1 Chronicles 10
10:1 တစ်ချိန်တွင် ဖိလိတ္တိလူမျိုးတို့နှင့် အစ္စရေးလူမျိုးတို့ တိုက်ခိုက်ကြရာ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးကြရပြီး ဂိလဗောတောင်ပေါ်တွင် လဲကျသေဆုံးကြရ၏။
10:2 ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးနှင့် သူ့သားတို့နောက်သို့ ထက်ကြပ်မကွာလိုက်၍ ရှောလုမင်းကြီး၏သားများဖြစ်သော ယောနသန်၊ အဘိနဒပ်နှင့် မေလခိရွှတို့ကို ကွပ်မျက်လိုက်လေ၏။
10:3 ရှောလုမင်းကြီးသည်လည်း အပြင်းအထန်တိုက်ခိုက်ခံရပြီး လေးသည်တော်တို့နှင့်တိုးမိ၍ လေးသည်တော်တို့လက်ချက်ဖြင့် ဒဏ်ရာရသွား၏။
10:4 ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
10:5 ရှောလုမင်းကြီး အနိစ္စရောက်သွားသည်ကိုမြင်လျှင် သူ၏လက်နက်ကိုင်လုလင်လည်း သူ့ဓားပေါ်လှဲချပြီး ရှောလုနှင့်အတူ သေလေ၏။
10:6 ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်အပါအဝင် သူ၏မိသားစုဝင်အပေါင်းတို့သည် အတူသေကြရလေ၏။
10:7 အစ္စရေးအမျိုးသားများထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များ ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်၌နေသော အစ္စရေးအမျိုးသားအပေါင်းတို့ သိမြင်လျှင် သူတို့လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။
10:8 နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကိုချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။
10:9 သူတို့သည် ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာကို ချွတ်ပြီး ဦးခေါင်းနှင့်တကွ စစ်ဝတ်တန်ဆာများကို ယူသွားကြ၏။ ထို့နောက် ဖိလိတ္တိပြည်တစ်ပြည်လုံးသို့ လူလွှတ်၍ သူတို့၏ရုပ်တုများနှင့် ပြည်သူပြည်သားများထံ၌ ထိုသတင်းကောင်းကိုကြေညာစေ၏။
10:10 ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာများကို သူတို့၏ဘုရားဝတ်ကျောင်းတွင်ထားပြီး ဦးခေါင်းကိုမူ ဒါဂုန်ဝတ်ကျောင်းတွင် ချိတ်ဆွဲထားကြ၏။
10:11 ရှောလုမင်းကြီးအပေါ် ဖိလိတ္တိလူမျိုးတို့ပြုခဲ့သမျှကို ယာဗက်ဂိလဒ်မြို့သားအပေါင်းတို့ ကြားသိသောအခါ
10:12 စစ်သူရဲတစ်ယောက်မကျန်ထ၍ ရှောလုမင်းကြီးအလောင်းနှင့် သူ့သားတို့၏အလောင်းများကိုသွားယူပြီး ယာဗက်မြို့သို့ယူဆောင်လာကာ အရိုးများကို ယာဗက်မြို့ရှိ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ပြီးနောက် ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။
10:13 ရှောလုမင်းကြီးသည် ထာဝရဘုရားအပေါ် သစ္စာမစောင့်၊ ထာဝရဘုရား၏စကားတော်ကို မနာခံ၊ နတ်ဝင်သည်ထံ မေးမြန်းတိုင်ပင်၍
10:14 ထာဝရဘုရားထံ မမေးလျှောက်သောကြောင့် ထာဝရဘုရားသည် သူ့ကိုကွပ်မျက်လိုက်သဖြင့် သူအနိစ္စရောက်လေ၏။ နိုင်ငံတော်ကိုလည်း ယေရှဲ၏သားဒါဝိဒ်လက်သို့ လွှဲအပ်တော်မူ၏။