:4 ထိုသို့ “ဘိုးဘေးတို့၏အမွေမြေကို အရှင်မင်းကြီးအား မပေးနိုင်ပါ”ဟု ယေဇရေလမြို့သားနာဗုတ်ဆိုသောစကားကြောင့် အာဟပ်မင်းကြီးသည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် နန်းတော်သို့ပြန်သွားကာ အစာလည်းမစား သလွန်တော်ပေါ်တွင် တစ်ဖက်သို့လှည့်၍ လှဲနေလေ၏။
21:5 ထိုအခါ မိဖုရားယေဇဗေလသည် သူ့ထံသို့ဝင်လာပြီး “အရှင်သည် အစားအစာမစားဘဲ စိတ်မကျေမနပ်ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း”ဟု မေးလျှင်
21:6 မင်းကြီးက “ငါသည် ယေဇရေလမြို့သားနာဗုတ်အား ‘သင့်စပျစ်ခြံကို ငါ့အား ငွေနှင့်ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် ထိုခြံအစား စပျစ်ခြံတစ်ခုကိုပေးပါမည်’ဟု ဆိုသည်ကို သူက ‘အကျွန်ုပ်စပျစ်ခြံကို အရှင်မင်းကြီးအား မပေးနိုင်ပါ’ဟု ဆိုပြီ”ဟု ပြန်ဖြေ၏။
21:7 ထိုအခါ မိဖုရားယေဇဗေလက “မင်းကြီးသည် ယခု အစ္စရေးဘုရင်ဖြစ်သည်မဟုတ်လော။ ထ၍ အစာကိုစားတော်မူပါ။ စိတ်ကိုရွှင်လန်းအောင် ထားပါ။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို မင်းကြီးအား အကျွန်ုပ်ကိုယ်တိုင် ဆက်သပါမည်”ဟု လျှောက်ဆိုလေ၏။
21:8 ထို့နောက် သူသည် အာဟပ်မင်းကြီးအမည်ဖြင့် စာရေးပြီး ရှင်ဘုရင်တံဆိပ်တော်ခတ်နှိပ်ကာ နာဗုတ်နေထိုင်ရာမြို့ရှိ သက်ကြီးဝါကြီးများ၊ မှူးမတ်များထံသို့ ထိုစာကို ပေးပို့လိုက်၏။
21:9 ထိုစာထဲတွင် “အစာရှောင်ရာနေ့ကို ကြေညာ၍ ထိုနေ့တွင် နာဗုတ်ကို လူတို့ရှေ့တွင် ထိုင်စေလော့။
21:10 သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
21:11 ထိုမြို့တွင်နေထိုင်သော မြို့သားသက်ကြီးဝါကြီးများနှင့် မှူးမတ်များလည်း သူတို့ထံသို့ပေးပို့သောစာ၌ရေးသားထားသည့် ယေဇဗေလညွှန်ကြားချက်အတိုင်း ပြုကြ၏။
21:12 သူတို့သည် အစာရှောင်ရာနေ့ကိုကြေညာ၍ နာဗုတ်ကို လူတို့ရှေ့တွင် ထိုင်စေကြ၏။
21:13 ထိုအခါ လူမိုက်နှစ်ဦးက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၍ “နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲပါပြီ”ဟု လူတို့ရှေ့တွင် သက်သေခံကြ၏။ ထို့နောက် သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီး ကျောက်ခဲနှင့်ပေါက်ကြသဖြင့် သူသေလေ၏။
21:14 ထို့နောက် ယေဇဗေလထံသို့ လူလွှတ်၍ “နာဗုတ်ကို ကျောက်ခဲနှင့်ပေါက်သတ်၍ သူသေပါပြီ”ဟု သတင်းပို့၏။
21:15 ထိုသို့ နာဗုတ်သည် ကျောက်ခဲနှင့်ပေါက်သတ်ခံရ၍ သေပြီဖြစ်ကြောင်းကို ယေဇဗေလကြားသိလျှင် အာဟပ်မင်းကြီးအား “နာဗုတ်အသက်မရှင်တော့ပါ။ သူသေပြီဖြစ်၍ သင် ငွေဖြင့်ဝယ်မည်ကို ရောင်းပေးရန်ငြင်းဆန်ခဲ့သော ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို ထ၍သိမ်းယူတော်မူပါ”ဟု လျှောက်တင်၏။
21:16 နာဗုတ်သေပြီဟု အာဟပ်မင်းကြီးကြားလျှင် ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် ထသွားလေ၏။
21:17 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် တိရှဘိမြို့သားဧလိယထံသို့ ရောက်လာ၍
21:18 “ထလော့။ ရှမာရိမြို့ရှိ အစ္စရေးဘုရင်အာဟပ်မင်းကြီးကို သွားတွေ့လော့။ သူသည် နာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် သွားလေပြီ။
21:19 သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
21:20 ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
21:21 ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယခု ငါသည် သင့်အပေါ် ဘေးဆိုးကျရောက်စေမည်။ သင့်ကို ငါသုတ်သင်ပယ်ရှင်းမည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားအားလုံးကို ငါပယ်ရှင်းမည်။
21:22 သင်သည် ငါ့ကို အမျက်ထွက်စေသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောကြောင့် သင့်အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်နှင့် အဟိယ၏သားဗာရှာ၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်’ဟု မိန့်တော်မူပြီ။
21:23 ယေဇဗေလနှင့်ပတ်သက်၍လည်း ထာဝရဘုရားက ‘ယေဇရေလမြို့ရိုးနားတွင် ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်’ဟု မိန့်တော်မူပြီ။
21:24 အာဟပ်မင်းကြီး၏အမျိုးတို့သည် မြို့ထဲ၌သေလျှင် ခွေးတို့စားကြလိမ့်မည်။ မြို့ပြင်၌သေလျှင် မိုးကောင်းကင်ငှက်တို့ စားကြလိမ့်မည်”ဟု ဆို၏။
21:25 အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
21:26 သူသည် အစ္စရေးအမျိုးသားတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိလူမျိုးတို့ပြုခဲ့သည့်အတိုင်း ရုပ်တုများနောက်သို့လိုက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလေ၏။
21:27 အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
21:28 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယထံသို့ရောက်လာ၍
21:29 “အာဟပ်မင်းကြီးသည် ငါ့ရှေ့တော်တွင် ကိုယ်ကိုအလွန်နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့ ငါ့ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချသောကြောင့် သူ့လက်ထက်တွင် ထိုဘေးဆိုးနှင့်မကြုံတွေ့စေရ။ သူ့သားလက်ထက်မှ သူ့အမျိုးအနွယ်ကို ထိုဘေးဆိုးနှင့်ကြုံတွေ့စေမည်”ဟု မိန့်ဆို၏။