1 Chronicles 16
16:1 သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာပြီး ဒါဝိဒ်မင်းကြီး စိုက်ထူထားသောတဲတော်အတွင်းတွင် ချထား၍ ထာဝရဘုရားရှေ့တော်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြလေ၏။
16:2 ထိုသို့ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးသောအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏နာမတော်၌ လူတို့ကို ကောင်းချီးပေးလေ၏။
16:3 ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။
16:4 ထို့ပြင် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် အမှုတော်ထမ်းဆောင်ရန် လေဝိလူမျိုးအချို့ကို ခန့်ထား၏။ သူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းအသနားခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ပြုပေးရ၏။
16:5 ခေါင်းဆောင်မှာ အာသပ် ဖြစ်၍ သူ၏လက်ထောက်ဇာခရိဖြစ်၏။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေယေလ တို့သည် စောင်းပြား၊ စောင်းကောက်စသောတူရိယာတို့ကို တီးခတ်ရ၏။ အာသပ်ကား လင်းကွင်းကို တီးရ၏။
16:6 ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလတို့သည် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် တံပိုးခရာကိုပုံမှန်မှုတ်ရ၏။
16:7 ထိုနေ့တွင် ဒါဝိဒ်မင်းကြီးသည် အာသပ်နှင့်သူ၏ဆွေမျိုးသားချင်းတို့အား ထာဝရဘုရားထံချီးမွမ်းသီချင်းကိုသီဆိုရန် အဦးဆုံးအကြိမ် တာဝန်ပေးအပ်၏။
16:8 ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
16:9 ကိုယ်တော်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားကြလော့။
16:10 ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံး၌ ဝမ်းမြောက်ခြင်း ရှိကြပါစေ။
16:11 ထာဝရဘုရားနှင့် ထာဝရဘုရား၏တန်ခိုးတော်ကို စူးစမ်းကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
16:12 ပြုတော်မူသောအံ့ဖွယ်အမှုများ၊ ပြတော်မူသောနိမိတ်လက္ခဏာများ၊ နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်များကို အောက်မေ့ကြလော့။
16:13 အို ကိုယ်တော်၏အစေအပါး အစ္စရေး၏သားစဉ်မြေးဆက်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်သားမြေးတို့၊
16:14 ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။
16:15 ကိုယ်တော်၏ပဋိညာဉ်တော်ကို အစဉ်သတိရကြလော့။ မိန့်တော်မူထားသောစကားတော်ကို မျိုးဆက်ပေါင်းတစ်ထောင်တိုင်အောင် သတိရကြလော့။
16:16 ဤသည်ကား အာဗြဟံနှင့် ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်၌ထားခဲ့သောကတိတော် ဖြစ်၏။
16:17 ထိုကတိတော်ကို ယာကုပ်အဖို့ ပြဋ္ဌာန်းချက်အဖြစ်၊ အစ္စရေးအဖို့ ထာဝရပဋိညာဉ်အဖြစ် တည်စေတော်မူပြီး
16:18 “ခါနာန်ပြည်ကို သင်တို့အား အမွေဝေစုအဖြစ် ငါပေးမည်”ဟု မိန့်တော်မူခဲ့၏။
16:19 ထိုစဉ်က သင်တို့သည် အမှန်တကယ် လူနည်းစုသာဖြစ်ပြီး ထိုပြည်၌ ဧည့်သည်အဖြစ်တည်းခိုနေထိုင်ခဲ့ရ၏။
16:20 သူတို့သည် လူမျိုးတစ်မျိုးမှတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို့ လှည့်လည်သွားလာခဲ့ကြရ၏။
16:21 သူတို့ကို နှိပ်စက်ဖို့ မည်သူကိုမျှအခွင့်ပေးတော်မမူ။ သူတို့အတွက် ရှင်ဘုရင်တို့ကို ဆုံးမတော်မူပြီး
16:22 “ငါဘိသိက်ပေးသောသူတို့ကို မထိကြနှင့်။ ငါ့ပရောဖက်တို့ကို ဘေးမပြုကြနှင့်”ဟု မိန့်တော်မူ၏။
16:23 မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကယ်တင်ခြင်းအကြောင်းကို နေ့ရက်အစဉ်ဟောပြောကြလော့။
16:24 ဘုန်းအသရေတော်အကြောင်းကို လူမျိုးခြားတို့အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို လူမျိုးအပေါင်းတို့အားလည်းကောင်း ပြောကြားကြလော့။
16:25 အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။
16:26 အကယ်စင်စစ် လူမျိုးတို့၏ဘုရားရှိသမျှတို့သည် ရုပ်တုမျှသာ ဖြစ်၏။ ထာဝရဘုရားမူကား ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
16:27 ရှေ့တော်တွင် ဘုန်းကျက်သရေနှင့် ခန့်ညားထည်ဝါမှုတို့ ရှိပါ၏။ ကိန်းဝပ်တော်မူရာအရပ်တွင် အစွမ်းတန်ခိုးနှင့် ဝမ်းမြောက်ခြင်းတို့ရှိပါ၏။
16:28 လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကို သိမှတ်ဝန်ခံကြလော့။ ထာဝရဘုရား၌ ဘုန်းအသရေ၊ အစွမ်းတန်ခိုးရှိကြောင်းကို သိမှတ်ဝန်ခံကြလော့။
16:29 ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
16:30 မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် ခိုင်မြဲစွာတည်ထားတော်မူပြီ။
16:31 မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ လူမျိုးခြားတို့အလယ်တွင် “ထာဝရဘုရား စိုးစံတော်မူ၏”ဟု ကြွေးကြော်ကြစေ။
16:32 ပင်လယ်နှင့် ပင်လယ်ပြင်ရှိအရာအားလုံးတို့လည်း မြည်ဟည်းကြစေ။ လယ်ပြင်နှင့် လယ်ပြင်ရှိအရာအားလုံးတို့လည်း ရွှင်မြူးကြစေ။
16:33 ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို တရားစီရင်ရန် ကြွလာတော်မူမည်ဖြစ်၍ တောသစ်ပင်တို့သည် ရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။
16:34 ထာဝရဘုရားသည် ကောင်းမြတ်တော်မူပြီး မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
16:35 “အကျွန်ုပ်တို့၏ကယ်တင်ရှင်၊ အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်း၍ ဂုဏ်ကျေးဇူးတော်ကို ထောမနာပြုနိုင်ရန် လူမျိုးတကာတို့ထံမှ အကျွန်ုပ်တို့ကို စုစည်း၍ကယ်နုတ်တော်မူပါ”ဟု တောင်းလျှောက်ကြလော့။
16:36 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော ဟုသီဆိုကြ၍ လူအပေါင်းတို့က “အာမင်”ဟုဆိုလျက် ထာဝရဘုရားကို ချီးမွမ်းကြ၏။
16:37 ထို့နောက် သေတ္တာတော်ရှေ့တွင် ထမ်းဆောင်ရမည့်အမှုတော်များကို နေ့စဉ်ပုံမှန်ထမ်းဆောင်နိုင်ရန် ဒါဝိဒ်မင်းကြီးသည် အာသပ်နှင့်သူ၏ဆွေမျိုးသားချင်းတို့ကို ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် နေရာချထားပေးလေ၏။
16:38 ဩဗဒေဒုံနှင့်သူ၏ဆွေမျိုးသားချင်းခြောက်ဆယ့်ရှစ်ယောက်လည်း ပါ၏။ ယေဒုသုန်၏သား ဩဗဒေဒုံနှင့် ဟောသတို့ကို တံခါးစောင့်အဖြစ် ချထား၏။
16:39 ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ဆွေမျိုးသားချင်းယဇ်ပုရောဟိတ်တို့ကို ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ထာဝရဘုရား၏တဲတော်ရှေ့တွင် နေရာချထား၏။
16:40 သူတို့သည် အစ္စရေးလူမျိုးတို့အား ထာဝရဘုရားပေးအပ်တော်မူသောပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား နံနက်တစ်ကြိမ်၊ နေဝင်ချိန်တစ်ကြိမ် ပုံမှန်ယဇ်ပူဇော်ရ၏။
16:41 သူတို့နှင့်အတူ ဟေမန်နှင့်ယေဒုသုန်တို့လည်း ပါရှိ၏။ ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကျန်နာမည်နှင့်တကွ စာရင်းဝင်ရွေးချယ်ခံရသောသူတို့သည် ထာဝရဘုရားကို ချီးမွမ်းထောမနာပြုရသောသူများဖြစ်ကြ၏။
16:42 ဟေမန်နှင့်ယေဒုသုန်တို့သည် တံပိုးခရာ၊ လင်းကွင်းတို့မှစ၍ ဘုရားသခင်ထံ သီဆိုချီးမွမ်းရန် တူရိယာများကို တီးမှုတ်ရ၏။ ယေဒုသုန်၏သားများမှာ တံခါးကို စောင့်ကြပ်ရ၏။
16:43 ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း မိမိအိမ်သူအိမ်သားတို့ကို ကောင်းချီးပေးရန် ပြန်သွားလေ၏။