2 Kings 12
12:1 ယေဟုမင်းကြီးနန်းတက်ပြီး ခုနစ်နှစ်အကြာတွင် ယဟောရှ နန်းတက်၍ ဂျေရုဆလင်မြို့တွင် အနှစ်လေးဆယ် စိုးစံ၏။ မယ်တော်ကား ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
12:2 ယဟောရှ မင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒသွန်သင်သည့်ကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
12:3 သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသဖြင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့တွင် ယဇ်ပူဇော်ခြင်း၊ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းတို့ကို ပြုကြ၏။
12:4 ယဟောရှ မင်းကြီးက ယဇ်ပုရောဟိတ်တို့အား “စာရင်းဝင်သူတိုင်းပေးရမည့်အလှူငွေ၊ လူတစ်ဦးစီ၏တန်ဖိုးဖြတ်ငွေ၊ စေတနာအလျောက် ထာဝရဘုရား၏အိမ်တော်သို့ လာရောက်လှူဒါန်းသည့်ငွေစသည့် ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသည့်သန့်ရှင်းသောအလှူငွေအားလုံးကို
12:5 ယဇ်ပုရောဟိတ်တို့သည် ကိုယ်နှင့်ရင်းနှီးသူများထံမှ လက်ခံယူပြီး အိမ်တော်ပျက်စီးသည်ကိုတွေ့လျှင် ထိုအပျက်အစီးများကို ပြုပြင်စေ”ဟု မိန့်ဆို၏။
12:6 သို့သော် ယဇ်ပုရောဟိတ်တို့သည် ယဟောရှ မင်းကြီးနန်းစံ နှစ်ဆယ့်သုံးနှစ်တိုင်အောင် အိမ်တော်အပျက်အစီးများကို မပြုပြင်ကြ။
12:7 ထို့ကြောင့် ယဟောရှ မင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒနှင့် အခြားယဇ်ပုရောဟိတ်တို့ကို ဆင့်ခေါ်၍ “အိမ်တော်အပျက်အစီးများကို အဘယ်ကြောင့် မပြုပြင်ကြသနည်း။ ယခု ကိုယ်နှင့်ရင်းနှီးသူတို့ထံမှ ငွေကိုမယူဘဲ အိမ်တော်အပျက်အစီးကိုပြုပြင်ရန်အတွက် ကိုယ့်ငွေကို ပေးအပ်ကြလော့”ဟု မိန့်ဆို၏။
12:8 ယဇ်ပုရောဟိတ်တို့ကလည်း လူတို့ထံမှငွေကို နောက်ထပ်မကောက်ယူပါ၊ အိမ်တော်အပျက်အစီးများကို မပြုပြင်ပါဟု သဘောတူကြ၏။
12:9 ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် သေတ္တာတစ်လုံးကို ယူ၍ အဖုံးတွင်အပေါက်ဖောက်ထားပြီး ထာဝရဘုရားအိမ်တော်သို့ဝင်ရာလမ်း၏ညာဘက် ယဇ်ပလ္လင်အနားတွင် ထား၏။ တံခါးစောင့်ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသောငွေအားလုံးကို ထိုသေတ္တာထဲသို့ ထည့်ကြ၏။
12:10 ထိုသေတ္တာထဲတွင် ငွေအမြောက်အမြားရှိလာသည်ကို မြင်လျှင် ဘုရင့်စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းတို့သည် လာ၍ ထာဝရဘုရား၏အိမ်တော်၌ရှိသောငွေများကို အိတ်ထဲထည့်ပြီး ရေတွက်လေ၏။
12:11 ထို့နောက် ရေတွက်ပြီးသောထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အဖို့ ခန့်ထားသောအလုပ်ကြီးကြပ်သူတို့လက်သို့ အပ်၏။ အလုပ်ကြီးကြပ်သူတို့လည်း ထိုငွေကို ထာဝရဘုရား၏အိမ်တော်တွင် အလုပ်လုပ်သော လက်သမားများ၊ ဆောက်လုပ်ရေးသမားများ၊
12:12 ပန်းရန်သမားများ၊ ကျောက်ဆစ်သမားများကို ပေး၏။ ထာဝရဘုရား၏အိမ်တော်အပျက်အစီးများကို ပြုပြင်ရာ၌လိုအပ်သော ဆစ်ပြီးသားကျောက်များ၊ သစ်သားများကို ထိုငွေဖြင့် ဝယ်ယူ၏။ အိမ်တော်ပြုပြင်ရာတွင် အခြားကုန်ကျစရိတ်အားလုံးအတွက် အသုံးပြု၏။
12:13 သို့သော် ထာဝရဘုရား၏အိမ်တော်အတွက် ငွေဇလုံများ၊ မီးညှပ်များ၊ အင်တုံများ၊ တံပိုးခရာများ၊ ရွှေထည်ငွေထည်ပစ္စည်းများ စသည်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေများဖြင့် မပြုလုပ်ပေ။
12:14 ထိုငွေများသည် အလုပ်လုပ်သူများကို ပေးရန်နှင့် ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ဖို့ရန်အတွက်သာ ဖြစ်၏။
12:15 အလုပ်လုပ်သူတို့ကို ပေးရန် ငွေလက်ခံယူသောသူတို့သည် သစ္စာရှိစွာလုပ်ဆောင်ကြသောကြောင့် စာရင်းရေးမှတ်ပြုစုရန်မလိုပေ။
12:16 အပြစ်ဒဏ်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်တို့မှရသောငွေများမှာ ယဇ်ပုရောဟိတ်တို့အတွက်သာဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ မသွင်းကြ။
12:17 ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
12:18 ထိုအခါ ယုဒဘုရင်ယဟောရှ မင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
12:19 ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
12:20 ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။
12:21 သူ၏အမှုထမ်းများဖြစ်သော ရှိမတ်၏သားယောဇကာနှင့် ရှောမာ၏သားယဟောဇဗဒ်တို့ကပင် သူ့ကိုလုပ်ကြံလိုက်ခြင်းဖြစ်၏။ သူသည် အနိစ္စရောက်၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။